ဥပဒေစိုးမိုးတဲ့နိုင်ငံမှာ ----သရ၀ဏ်(ပြည်)


ကြာမီရက်ပိုင်းက စင်္ကာပူနိုင်ငံသို့ ရောက်ခဲ့သည် ။ ကျွန်တော်နှင့် ကိုညီမင်းညို၊ ဦးဘုန်း(ဓာတု) တို့ကို စာပေဟောပြောပွဲဖိတ်သဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည် ။ စာပေဟောပြောပွဲနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက်မွေးနေ့ အခမ်းအနားကိုလည်းထည့်သွင်းကျင်းပခဲ့ပါသည် ။ ထိုမွေးနေ့ ပွဲအခမ်းအနားတွင် တက်ရောက်လာသူ မြန်မာနိုင်ငံသားများက ဖုန်းမီးများကိုဖွင့်ကာ ဟက်ပီဘတ်ဒေး တို့အမေဟူသော သီချင်းကို သံပြိုင်သီဆိုနေသည့် ဗီဒီယိုဖိုင်လ်လေးက အွန်လိုင်းပေါ်တွင် ပျံ့ နှံ့ သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့မှာဇွန်လ ၁၉ ရက်နေ့ ဖြစ်သော်လည်း စင်္ကာပူတွင်မြန်မာအများစု၏အားလပ်ရက်မှာ တနင်္ဂနွေနေ့ဖြစ်သဖြင့် စာပေဟောပြောပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက် စနေနေ့ တွင်ကျင်းပခဲ့ကြပါသည် ။ မှတ်မှတ်ရရ လွန်ခဲ့သောတနစ်တိတိ ၂၀၁၆ ဇွန်လ ၁၈ ရက်နေ့ ကလည်း ကျွန်တော်တို့သုံးယောက် ( သရ၀ဏ်၊ဦးဘုန်း၊ ညီမင်းညို) ပင် ၀မ်းတွင်းမြို့ တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုအထိမ်းအမှတ်ကျင်းပသောစာပေဟောပြောပွဲကို ဟောခဲ့ဖူးသေးသည် ။ ကျွန်တော်ကမှတ်မိ၍မဟုတ် ။ ဖေ့စ်ဘွတ်ကသတိပေးသဖြင့် သိရခြင်းဖြစ်သည် ။ကျွန်တော်တို့သည်စာပေဟောပြောပွဲကို တရက်သာဟောပြောရမည်ဖြစ်သော်လည်း ပွဲစီစဉ်သူများဖြစ်သည့် စင်္ကာပူရောက်မြန်မာနိုင်ငံသားများ TTMY အဖွဲ့ က အေးအေးဆေးဆေးလည်ရပါတ်ရအောင် နေပါဟုပြောသဖြင့် ၆ ညအိပ် ၇ ရက်တိတိ နေထိုင်ခဲ့ပါသည် ။ ထိုသို့  နေထိုင်သွားလာလည်ပတ်ခဲ့သဖြင့် စင်္ကာပူနိုင်ငံကိုရောက်ပြန်သဘောမဟုတ်တော့ပဲ အနီးကပ်ကြည့်ရှုလေ့လာခွင့်ရခဲ့ပါသည် ။ ဟိုတလောက နီပေါနိုင်ငံသို့ ရောက်ခဲ့စဉ်ကလည်း ဆယ့်လေးရက်တိတိနေထိုင်ခဲ့ရသဖြင့် ဆောင်းပါးများစွာရေးဖြစ်ခဲ့ပါသည် ။ ကျွန်တော်သည် နိုင်ငံအတော်များများကိုရောက်ဖူးပါသည် ။ထို့ အပြင် အသက်အရွယ်အရလည်း လေးဆယ့်ကိုးကျော်၍ ငါးဆယ်ထဲသို့  