မြန်မာအပါအ၀င် တရားမ၀င်ပြည်ပနိုင်ငံသားများကို ဖမ်းဆီး၍ နေရပ်ပြန်ပို့ရန် ထိုင်းအစိုးရ ထုတ်ပြန်


ထိုင်းအစိုးရတာဝန်ရှိသူများက ပြည်ပအလုပ်သမားများကို တရားဝင် ဟုတ်၊ မဟုတ် စစ်ဆေးနေစဉ် (ဓာတ်ပုံ − The Nation)
ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်လုပ်ကိုင်နေထိုင်သူများနှင့်ပတ်သက်၍ နည်းဥပဒေထွက်ရှိ လာရာ တရားမ၀င် မြန်မာရွှေ့ပြောင်းလုပ်သားများအပါအ၀င် တရားမ၀င်ပြည်ပနိုင်ငံသားများကို ဖမ်းဆီး၍ပြန်ပို့မည်ဟု ထိုင်းအစိုးရက စာထုတ်ပြန်ထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ် သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်လုပ်ကိုင်နေထိုင်သူများနှင့်ပတ်သက်၍ ဇွန်လ ၂၀ ရက်က နည်းဥပဒေထွက်ရှိပြီး အဆိုပါနည်းဥပဒေကို ထိုင်းအစိုးရက ဇွန်လ ၂၃ ရက်တွင် မြန်မာသံရုံးသို့ ပေးပို့ထားကြောင်း အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က 7 Day Daily သတင်းစာအား ပြောသည်။

‘‘အခုက နည်းဥပဒေထွက်သွားပြီး တရားမ၀င်လုပ်သားတွေကို ဖမ်းတော့မယ်။ ဖမ်းပြီး ပြန်ပို့မယ်။ သူတို့ကတရားမ၀င်တွေကို မထားချင်တော့တာပေါ့။ အားလုံး MoU နဲ့ပဲ သွားချင်နေတာ။ ဖမ်းဆီးတာတွေကလည်း စနေပြီ။ သူ့နိုင်ငံက ဥပဒေက တော့ အဲဒီအတိုင်းသွားမှာ။ ပြော ချင်တာတော့ တရားဝင် ဖြစ် အောင်နေကြပါ။ တရားဝင်နဲ့ပဲ လာကြပါပေါ့။ တရားမ၀င်ထား တဲ့သူတွေကို ဒဏ်ငွေဘတ်ငွေ လေးသိန်း(ကျပ်သိန်း ၁၆၀ကျော်) ကနေ ရှစ်သိန်း(ကျပ်သိန်း ၃၂၀ ကျော်)အထိ ရိုက်မယ်ပြောထား တယ်’’ ဟု အလုပ်သမားသံအရာ ရှိဦးမိုးအောင်ခိုင်က ပြောသည်။

ထိုင်းအစိုးရက ပေးပို့ထား သည့် စာမျက်နှာ ၃၇ မျက်နှာရှိ နည်းဥပဒေများကို မြန်မာဘာသာ ပြန်ဆို၍ မြန်မာလုပ်သားများကိုအသိပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နည်းဥပဒေထွက်ရှိပြီး နှစ် ရက်အကြာ ဇွန်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ချွန်ဘူရီ နယ်မြေရှိ တရားမ၀င် အလုပ်လုပ်ကိုင်နေ သော မြန်မာရွှေ့ပြောင်းလုပ်သား များနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၃၀၀ ခန့်ကိုထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က စတင်ဖမ်းဆီးခဲ့သည်။

တရားမ၀င် နေထိုင်သော မြန်မာလုပ်သားများနှင့် ကမ္ဘော ဒီးယားနိုင်ငံသားစုစုပေါင်း အမျိုး သမီး ၂၄၅ ဦးနှင့် အမျိုးသား ၁၂၅ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

‘‘အထောက်အထား မရှိသူ တွေ၊ အထောက်အထားရှိပေ မယ့်လည်း အထောက်အထား မစုံလင်သူတွေ၊ သူဌေးလွဲ၊ အ လုပ်နေရာ လွဲနေကြတဲ့ အ ထောက်အထားလွဲသူတွေဟာ အ များအပြားရှိနေပါတယ်။ ဒီရွှေ့ ပြောင်းအလုပ်သမားတွေ ကိုယ် တိုင်သာမက သူတို့ကိုစေခိုင်းတဲ့ အလုပ်ရှင်တွေပါ ပြစ်ဒဏ်ခံကြ ရမှာပါ။ ထိုင်းမှာရောက်နှင့်နေပြီး သား အထောက်အထားမဲ့တွေ လည်း ရပ်ကွက်ကျေးရွာသူကြီး လက်မှတ်နဲ့ရပါတယ်ကွာ၊ နယ် မြေရဲစခန်းကို လစဉ်လိုင်းကြေး ပေးရင်ရပါတယ်ကွာဆိုတာတွေ အတွက်ကတော့ ပြေးနိုင်လည်း မလွတ်ပါဘူးလို့ သတိပေးချင်ပါ တယ်’’ ဟု ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကွန်ရက်(MMNT)အထွေထွေ အ တွင်းရေးမှူးဦးမိုးကြိုးက ပြော သည်။

