ရခိုင်ဂေဇက် ၊ ဇွန် ၁၅
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမ်း- စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၂၈ ကဇုကိုင်းတံတား အထက်ပိုင်း ကျောက်ဆည်တောင် အနီး မြေသားလမ်း ပြိုကျသွားမှုကြောင့် ခရီးသည်များ သွားရေ လာရေအဆင်ပြေစေရန် ယာယီတံတား ထိုးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေသားလမ်းပြိုကျမှုကြောင့် ယင်းကားလမ်းမနေရာအား ဇွန် ၁၄ ရက်နေ့မှစတင်ကာ ကားများဖြတ်သွားမှုကို ယာယီပိတ်ထားမှုများ ရှိခဲ့သော်လည်း မိုးရွာသွန်းမှုအခြေအနေနှင့် ကားလမ်းမကြံခိုင်မှုတို့အပေါ် မူတည်ကာ ကားများကို အသုတ်လိုက် ဖြတ်သွားခြင်း ပြုထားကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။
ဦးကိုကိုမြတ်က “ ကျွန်တော်တို့ ဒီနေ့ မနက် ၈ နာရီကျော်ကတည်းက ကားတွေကို သွားခွင့်ပြုလိုက်ပါပြီ ။ ကားတွေ ပိတ်ဆို့နေတာတွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ နေ့လည်ပိုင်းကတော့ လမ်းကြံ့ခိုင်မှုအခြေအနေ နည်းနည်း စိုးရိမ်ရတဲ့အတွက် ၁၂ ဘီးကားတွေ ၊ ကုန်ကားကြီးတွေကိုတော့ ဖြတ်ခွင့်မပြုပဲ ပိတ်ထားတာရှိပါတယ် ။ စစ်တွေ ဘက်ကတက်လာတဲ့ ကားတွေကတော့ ပိတ်ဆို့ထားတာ မရှိပါဘူး။ ” ဟုပြောသည်။
၎င်း မိုးရေတိုက်စားမှုကြောင့် ပြိုကျသွားသော ကားလမ်းမမြေသားလမ်းမှာ အလျှား ၁၀၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၄၀ ပေ တို့ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ကိုဟန်မင်းလှိုင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
COMMENTS