သတင်းလွတ်လပ်ခွင့် တိုးတက်နေတယ်ဆိုတာ ဟုတ်ရဲ့လား


 စစ်လေယာဉ် ပျက်ကျမှုအား သတင်းထုတ်ပြန်ခြင်း

သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ထူးခြားတဲ့ဖြစ်စဉ် ၂ ခုတွေ့ရပါတယ်။ ပထမတစ်ခုက တပ်မတော်လေယာဉ်ပျက်ကျပြီး နာရီပိုင်းအတွင်းမှာတင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ချက် ထွက်လာတာပါ။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း စစ်ဘက်သတင်းတွေကို မီဒီယာလောကဆီ အလျင်အမြန် ထုတ်ပေးတဲ့ ထူးခြားတဲ့ တိုးတက်မှုဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ တပ်မတော်အပေါ် သရော်စာရေးလို့ဆိုပြီး ပုဒ်မ ၆၆ (ဃ) နဲ့ ဆွဲထားတဲ့ စာရေးသူနှင့် အဲဒီသရော်စာကိုဖော်ပြခဲ့တဲ့ သတင်းစာက အယ်ဒီတာချုပ်တို့ကို အဲဒီနေ့မှာပဲ အာမခံမပေးဘဲ အင်းစိန် ထောင်ဆီ ပို့လိုက်ခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ် ၂ ခုဟာ မတော်တဆ တစ်ရက်တည်း လာတိုက်ဆိုင်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီ ၂ ခုကိုယှဉ်ကြည့်ခြင်းဖြင့် ဒီနေ့ မြန်မာ့သတင်း လွတ်လပ်ခွင့် အခြေအနေကို မှန်းလို့ရမယ် ထင်ပါတယ်။၏

ပထမတစ်ခုကို အရင် ဆွေးနွေးကြည့်ရအောင်ပါ။ တပ်မတော်သားပဲဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းပဲဖြစ်ဖြစ် နိုင်ငံ့ဝန်ထမ်းတွေ အားလုံး တာဝန်ထမ်းရင်း ကျဆုံးရင် ဒီလိုပဲ ချက်ချင်း သတင်းထုတ်ပြန်သင့်တယ် မဟုတ်ပါလား။ ပုဂ္ဂလိက ကုမ္ပဏီတွေတောင် လေယာဉ်ပျက်တာ၊ သင်္ဘောမြုပ်တာ ချက်ချင်း သတင်းထုတ်ပြန်နေတဲ့ခေတ်မှာ ဒါများ ဘာထူးလို့လဲဆိုပြီး မေးစရာရှိပါတယ်။

ထူးပါတယ်။ စစ်ဘက်က အပျက်အစီး အဆုံးအရှုံး စာရင်းကို မီဒီယာ လောကဆီ အခုလို ချက်ချင်း ထုတ်ပြန်ပေးတာဟာ အရင်ခေတ်နဲ့စာရင် အတော့်ကို တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် နဝတ၊ နအဖခေတ်နဲ့ ယှဉ်ပြောမယ်ဆိုရင်ပေါ့။ “အခုခေတ်က ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ် ပျက်ကျတဲ့ခေတ်တုန်းကလို လျှောက်ရေးလို့မရတော့ဘူး။ Facebook ပေါ်မှာ သတင်းတွေက ချက်ချင်းတက်နေပြီ”လို့ အဲဒီခေတ်ကိုမီခဲ့တဲ့ သတင်းသမားတစ်ဦးက မှတ်ချက်ရေးထားတာ တွေ့မိပါတယ်။

