ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ပြီးခဲ့တဲ့ စနေနေ့က လူ ၇ ဦး သေဆုံးပြီး ၅၀နီးပါး ဒဏ်ရာရရှိခဲ့ရတဲ့ အထိ တိုက်ခိုက်ခဲ့သူ ၃ ဦးဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ရဲက သိရှိထားပြီလို့ ၀န်ကြီးချုပ် Theresa May က ဒီကနေ့ ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ အတွင်း သင့်တော်တဲ့ အချိန်မှာ တိုက်ခိုက်သူတွေရဲ့ နာမည်တွေကို ထုတ်ပြောမှာဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး လူ ၁၁ ဦးကို ရဲက ဖမ်းထားတယ်လို့ ၀န်ကြီးချုပ် May က ပြောပါတယ်။
တချိန်တည်းမှာဘဲ တိုက်ခိုက်ခံခဲ့ရသူတွေ ဘယ်သူတွေ ဖြစ်သလဲ ဆိုတာသိရဖို့ ရဲက ဆောင်ရွက်နေပြီး အခုအချိန်ထိတော့ နိုင်ငံပေါင်းစုံက လူတွေ ပါဝင်တယ်ဆိုတာဘဲ သိထားရသေးတယ်လို့ ဗြိတိန် ခေါင်းဆောင်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုက လန်ဒန်နဲ့ ဗြိတိန်နိုင်ငံကို တိုက်ခိုက်မှုဖြစ်သလို လွတ်လပ်တဲ့ ကမ္ဘာကြီးကို တိုက်ခိုက်တာလည်း ဖြစ်တယ်လို့ ထပ်လောင်း ပြောပါတယ်။
စနေနေ့ည တိုက်ခိုက်ခံရမှုနဲ့ ဆက်နွှယ်ပြီး ဒီကနေ့ တနလာင်္နေ့မှာလည်း ဗြိတိန်ရဲက ရှာဖွေ ဖမ်းဆီးမှုတွေ ဆက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ညနေပိုင်းမှာ လန်ဒန်တံတားပေါ်က လူတွေကြား အရှိန်နဲ့ ၀င်တိုက်ခဲ့တဲ့ ဗင်ကားက အနီးက ဈေးဘက်ကို ဆက်မောင်းခဲ့ပြီး ကားပေါ်ကနေ ဆင်းလာတဲ့ တိုက်ခိုက်သူ သုံးဦးက လူတွေကို ဓားနဲ့ လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ သူတို့ သုံးဦးကိုတော့ ရဲက ပစ်သတ်ခဲ့တာပါ။
တိုက်ခိုက်ခဲ့သူတွေကို ကူညီပေးခဲ့သူတွေ ရှိမရှိနဲ့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို အတတ်နိုင်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း လန်ဒန် ရဲမှူးက ပြောပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကတော့ တိုက်ခိုက်မှုကို သူတို့ လုပ်တာပါဆိုပြီး သူတို့ရဲ့ Amaq သတင်းဌာနကနေ တဆင့် ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ သုံးလတာ ကာလ အတွင်း ဗြိတိန် နိုင်ငံမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ခဲ့ရတာတွေက ဆိုးရွားလှတဲ့ အစွန်းရောက် အစ္စလာမ္မစ် အတွေးအခေါ်ကနေ ပေါ်ထွက်လာတာလို့ ဗြိတိန် ၀န်ကြီးချုပ် Theresa May က မနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။
VOA Burmese News

COMMENTS