ယူကေမှာ လူမှုကွန်ယက်မီဒီယာဖိအားကြောင့် ဥပဒေနဲ့ မကန့်သတ်ရသေးတဲ့ အလှပြင်လုပ်ငန်းတွေ ကျယ်ပြန့်လာ

ယူကေနိုင်ငံက ဇီဝကျင့်ဝတ်ဆိုင်ရာ နပ်ဖ်ဖီးလ်ဒ် ကောင်စီရဲ့ တွေ့ရှိချက်အရ အင်တာနက်ပေါ်က ဖေ့စ်ဘွတ်၊ အင်စတပ်ဂရမ်နဲ့ စနပ်ပ်ချက်လို လူမှုကွန်ယက် စာမျက်နှာတွေက လူတွေကို ပေးတဲ့ ဖိအားကြောင့် ဥပဒေနဲ့ သေသေချာချာ မကန့်သတ်ရသေးတဲ့ အလှပြင်လုပ်ငန်းတွေ ကျယ်ပြန့်လာတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းတွေကတော့ အရေပြားမတွန့်အောင် ဆေးထိုးတာတွေနဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် ပြုပြင် ခွဲစိတ်တာတွေ ဖြစ်ပြီး ဒါတွေအတွက် ယူကေနိုင်ငံသားတွေ သုံးတဲ့ စရိတ်ဟာ နှစ်စဉ် စတာလင်ပေါင် ဘီလီယံနဲ့ ချီပြီး ရှိနေပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေမှာ ဓါတ်ပုံတွေ တင်တဲ့အခါမှာ လူကြိုက်များ မများ သတ်မှတ်နိုင်တဲ့ လိုက်ခ်နဲ့ ဖော်လိုအာ ဘယ်လောက်ရလဲ ဆိုတာကို တင်သူက တိုင်းတာ သိရှိနိုင်တဲ့အတွက် ပြီးပြည့်စုံတဲ့ ဘဝပုံရိပ်ကိုပဲ ရွေးပြီး ဖော်ပြဖို့ တွန်းအားပေးသလို ဖြစ်နေပြီး တဆက်တည်းမှာပဲ အရွယ်ပေါင်းစုံနဲ့ အထူးသဖြင့် လူငယ်တွေကို မိမိခန္ဓာကိုယ် ပုံရိပ်နဲ့ ပတ်သက်ပြီး အာရုံစိုက်လာ၊ စိုးရိမ်လာစေတဲ့အတွက် အဲဒီလို အလှပြင် လုပ်ငန်းတွေ ကျယ်ပြန့်လာတာလို့ ဒီ ကောင်စီရဲ့ အစီရင်ခံစာ ရေးဆွဲသူထဲမှာ ပါဝင်တဲ့ မန်ချက်စတာ တက္ကသိုလ်က ပါမောက္ခ ဂျနက် အက်ဒ်ဝပ်ဒ်က ပြောပါတယ်။

ဖုန်း အက်ပ်တွေ ထဲမှာဆိုရင်လည်း ခန္ဓာကိုယ်ကို အနေအထား ပြုပြင်ပြောင်းလဲပေးတဲ့ အက်ပ်နဲ့ မျက်နှာကို ပြုပြင်ပေးတဲ့ အက်ပ် တွေသာမက ကိုယ်ခန္ဓာနဲ့ မျက်နှာ ခွဲစိတ်ပြုပြင်တမ်း ကစားတဲ့ အက်ပ်တွေဟာ ၉ နှစ်အထိ ငယ်တဲ့ ကလေးငယ်တွေကြားမှာပါ အသုံးများလာတဲ့အတွက် ဒီလူငယ်တွေရဲ့ စိတ်ကျန်းမာရေးအတွက် အလားအလာ မကောင်းဘူးလို့ ဒီ ကောင်စီရဲ့ တွေ့ရှိချက်ထဲမှာ ဖော်ပြထားပါတယ်။

အလှကုန်ပစ္စည်း ကြော်ငြာတွေကလည်း လူမှုကွန်ယက်စာမျက်နှာပေါင်းစုံကတဆင့် အထူးသဖြင့် အမျိုးသမီးတွေ ဘယ်လို ခန္ဓာကိုယ်နဲ့ မျက်နှာ တည်ဆောက်ပုံ ရှိသင့်တယ်ဆိုတာကို လူမျိုးခွဲခြားဆက်ဆံသလို ဖြစ်တဲ့အထိ လက်တွေ့မကျတဲ့ တွန်းအားတွေ ပေးနေပြီး အလှပြင် လုပ်ငန်းတွေဘက်ကလည်း ဒီဖိအားကို အသုံးချပြီး လူငယ်တွေအတွက် မလိုအပ်တဲ့ ခန္ဓာကိုယ် ခွဲစိတ် ပြင်ဆင်တဲ့ ဝန်ဆောင်မှုတွေကို မရောင်းချဖို့ လိုတယ်လို့လည်း မစ္စစ် အက်ဒ်ဝပ်ဒ် က ပြောပါတယ်။

ဥပဒေပိုင်းဆိုင်ရာ အနေနဲ့လည်း အသက် ၁၈ နှစ် အောက် ကလေးတွေကို ခန္ဓာကိုယ် သွင်ပြင် ပြောင်းဖို့အတွက် ခွဲစိတ်ပြင်ဆင်မှုတွေ ပြုလုပ်ခွင့် တားမြစ်သင့်ကြောင်း သူက ပြောပါတယ်။

မျက်နှာမရင့်အောင်၊ မတွန့်အောင် ဆေးထိုးတဲ့ နေရာမှာ အသုံးများနေတဲ့ ဘိုးတောက်စ်ဟာလည်း ခန္ဓာကိုယ်အတွက် တကယ်တမ်း အဆိပ်အတောက်ဖြစ်တဲ့အတွက် ဒီလို ဝန်ဆောင်မှုပေးတဲ့ အလှပြင်လုပ်ငန်းတွေကိုလည်း စည်းကမ်းထုတ်ပြီး ဥပဒေသတ်မှတ်ဖို့ လိုအပ်နေတယ်လို့ နပ်ဖ်ဖီးလ်ဒ် အစီအရင်ခံစာ ရေးဆွဲရာမှာ ပါဝင်တဲ့ ပညာရှင်တွေက ပြောဆိုခဲ့ကြပါတယ်။

Photos - Science Photo Library, Getty Images, SPL
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.