၂၀ဝ၁ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး အပါအဝင် တပ်မတော်နဲ့ အစိုးရဝန်ထမ်း ၂၉ ဦး သေဆုံးမှုအပေါ် အဲဒီအချိန်က တပ်မတော်ဘက်ကနေ ဘာမှသတင်းထုတ်ပြန်မှု မလုပ်ခဲ့ပါဘူး။ ဒီအတွက် ထိုင်း-မြန်မာနယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းတွေ၊ ကြားဖြတ်စက်သတင်းတွေပေါ် အခြေခံပြီး စာရေးသူ တာဝန်ထမ်းခဲ့ဖူးတဲ့ နော်ဝေအခြေစိုက် DVB သတင်းဌာနကနေ ဖြစ်နိုင်ခြေရှိတာတွေကိုစုစည်းပြီး သတင်းထုတ်လွှင့်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုခေတ်မှာ အဲဒီလိုမဟုတ်တော့။ တပ်မတော်ဘက်က ချက်ချင်း သတင်းထုတ်ပြန်ပေးနေပြီ။ တစ်ချိန်တည်းမှာပဲ သတင်းထူးတစ်ခုခု သိရဖို့အတွက် ည ၈ နာရီအထိ ပြည်ပရေဒီယိုတွေကို စောင့်နားထောင်နေစရာ မလိုတော့ပါ။ Facebook ပေါ်မှာ ခုဖြစ်-ခုတင်၊ ခုရိုက်-ခုတင် ဖတ်နိုင်-ကြည့်နိုင်နေပြီ မဟုတ်ပါလား။ ပြီးတော့ ပြည်တွင်းမီဒီယာ အင်အားကလည်း အရင်ထက် များစွာကြီးမားလာတယ် မဟုတ်ပါလား။ ပုဂ္ဂလိက သတင်းစာတွေအပြင် ပုဂ္ဂလိက ရုပ်သံလိုင်း အသစ် ၅ ခုတောင် တစ်လောက ထပ်တိုးချပေးလိုက်သေးတယ် မဟုတ်ပါလား။

ပုဒ်မ ၆၆ (ဃ) နဲ့ ခြိမ်းခြောက်နေသမျှ

ဒီတော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် စစ်အစိုးရခေတ်၊ လွန်ခဲ့တဲ့ ၅ နှစ်ကျော် ဦးသိန်းစိန်ရဲ့ စစ်တစ်ပိုင်း အစိုးရခေတ်တွေထက် အများကြီး သာလာပြီဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါ။ ဒါပေမဲ့ တိုးတက်မှုနဲ့အတူ ကပ်ပါလာတဲ့ နောက်ပြန်ဆွဲမှုတွေကလည်း အများကြီး။ အဲဒီအများကြီးထဲမှာမှ လူသိအများဆုံးကတော့ သတင်းသမားတွေကို ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးမှုပါပဲ။

ရှေ့မှာ နိဒါန်းချီထားတဲ့ တပ်မတော်အပေါ် သရော်စာရေးမှုနဲ့ (ပြည်ထောင်စုသစ္စာကို ကျည်ထောင်စုသစ္စာဆိုပြီးရေးမှု) ဖမ်းဆီးခံလိုက်ရသူ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်တို့အကြောင်း အရင် ပြောကြည့်ရအောင်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၊ သတင်းလွတ်လပ်ခွင့် ရှိပါတယ် ဆိုတဲ့ကာလမှာ သရော်စာရေးတာ ဖမ်းစရာလား။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီနဲ့ မြန်မာ့ဒီမိုကရေစီ မတူလားလို့ မေးချင်စရာကြီး။

ပိုဆိုးတာက ဒီသရော်စာအပေါ် တပ်မတော်ဘက်က အစာမကျေတဲ့အတွက် ပြေလည်အောင် ညှိနှိုင်းဖို့ဆိုပြီး မီဒီယာကောင်စီက ကြားဝင် စေ့စပ်ညှိနှိုင်းပေးနေချိန်မှာ တပ်မတော်ဘက်ကနေ ပုဒ် ၆၆ (ဃ) နဲ့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ စွဲချက်တင်ထားစဉ် ကာလမှာ အဖမ်းခံရသူတွေကို အင်းစိန်ထောင်ဆီ မပို့သေးဘဲ ရဲစခန်းမှာ ထိန်းထားရာကနေ အခုတော့ အင်းစိန်ထောင်ဆီ ပို့လိုက်ပြီတဲ့။ ဒါဟာ ဘာသဘောလဲ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကြိုက်တာ ပြောခွင့်ရှိတယ်။ ဒါပေမဲ့ တပ်မတော်အကြောင်းတော့ မပြောနဲ့ဆိုတဲ့ သင်္ကေတလား။

