တရားမ၀င် ရွှေတူးမှုကြောင့် အင်းတော်ကြီးအိုင်ကို ဆိုးဝါးစွာထိခိုက်နေ

( ရွှေတူးဖော်မှုတွေကြောင့် မိုင်းနောင်ရွာလယ်ကနေ ဖြတ်စီးပြီး အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ခေါင်းတုံးချောင်းရေ ညစ်ညမ်းနေတာကိုတွေ့ရစဉ် )
ကချင်ပြည်နယ် အင်းတော်ကြီးဒေသတဝိုက်က တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေထွက်လာတဲ့ စွန့်ပစ်သဲနှုန်းမြေစာတွေ အင်းတော်ကြီးအိုင်ထဲစီးဆင်း ဝင်ရောက်မှုဟာ ဒီနှစ်မှာအများဆုံး ဖြစ်တာကြောင့် အင်းတော်ကြီးအိုင်ကို ထိခိုက်မှု အဆိုးဆုံးဖြစ်နေတယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။


အင်းတော်ကြီးဒေသမှာ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေကြတာနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့တာတွေကို မိုးညှင်းမြို့နယ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဇော် က RFA ကို ဒီကနေ့ပြောပြတာဖြစ်ပါတယ်။

အဲဒီလိုတရားမဝင်ရွှေတူးဖော်လုပ်ကိုင်မှုကြောင့် အင်းတော်ကြီးကန် နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် တောတောင်ရေမြေတွေတိမ်ကောပျက်စီးလာနေသလို၊ ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေ အပါအဝင် ကျေးရွာတွေနဲ့ ဆက်စပ်နေတဲ့ ကျွဲနွားစားကျက်မြေတွေနဲ့ စိုက်ခင်း တောတောင်တွေ လည်းဆုံးရှုံးနေတာပါ။

လတ်တလောရရှိထားတဲ့ စာရင်းတွေအရ မိုင်းနောင်နဲ့ မမုံကိုင်ရွာတွေတဝိုက်မှာ စက်ယန္တရားအစီး ၄၀ လောက်ကို အသုံးပြုပြီး တရားမဝင် ရွှေတူးဖော်ရေး လုပ်ကိုင်နေကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နန့်ပတဲ၊ နန့်မီးလောင်၊ တက်လက် စတဲ့ အင်းတော်ကြီးဒေသတဝိုက်က ရွာတွေမှာလည်း တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စက်ယန္တရားတွေအသုံးပြုတာ အပါအဝင် တနိုင်တပိုင် လုပ်ကိုင်နေကြသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာ သီရိမင်္ဂလာကျောင်းတိုက် ဓမ္မာရုံမှာ ရွှေလုပ်ငန်းရှင် တချို့ အပါအဝင် မိုင်းနောင် နဲ့ မမုံကိုင်ရွာက ဒေသခံတွေကို ပြည်နယ်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်နဲ့ ဋ္ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေ က မနေ့က တွေ့ဆုံခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အင်းတော်ကြီးဒေသဘက်က တရားမဝင် ရွှေတူးဖော်တဲ့ ကိစ္စနဲ့ပတ်သက်လို့ မိုးညှင်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ မေးမြန်းဆွေးနွေးခဲ့ပြီးနောက် အခုလို ကွင်းဆင်းစစ်ဆေးမှုဖြစ်လာတာလို့သိရပါတယ်။

အင်းတော်ကြီးဒေသမှာ လွန်ခဲ့တဲ့ နှစ်များစွာကစပြီး အခုအချိန်အထိ တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းတွေကို နည်းမျိုးစုံ နဲ့ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

Photo: Kyaw Myo Min/RFA

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.