ဓာတ်မြေသြဇာတွေ ဈေးနှုန်း အသင့်အတင့်နဲ့ ဖြန့်ဖြူးဖို့ တိုက်တွန်း



ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: Pyithu Hluttaw
နိုင်ငံပိုင်စက်ရုံတွေကနေ ထုတ်လုပ်တဲ့ ယူရီးယားဓာတ်မြေသြဇာတွေကို တောင်သူလယ်သမားတွေထံ သင့်တင့် မျှတတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မင်းဘူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း တင်သွင်းတဲ့ ပြည်တွင်းထုတ် ယူရီးယား ဓာတ်မြေသြဇာတွေကို တောင်သူလယ်သမားတွေဆီ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးအပြီးမှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အခုလိုပြောဆိုသွား တာပါ။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်ကလည်းသက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်တွေနဲ့ ဌာနဆိုင်ရာတွေက ဓာတ်မြေသြဇာ အမှန်တကယ်လိုအပ်ရင် ဦးစားပေး ရောင်းချပေး သွားမှာဖြစ်ကြောင်းနဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းတင်ထားသင့်ကြောင်း ပြန်လည်ဖြေဆို သွားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံး ဓာတ်မြေသြဇာလိုအပ်ချက်ဟာ နှစ်ဒသမ ခုနစ် သန်းခန့် ရှိကြောင်း၊ နိုင်ငံပိုင်စက်ရုံတွေက ဓာတ်မြေသြဇာတန်ချိန် တစ်သိန်းခြောက်သောင်းကျော်သာ ထုတ်လုပ်နိုင် တာကြောင့် ကျန်တဲ့ ၉၀ ရာခိုင် နှုန်းကျော်ကို ပြည်ပကတင်သွင်းနေရပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ ကနေ တောင်သူတွေက ဝယ်ယူ သုံးစွဲနေကြရကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာစက်ရုံ ၅ ရုံရှိပေမယ့် ၃ ရုံသာ လည်ပတ်နိုင်ကြောင်း၊ ထုတ်လုပ်မှုစရိတ်အနေနဲ့ ဓာတ်မြေသြဇာတစ်တန်ကို ကျပ်လေး သိန်းခန့်ရှိကြောင်းနဲ့ ပြန်ရောင်းတဲ့အခါမှာ တစ်တန်ကို နှစ်သိန်းရှစ်သောင်း ရှစ်ထောင်နှုန်းနဲ့ ရောင်းချပေးနေတဲ့အတွက် သင့်တင်တဲ့နှုန်းထားဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြော ပါတယ်။

မင်းဘူးမဲဆန္ဒယ်က ဦးဝင်းဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးကထောက်ခံ ဆွေးနွေးခဲ့ ကြပြီး ဝန်ကြီးဌာနကလည်း မှတ်တမ်းတင်ထားဖို့ ပြောဆိုတာကြောင့် အဆိုကို လွှတ်တော် က မှတ်တမ်းတင်စောင့် ကြည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.