တပ်မတော်ဘက်က သည်းမခံတဲ့အကြောင်းချည်းပြောနေတော့ စာရေးသူက အတိုက်အခံ သတင်းဌာနမှာ တာဝန်ထမ်းဖူးသူမို့ တပ်မတော်အပေါ် နဂိုကတည်းက အမြင်မကြည်လို့ ဖြစ်မယ်ဆိုပြီး စာဖတ်သူတွေ သံသယ ဝင်ကောင်းဝင်နိုင်ပါတယ်။ တကယ်တော့ ဂျာနယ်လစ်က အဲဒီလို ဘက်လိုက်လို့ ဘယ်ရပါ့မလဲ။ အခုလို ပုဒ်မ ၆၆ (ဃ) ခေတ်စားလာတဲ့အထဲမှာ ဒီမိုကရေစီကို ပါတီအမည်ထဲမှာတောင် ထည့်ထားတဲ့ NLD အစိုးရမှာလည်း အများကြီး တာဝန်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်လာတဲ့ Institute for Strategy and Policy- Myanmar ရဲ့ မှတ်တမ်းတစ်ခုအရဆိုရင် အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရမှု ၇ ခုပဲရှိပြီး ၅ မှုကို ထောင်ဒဏ်စီရင်ခဲ့ပါတယ်။ အမြင့်ဆုံး အပြစ်ဒဏ်က ၆ ပဲရှိကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခု သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်းမှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲ ခံရတဲ့အမှု ၆၁ မှုရှိပြီး ၁၁ မှုကို ထောင်ဒဏ် စီရင်ခဲ့ကြောင်း၊ အမြင့်ဆုံး အပြစ်ဒဏ်က ၂ နှစ်အထိရှိကြောင်း ထောက်ပြထားပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေး။ အဲဒီလို တရားစွဲခံရတဲ့အမှုတွေထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး စွဲထားတဲ့အမှုက ၈ ခု၊ တပ်မတော်နဲ့ပတ်သက်ပြီး စွဲထားတာက ၇ မှု၊ NLD ပါတီနဲ့ ပတ်သက်ပြီး စွဲထားတာက ၆ မှုရှိပြီး ကျန်တာက အရပ်သား အချင်းချင်း စွဲထားတဲ့အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ထူးခြားတာက ဒီ ၆၁ မှုထဲမှာ သတင်းမီဒီယာအပေါ် အရေးယူထားတဲ့အမှုက ၉ ခုရှိပြီး တရားရင်ဆိုင်နေရတဲ့ မီဒီယာသမား ၁၄ ဦးအထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ လွန်ခဲ့တဲ့ သီတင်းပတ်က စာရင်းပါ။ အခုသီတင်းပတ်ထဲမှာလည်း စာရင်းက ထပ်တိုးလာနေတာကြောင့် ၆၆ နဲ့စွဲခံရသူ ၆၆ ဦးကျော်နေပြီလို့ သတင်းသမားတွေကြား နောက်ပြောင်ပြောဆိုစရာ ဖြစ်လာနေပါတယ်။

အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူ ဦးရဲထွဋ်ကဆိုရင် လက်ရှိ NLD အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် အခြေအနေဟာ သူ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေစဉ်ကထက်တောင် ပိုဆိုးနေတယ်လို့ RFA ရေဒီယိုနဲ့ ဆက်သွယ် မေးမြန်းခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ နဲ့ဖမ်းတဲ့အမှု ပိုများလာနေပေမယ့် ဒီကိစ္စအပေါ် သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က ဘာမှ ဝင်ရောက်တားဆီးခြင်း မရှိဘူး။ ဒီလို မသိလိုက် မသိဘာသာ နေနေခြင်းက အစိုးရအာဏာပိုင်တွေရော၊ တပ်မတော်ဘက်ကပါ ပုဒ်မ ၆၆ ကိုသုံးပြီး တရားစွဲတာတွေ ပိုများလာအောင် လွှတ်ပေးထားသလို ဖြစ်နေတယ်လို့ ဦးရဲထွဋ်က ဝေဖန်ခဲ့ပါတယ်။