‘‘ဖမ်းဆီးနေတာတော့ ဒီနှစ် ရက်လောက်အတွင်းမှာ ဖမ်းနေ တာ ကြားရတယ်။ ဘန်ကောက် မြို့ထဲမှာလည်း ဖမ်းနေတာတွေ့ရ တယ်။ ဖမ်းခံရပြီဆိုရင် ကိုယ့်နိုင်ငံ သားတွေက ပါပြီးသားပဲ။ ဖြစ်စေ ချင်တာကတော့ တရားဝင်ဖြစ် အောင်နေတာ အလုံခြုံဆုံးပဲ။ မြန် မာအစိုးရကလည်း ကိုယ့်နိုင်ငံ သားတွေကို အကာအကွယ်ပေး ရမယ်’’ ဟု ဘန်ကောက်မြို့တွင် တရားဝင်အလုပ်လုပ်ကိုင်နေသူ ကိုမြတ်မင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ်ကိုင်ဆောင်ထားသော မြန် မာလုပ်သား ရှစ်သိန်းကျော်ကို မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ်(CI) စာအုပ်များ ကို မတ်လ ၃ ရက်ကစတင်၍ ထုတ်ပေးနေသည်။ ထို့အပြင် လေးနှစ်နှင့် ခြောက်နှစ်စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာလုပ်သား တစ်သန်းခွဲကျော်ကိုလည်း ယာယီပတ်စ်ပို့စာအုပ်များ ထုတ်ပေးနေသည်။

ယင်းစာအုပ်ပြုလုပ်ထားသူ များကို ဗီဇာပြုလုပ်ပြီး ၁၅ ရက် အတွင်း အလုပ်လုပ်ခွင့်လက်မှတ် (အလုပ်ပါမစ်)ကို သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရှာဖွေရေး ရုံးများတွင် လျှောက်ထားရန်ထိုင်းအစိုးရက ကြေညာထားသည်။

ထိုင်းနိုင်ငံသို့ သိန်းနှင့်ချီ လာရောက်လုပ်ကိုင်သော MoU မြန်မာအလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းသည် ဒုက္ခရောက်နေ ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများကို ကူညီစောင့် ရှောက်ပေးနေသော အဖွဲ့အစည်း များက သုံးသပ်သည်။

ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား လေးသန်းအထိ ရှိနေကြောင်း ခန့်မှန်းထားသည်။ အများစုသည် တရားမ၀င် သွားရောက်လုပ်ကိုင်နေသူများဖြစ်ပြီး ၂၀၁၁ မှသာတရားဝင် သွားရောက်လုပ်ကိုင်ခြင်းဖြစ်သည်။

တရားမ၀င်သွားရောက်လုပ် ကိုင်မှုများကြောင့် အလုပ်သမား အခွင့်အရေးနစ်နာဆုံးရှုံးမှုများ၊ အသက်အန္တရာယ်လုံခြုံမှုအား နည်းခြင်း၊ အလုပ်ရှင်၏ မတရား ဖိနှိပ်ခိုင်းစေမှုများနှင့် လူကုန်ကူး ခံရမှုများမရှိစေရန် MoU စနစ်ဖြင့် လုပ်သားစေလွှတ်မှုကို အစိုးရက တွန်းအားပေးလုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။

သို့သော် အေးဂျင့်အချို့၏ မသမာသောနည်းဖြင့် လုပ်သား စေလွှတ်နေခြင်းများကြောင့် MoU လုပ်သားများအနေဖြင့် တရား မ၀င်အထောက်အထားမဲ့ လုပ် သားများကဲ့သို့ အလုပ်သမား အခွင့်အရေးဆုံးရှုံးခြင်းနှင့် လုံခြုံ မှုအားနည်းခြင်းများရှိလာစေခဲ့ ကြောင်း ထိုင်းရောက်မြန်မာလုပ် သားအချို့က ဆိုသည်။

‘‘အလုပ်အကိုင် တကယ် တမ်းမရှိဘဲနဲ့ခေါ်နေတာ။ ဒီမှာ အ လုပ်ရှိ၊ မရှိကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနက မသိသလို မြန်မာ နိုင်ငံက အလုပ်သမားဝန်ကြီးက လည်း မသိပါဘူး။ MoU နဲ့တစ် ယောက်လာတိုင်း လက်မှတ်တစ် ခါထိုးပေးရင် အကျိုးအမြတ်ရနေ လို့ ခေါ်နေကြတာပါ။ MoU နဲ့ လာလို့ ဒုက္ခရောက်ပြီဆိုရင်လည်း ပို့ပေးတဲ့ အေဂျင်စီတွေက တာ ၀န်ယူမှု မရှိပါဘူး။ ဒီအတိုင်း ပစ် ထားကြတာများပါတယ်’’ဟု ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT) အမှုဆောင်ဒါရိုက် တာ ဦးကျော်သောင်းက ပြော သည်။

7Day News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.