စင်ကာပူတွင် တိုက်ပေါ်မှခုန်ချသေဆုံးခဲ့သည့် အိမ်အကူမိန်းကလေး၏နာရေး မိသားစုဝင်များသွားရောက်နိုင်ရန် မြန်မာသံရုံးက စီစဉ်နေ


မိမိကိုယ်ကို အဆုံးစီရင်သွားသည့် စင်ကာပူနိုင်ငံမှ မြန်မာအိမ်အကူမိန်းကလေး၏နာရေးအား မိသားစုဝင်များတက်ရောက်နိုင်စေရန် စီစဉ်နေကြောင်း စင်ကာပူနိုင်ငံ မြန်မာသံရုံးမှ စုံစမ်းသိရှိရသည်။

ဇွန် ၁၂ ရက် ည ၇ နာရီခန့်တွင် စင်ကာပူနိုင်ငံ 180 Depot Rood ရှိ Interlace ကွန်ဒို ၁၉ လွှာမှ ခုန်ချ သေဆုံးသွားသည့် အဆိုပါမိန်းကလေးကို စင်ကာပူနိုင်ငံ၌ပင် သင်္ဂြိုဟ်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ဖခင်ဖြစ်သူနှင့် ဦးလေးတို့ ဈာပနသို့လာရောက်နိုင်ရန် စာရွက်စာတမ်းများ စီစဉ်ပေးနေကြောင်း စင်ကာပူနိုင်ငံ၊ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဒေါ်စန်းစန္ဒာဝင်းက News Watch သို့ ပြောသည်။


''အခု သူ့မိသားစုတွေ ရန်ကုန်ကို သွားနေပါပြီ။ နိုင်ငံကူးလက်မှတ်လုပ်ဖို့ စီစဉ်နေတယ်။ မိန်းကလေးကို ဒီမှာပဲ သင်္ဂြိုဟ်မှာပါ။ မိသားစုဝင်တွေ ဒီရောက်လာမှ သင်္ဂြိုဟ်မယ့်ရက်ကို စီစဉ်မှာပါ''ဟု ၎င်းက ဆိုသည်။

သေဆုံးသွားသည့် မိန်းကလေး မဇင်မာဦး၏ ဇာတိမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဂူတလုကျေးရွာဖြစ်ပြီး အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၈၀ ခန့်သာရှိသည့် ရွာငယ်လေးဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်အကူမိန်းကလေး မဇင်မာဦး မသေဆုံးမီက ရေးသားထားသည့် စာအုပ်တအုပ်ကို သူမ၏ အခင်ဆုံး သူငယ်ချင်းဖြစ်သည့် အင်ဒိုနီးရှားအမျိုသမီးငယ်ကလေးအားပေးထားခဲ့ရာ ၎င်းစာအုပ်တွင် အစားအသောက်ကို အချိန်မှန်မှန် စားသောက်ရခြင်းမရှိဘဲ နားချိန်မရှိအောင် အလုပ်လုပ်ကိုင်နေနေသည်ဟု ရေးသားထားကြောင်း စင်ကာပူနိုင်ငံမှ မြန်မာလုပ်သားများအရေး ဆောင်ရွက်နေသည့် မခင်လေးက ပြောသည်။

''သိရသလောက် ဒီမိန်းကလေးက သူ့အမေဆုံးတဲ့အချိန်မှာ ပြန်ခွင့်မရဘူး။ ပြီးတော့ အစားဝလင်အောင် မစားရဘူး။ ထွက်ပေါက်မရှိတဲ့အခါကျတော့ အခုလို လုပ်သွားတယ်လို့ ထင်တယ်။ ကျန်ရစ်တဲ့ မိန်းကလေးရဲ့မိသားစုဝင်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ဒီက အရပ်ဘက်အဖွဲ့အစည်းတွေ စီစဉ်နေတယ်။ ဖေ့စ်ဘုတ်ကနေလဲ အလှူငွေကောက်ခံနေတာရှိတယ်''ဟု ၎င်းက ပြောပြသည်။

မဇင်မာဦး မိမိကိုယ်ကို အဆုံးမစီရင်မီတွင် မိနစ် ၉၀ ခန့် စင်ကာပူကယ်ဆယ်ရေးအဖွဲ့မှ ဖျောင်းဖျပြောဆိုခဲ့သော်လည်း ည ၇ နာရီခန့်တွင် အဆိုပါမိန်းကလေးက တိုက်နံရံကိုကန်ကာအရှိန်ယူပြီး ခုန်ချသွားကြောင်း သိရသည်။

ပြည်ပနိုင်ငံများရှိ မြန်မာအိမ်အကူများ ယခုကဲ့သို့ မကြာခဏ မိမိကိုယ်ကို အဆုံးစီရင်မှုများဖြစ်ပေါ်နေရခြင်းမှာ မြန်မာအစိုးရတာဝန်ရှိသူများ၏ အားနည်းချက်ကြောင့်ဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (ပတ်(စ)ပို့)ထုတ်ပေးရာတွင် အသက်ပြည့်၊ မပြည့်ကိုပင် သေချာစိစစ်ခြင်းမရှိကြောင်း မခင်လေးက ဆက်လက်ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ မြန်မာအိမ်အကူများ တရားမ၀င်သွားရောက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့(၆)မှ တပ်စုမှူးဦးခင်မောင်ကြွေက''ကျွန်တော်တို့ လူကုန်/ တားကတော့ လေဆိပ်မှာ ပြည်ပထွက်ခွာ မယ့်လူတွေကို စာရွက်စာတမ်းစုံလင်ရင် လွှတ်ပေးရတာပေါ့။ ပတ်(စ)ပို့တွေ ဘာတွေကျ လ၀ကက လုပ်တာလေ။ ကျွန်တော်တို့က တရားမ၀င်သွားရောက်မယ်ဆိုတဲ့ သတင်းကြားရင် စစ်ဆေးပြီး အရေးယူစရာ ရှိတာယူတယ်။ ပြန်လာတဲ့လူတွေ လူကုန်ကူးခံရတယ်ဆိုရင် လိုအပ်သလို ဆောင် ရွက်ပေးတယ်''ဟု ပြောသည်။

ပြည်ပသို့ မြန်မာအိမ်အကူစေလွှတ်ခွင့်မရှိသော်လည်း စင်ကာပူနိုင်ငံတွင် တရားမ၀င်သွားရောက်လုပ် ကိုင်နေသည့် မြန်မာအိမ်အကူ လေးသောင်းခန့်ရှိနေပြီး ထိုသို့ တရားမ၀င် သွားရောက်မှုများကို တင်းကျပ်စွာ ထိန်းချုပ်ရန်လိုအပ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် (MOEAF) က သက်ဆိုင်ရာဌာနများသို့ တိုက်တွန်းထားသည်။

နောင်နောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.