တိုက်ဆိုင်မှုဖြစ်ချင်တော့ ဒီရက်ပိုင်းအတွင်းမှာပဲ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က မီဒီယာသမားတွေကို ကျီးကန်းတွေလို့ ခေါ်ဆိုလိုက်ပြန်ပါတယ်။ ပိုဆိုးတာက သတင်းထောက်တွေ သူ့ကိုမေးတဲ့အချိန်ဟာ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်း ထုတ်တာကို NLD ပါတီဘက်က ဘာကြောင့်ခွင့်မပြုတာလဲဆိုတဲ့ အချက်အပေါ် အများက စိတ်ဝင်စားနေချိန် ဖြစ်ပါတယ်။ “ဒါ တိုင်းပြည်ပျက်လောက်အောင် ကြီးမားတဲ့ပြဿနာ မဟုတ်ဘူး။ ကျီးကန်း Mentality နဲ့ လာလုပ်မနေနဲ့”ဆိုပြီး ဦးဝင်းထိန်က ပြောလိုက်တဲ့အခါ သတင်းသမားတွေ အတော် စိတ်ပျက်သွားပုံရပါတယ်။

သတင်းလွတ်လပ်ခွင့်ရအောင် ဘာလုပ်ကြမလဲ

ဒီလို နောက်ပြန်ဆုတ်မှုတွေ အများကြီး ရှိနေပေမယ့် ၂၀၁၆ နဲ့ စာရင် ၂၀၁၇ မှာ မြန်မာ့သတင်း လွတ်လပ်ခွင့် အဆင့်အတန်း ၁၃ ဆင့်အထိတောင် တက်လာတယ်လို့ နယ်ခြားမဲ့ သတင်းသမားများ ကာကွယ်ရေးအဖွဲ့ (RSF) က နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ မေလ ၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ နိုင်ငံပေါင်း ၁၈၀ ကို စာရင်းကောက်တဲ့အခါ ၂၀၁၆ တုန်းက မြန်မာ့အဆင့်က ၁၄၃ ရှိပြီး ၂၀၁၇ အစမှာ ၁၃၁ အထိ တက်လာတယ်လို့ ဆိုပါတယ်။

ဒါမေလ ၃ ရက်နေ့မတိုင်မီ အခြေအနေဆိုတော့ အခု ဇွန်လလယ်အထိ တစ်လကျော်အတွင်း မြန်မာ့သတင်း လွတ်လပ်ခွင့်၊ အထူးသဖြင့် ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံရမှု အခြေအနေတွေက အတော်ဆိုးလာတဲ့သဘောလား။ ဒါမှမဟုတ် တခြားနိုင်ငံတွေက ကိုယ့်ထက် ပိုဆိုးသွားလို့ ကိုယ်က ရှေ့ကို အဆင့်တက်လာတာမျိုးလား။ စဉ်းစားစရာပါပဲ။ သေချာတာတော့ မြန်မာ့သတင်း လွတ်လပ်ခွင့် အခြေအနေ မနှစ်ကထက် ဒီနှစ် ပိုဆိုးလာနေပါတယ်။ အရင်လကထက် ဒီလ ပိုဆိုးလာနေပါတယ်။ ရှေ့လမှာ ပိုမဆိုးအောင် ဘယ်လိုတားဆီးကြမလဲ။

The Voice သတင်းစာကတော့ သူတို့ အယ်ဒီတာချုပ် ထောင်ထဲ ပို့ခံရတဲ့နေ့မှာ အယ်ဒီတာ့အာဘော် ဘာမှမရေးဘဲ ကွက်လပ်ထားပြီး ဆန္ဒပြခဲ့ပါတယ်။ တကယ်တော့ အယ်ဒီတာ့ အာဘော်ဆိုတာ သတင်းစာရဲ့ အသက်ပါပဲ။ ဒီသတင်းစာက ဘယ်လို ရပ်တည်သလဲ၊ ဘာကိုယုံကြည်သလဲဆိုတာ အယ်ဒီတာအာ့ဘော်ကို ဖတ်ရင် သိနိုင်ပါတယ်။ ဒါဟာ ပုံနှိပ်မီဒီယာတွေမှာသာရတဲ့ အခွင့်အရေးဖြစ်ပြီး အသံလွှင့်မီဒီယာတွေမှာ အယ်ဒီတာ့ အာဘော် ဖော်ပြခွင့်မရှိပါ။ (ဖော်ပြတာမျိုး မတွေ့မိပါ)။

