ကြွက်ဝမ်းဖြူကောင်ရေ တစ်သောင်းခန့် ကျေးရွာအတွင်းဝင်ရောက် သီးပင်စားပင်များနှင့်သစ်ပင်များ ကိုက်ဖြတ်ဖျက်ဆီး


ဟိုင်းကြီးကျွန်း ဇွန် ၎

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင် ကျေးရွာ၌ ဇွန် ၂ ရက်မှ ၄ ရက်အတွင်းကြွက် ဝမ်းဖြူကောင်ရေ တစ်သောင်းခန့် ဝင်ရောက် လာပြီး သီးပင်စားပင်များနှင့် သစ်ပင်များကို ကိုက်ဖြတ်ဖျက်ဆီးနေကြောင်း သိရသည်။

ဇွန် ၂ ရက်တွင်ကြွက်များကို စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ကောင်ရေအနည်းငယ်သာရှိ သောကြောင့် ဒေသခံများက သတိမထားမိခဲ့ ကြောင်း၊ ဇွန် ၃ ရက် နံနက်ပိုင်းမှစတင်၍ ကျေးရွာ၏ ပင်လယ်ကမ်းခြေနှင့်နီးသော ငွေတောင်ရပ်ကွက်လူနေအိမ်များ၊ ခြံအတွင်း သစ်ပင်များတွင် ကြွက်များအစုလိုက် အပြုံလိုက် သွားလာလှုပ်ရှားနေမှုများကို တွေ့ရှိရာက ဒေသခံ များသတိပြုမိလာကြောင်း၊ ညနေပိုင်းမှစ၍ ရွာ၏နေရာအနှံ့အပြားတွင် ကြွက်များရောက်ရှိ လာပြီး သီးပင်စားပင်များကို ကိုက်ဖြတ်စား သောက်မှုများရှိလာသောကြောင့် ဒေသခံများက ဝိုင်းဝန်း၍လေးခွများ၊တုတ်များဖြင့် ပစ်ခတ်ရာ ဇွန် ၄ ရက် နံနက်ပိုင်းအထိကြွက်ကောင်ရေ တစ်ထောင်ခန့် သေဆုံးခဲ့ကြောင်း၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်နိုင်ကပြောသည်။


သေဆုံးကြွက်များကို ကျေးရွာကျန်းမာရေးဌာနက မြေကျင်းတူးမြှုပ်ရန်နှင့်ကြွက်များရွာ၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိနေသောကြောင့် သောက်ရေ သုံးရေများ၊ ရေတွင်းများကို စနစ်တကျဖုံးအုပ်ထားကြရန် နှိုးဆော်ထားကြောင်း သိရသည်။

ဇီးချိုင်ကျေးရွာတွင် သောက်ရေကန်တစ်ကန်ရှိပြီး ကြွက်များမှာ ကောင်ရေ တစ်သောင်းခန့်အထိ ရှိနိုင်သောကြောင့် ရောဂါများဖြစ်ပွားလာမည်ကို စိုးရိမ်မိ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကြွက်များမှာ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိရှိရခြင်းကြောင့် လည်းကောင်း၊ ယခင်က ယခုကဲ့သို့ တစ်ကြိမ်မျှ မကြုံတွေ့ဖူးသောကြောင့်လည်း ကောင်း၊ ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိပြီး ကြွက်များ၏ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်၍ စုပေါင်းနှိမ်နင်းလျက်ရှိကြောင်း သိရသည်။

နေ့ဘက်များတွင် ရွာတွင်းသစ်ပင်များ၊ ရွာ၏အရှေ့ဘက်သစ်တောများ အတွင်း ဝင်ရောက်သွားပြီး ညအချိန်တွင် ရွာအတွင်း ပြန်လည်ဝင်ရောက်လာကာ သီးပင်စားပင်များကို ကိုက်ဖြတ်စားသောက်နေခြင်းဖြစ်ကြောင်း ယခုအချိန်တွင် လူကိုအန္တရာယ်ပြုခြင်းမရှိသော်လည်း ကောင်ရေများသောကြောင့် နောက်ရက် များတွင်လည်း စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်နိုင်က မီဒီယာသို့ပြောကြားခဲ့သည်။

သတင်း - ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.