အစိုးရဖွဲ့နိုင်လောက်အောင် ဘယ်ပါတီမှ မပြည့်မီ


ဇွန်လ ၈ရက်၊ ယူကေ နိုင်ငံ ပါလီမန် ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ တစ်ပါတီတည်း သီးသန့် အစိုးရဖွဲ့ နိုင်လောက်တဲ့ မဲ အသာစီး မရရှိ ခဲ့ပါဘူး။

ထရီဆာမေ ဦးဆောင်တဲ့ လက်ရှိ အာဏာရ ပါတီ ကွန်ဆာဗေးတစ် ပါတီဟာ ပါလီမန် နေရာ ၃၁၈ နေရာမှာ နိုင်ကြောင်း အတည်ပြုထားပြီး၊ နောက်ထပ် တစ်နေရာလည်း ထပ်ရလာမယ်လို့ ဘီဘီစီက ခန့်မှန်း ထားတဲ့ အတွက် ၃၁၉ နေရာ အနိုင်ရပါတယ်။

အဓိက အတိုက်အခံ လေဘာ ကတော့ ၂၆၁ နေရာမှာ နိုင်ပါတယ်။

ကွန်ဆာဗေးတစ် ပါတီဟာ လေဘာထက် ပိုပြီး နိုင်တဲ့ နေရာ များပေမယ့်လည်း တစ်ပါတီတည်း သီးသန့် အစိုးရ ဖွဲ့နိုင်မယ့် အနည်းဆုံး လိုအပ်ချက် မပြည့်မီ ခဲ့ပါဘူး။

အစိုးရ ဖွဲနိုင်ဖို့ ဆိုရင် စုစုပေါင်း အမတ်နေရာ ၆၅ဝ နေရာမှာ ၃၂၆ နေရာ ရရှိဖို့ လိုအပ်ပါတယ်။

အခုလို မပြည့်မီတဲ့ အခြေအနေမျိုးကို ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ စနစ်မှာ Hung Parliament ဖြစ်သွားတယ်လို့ ဆိုပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ကွန်ဆာဗေးတစ်ပါတီက ၁၂ နေရာ လက်လွှတ် ဆုံးရှုံးပြီး၊ လေဘာ ပါတီက ၂၉ နေရာ အသစ် ရလာနိုင်တာ ဖြစ်ပါတယ်။

အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် ဂျရမီကိုဘင်ကတော့ ကွန်ဆာဗေးတစ် ခေါင်းဆောင် ထရီဆာမေ အနေနဲ့ ဝန်ကြီးချုပ် နေရာက ဆင်းသွား သင့်ပြီလို့ ပြောပါတယ်။

ထွက်ပေါ် လာတဲ့ ရလဒ်တွေကို ကြည့်ရင် မဲဆန္ဒရှင် ပြည်သူတွေဟာ ကွန်ဆာဗေးတစ် အစိုးရရဲ့ အသုံးစားရိတ် လျှော့ချရေး မူဝါဒတွကို မလိုလားကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့လည်း မစ္စတာ ကိုဘင်က ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ ပေါ်ထွန်း လာဖို့ ထရီဆာမေ အနေနဲ့ ရာထူး နေရာကနေ ဆင်းပေးပါ ဆိုပြီး အတိုက်အခံ ခေါင်းဆောင် မစ္စတာ ကိုဘင်က တောင်းဆို နေပါတယ်။

ဒါပေမယ့် ထရီဆာမေကတော့ ဝန်ကြီးချုပ် ရာထူး ကနေ ဖယ်ပေးမှာ မဟုတ်ဘူး ဆိုတဲ့ သဘောထားမျိုးကို ပြောဆို ခဲ့ပါတယ်။

ကွန်ဆာဗေးတစ်ပါတီ အနေနဲ့ ပါတီတွေ အားလုံးထဲမှာ နေရာ အများဆုံး နိုင်တဲ့ ပါတီ ဖြစ်တယ်၊ မဲ အများဆုံး ရရှိ ခဲ့တဲ့ ပါတီ လည်း ဖြစ်တယ် ဆိုရင် တည်ငြိမ် တဲ့ အစိုးရ တစ်ရပ် အဖြစ် ဦးဆောင် သွားနိုင်မယ် ဆိုပြီး ဝန်ကြီးချုပ် မေက ပြောပါတယ်။

အခု ဆိုရင် ထရီဆာမေဟာ ရွေးကောက်ပွဲ အပြီး ယူကေ အစိုးရသစ် ဖွဲ့ခွင့် ပေးပါ လို့ ဘုရင်မကြီး အယ်လီဇဘက်သ် ထံ အစဉ်အလာအတိုင်း တောင်းဆို ဖို့ရာ ဘာကင်ဟမ် နန်းတော်ကို သွားရောက် ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ကွန်ဆာဗေးတစ်ပါတီဟာ သီးသန့် အစိုးရ ဖွဲ့နိုင်ဖို့ နေရာ ၈ နေရာ လို နေပါတယ်။

ဒါ့ကြောင့် မစ္စစ်မေ အနေနဲ့ ဝန်ကြီးချုပ် နေရာမှာ ဆက်လက် နေနိုင်ဖို့ ဆိုရင် နေရာ တချို့ နိုင်ထားတဲ့ ပါတီ တစ်ခုခုနဲ့ ပေါင်းပြီး ညွန့်ပေါင်း အစိုးရ တစ်ရပ် ဦးဆောင် ဖွဲ့နိုင်ဖို့ လိုအပ်ပါတယ်။

နေရာ ၁ဝ နေရာ နိုင်ထားတဲ့ ဒီမိုကရက်တစ် ပြည်ထောင်စု ဝါဒီ မြောက်အိုင်ယာလန် ပါတီ DUP က ကွန်ဆာဗေးတစ် ပါတီ ဦးဆောင်ပြီး ဖွဲ့မယ့် အစိုးရကို ထောက်ခံ မယ်လို့ ပြောထားပါတယ်။

ဒါ့ကြောင့် DUP ပါတီရဲ့ နေရာ ၁ဝ နေရာ အားကိုပါ ပူးပေါင်းပြီး အစိုးရ ဖွဲ့ဖို့ ထရီဆာမေ ကြိုးစား နေပါတယ်။

ရွေးကောက်ပွဲမှာ Hung Parliament ဖြစ်ပြီး ၊ ကွန်ဆာဗေးတစ်ပါတီ အနေနဲ့ အဲဒီလို ညွန့်ပေါင်း အစိုးရ ဖွဲ့ခဲ့ဖူးတဲ့ သာဓကဟာ မဝေးလှတဲ့ အချိန်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလည်း ဒေးဗစ်ကင်မရွန် ဦးဆောင်တဲ့ ကွန်ဆာဗေးတစ် ပါတီဟာ အစိုးရ သီးသန့် ဖွဲ့နိုင်ဖို့ နေရာ မပြည့်မှီတာကြောင့် လစ်ဘရယ် ဒီမိုကရက် ပါတီနဲ့ ပေါင်းပြီး ညွန့်ပေါင်း ဖွဲ့ခဲ့ရပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.