မြန်မာသတင်းသမား ကာကွယ်ရေးကော်မတီ (PCMJ) ရဲ့ ဇွန်လ ၆ ရက်နေ့ ကြေညာချက်ထဲမှာတော့ မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းပေးဖို့၊ အစိုးရ၊ တပ်မတော်နှင့် အာဏာပိုင်အဆင့်ဆင့်က ပုဒ်မ ၆၆ (ဃ)နဲ့ စွဲထားတဲ့အမှု အားလုံး ချက်ချင်း ရပ်ဆိုင်းပေးဖို့၊ ဒီတောင်းဆိုချက်တွေအတွက် အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဖော်ပြထားတဲ့အတိုင်း ဒီအဖွဲ့ရဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုဆိုတာကို အခုရက်ပိုင်းအတွင်း အရှိန်အဟုန်နဲ့ တွေ့လာနေရပါတယ်။

တကယ်တော့ လက်ရှိအစိုးရဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ အနိုင်ရလာတဲ့ NLD အစိုးရဖြစ်တာမို့ ဒီလို မေးခွန်းထုတ်နေရတာကိုက တစ်ခုခု လွဲနေသလို ဖြစ်နေပါတယ်။ အတော်များများကတော့ ပြည်ထဲရေးဌာနက အစိုးရအောက်မှာ မရှိဘဲ တပ်မတော်အောက်မှာ ဆက်ရှိနေတာကြောင့် ဒီလိုဖြစ်နေရတာလို့ ဆင်ခြေပေးကြပါတယ်။

ဒါဖြင့် NLD ပါတီဝင်တွေ ကိုယ်တိုင်ဘက်က ပုဒ်မ ၆၆ (ဃ)နဲ့ တရား စွဲထားတဲ့အမှုတွေကျ ဘယ်လိုလုပ်မလဲ။ ရှေ့မှာ နိဒါန်းချီခဲ့သလို ဒီမိုကရေစီ အခွင့်အရေးအတွက် နှစ် ၂၀ ကျော် တိုက်ပွဲဝင်ခဲ့ဖူးတဲ့ နိုင်ငံရေးသမားတွေလည်း အာဏာရလာတဲ့အခါ မီဒီယာသမားတွေကို နှိပ်ကွပ်ဖို့ ဝန်မလေးဘူး။ အာဏာဟာ လူတွေကို ပြောင်းလဲစေတတ်တယ်လို့ပဲ မှတ်ချက်ပြုပြီး သည်းခံနေရတော့မလား။

အဲလို သည်းခံနေမယ်ဆိုရင်လည်း သတင်းသမား မလုပ်နဲ့တော့ပေါ့။ အနည်းဆုံးတော့ သတင်းသမား ကာကွယ်ရေးအဖွဲ့က အခု ဆန္ဒပြသလိုမျိုး ဝိုင်းလုပ်ဖို့ လိုနေပါတယ်။ သတင်းစာတိုက်၊ သတင်းဌာန အသီးသီးက ပူးပေါင်း ပါဝင်ဖို့လိုပါတယ်။ ဒီမိုကရေစီလိုလား သူအသီးသီးကလည်း ကိုယ်နိုင်တဲ့ဘက်၊ နိုင်တဲ့နေရာကနေ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ဖို့လိုနေပါတယ်။

နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေကလည်း NLD အစိုးရနဲ့ တပ်မတော်ရဲ့ မီဒီယာအပေါ် သဘောထား ပျော့ပျောင်းလာအောင် သင်တန်းပေးတာဖြစ်စေ၊ ဝေဖန်ထောက်ပြတာဖြစ်စေ ဒီထက်မက ဖိဖိစီးစီး ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ လက်ရှိ အနေအထားထက် ပိုဆိုးမသွားအောင် အချိန်မီ တစ်စုံတစ်ရာ တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ။

ထက်အောင်ကျော်

===========

The Voice

http://thevoicemyanmar.com/opinion/9501-tdl
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.