စွန်းစပြုလာသည့်အရွယ်ဖြစ်ရာ တိုက်တာအိမ်ခြေအဆောက်အအုံ ၊ခေတ်မီ အသုံးအဆောင် စသည်များအပေါ်တအံ့တသြ ဖြစ်ရသော အနေအထားမရှိတော့ပါ ။ နဂိုကတည်းကစင်္ကာပူနိုင်ငံဆိုသည်နင့် ဒီလို တိုက်မျိုးတွေ ၊ဒီလိုလမ်းမျိုးတွေ ၊ ဒီလိုတိုးတက်မှုတွေရှိနေသည်ဆိုတာ သိထားပြီးသားဖြစ်၍ သိပ်ပြီးထူးခြားသော စိတ်ခံစားချက်မဖြစ်မိတော့ပါ ။ သို့ သော် စဉ်းစားတွေးခေါ်မှုများစွာဖြစ်ရပါသည် ။ ငါတို့နိုင်ငံသည် ဘာကြောင့် မတိုးတက်ရသနည်း၊ အဘယ်ကြောင့်စင်္ကာပူနိုင်ငံသည် အာရှအဆင့်သာမက ကမ္ဘာ့အဆင့်ဖြစ်နေရသနည်း ။ ထိုအခါသိပ်ပြီးဆန်းဆန်းပြားပြားမဟုတ် ။ ပြောနေကြ ပေးနေကြအဖြေကိုပင်ပေးရမည် ။ တရားဥပဒေစိုးမိုးမှုနှင့် စီမံခန့်ခွဲမှုကောင်းမွန်ခြင်းကိုသာတွေ့ ရလေသည် ။

တရားဥပဒေစိုးမိုးပုံမှာ အောချရသည် ။ မြန်မာဖြစ်စေ ၊ တရုတ်ဖြစ်စေ ၊ ဘင်္ဂလီဖြစ်စေ ယောက်ကျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ နေ့ရောညရော အားလုံးကိုတရားဥပဒေကအပြည့်အ၀အကာအကွယ်ပေးထားသည် ။ သူတို့၏ ပင်လည်ကမ်းခြေဖြစ်သော East Coast တွင် မည်သူမဆို ပင်လယ်ကမ်းစပ်သဲသောင်ပြင်ပေါ်တွင် ရွက်ဖျင်တဲထိုး၍ ညလုံးပေါက်နေထိုင်ခွင့်ရှိသည် ။ ညအိပ်ခွင့်ရှိသည် ။ တဲကလေးနှင့်အိပ်နေ၍ မည်သူကမျှလာ၍ လုယက်နှောက်ယှက်မည့်သူမရှိ ။ ထိုသို့  မလုပ်ရဲအောင်လည်း ရဲကလုံခြုံရေးအပြည့်ယူထားသည် ။ CCTV ကင်မရာများနေရာတိုင်းနီးပါးမှာတပ်ဆင်ထားသည် ။ တခုခုဖြစ်သည်နှင့်ရဲကတန်းရောက်လာသည် ။ ရာဇ၀တ်မှုဖြစ်သည်နှင့်ရဲတပ်ဖွဲ့ဝင်အားလုံးဆီသတင်းတန်းရောက်သွားသည် ။ အချိန်မဆိုင်းတရာခံနောက်သို့ လိုက်ကြသည် ။ တရားခံမပေါ်သောအမှုဆိုတာ မရှိသလောက်ရှားသည် ။ လူငယ်များသည်အေးအေးလူလူပင် မိမိရွက်ဖျင်တဲများကိုမိမိယူလာကာ ပင်လယ်ကမ်းခြေတွင် အိပ်စက်ကြသည် ။ ပင်လယ်ကမ်းခြေသာမဟုတ် လမ်းဘေးတွင် အိပ်နေလဲ ဘာအန္တရာယ်မှမဖြစ် ။အရက်သောက်မထားလျှင် မည်သည့်နေရာမှာ အိပ်နေသည်ဖြစ်စေ ရဲကဘာမှ မတို့မထိချေ ။ ရဲအပြင် အခြားအန္တရာယ်ပြုသူများလည်း မရှိသလောက်လုံခြုံမှုအပြည့်ရှိသည် ။ တနည်းပြောရလျှင် ဥပဒေစိုးမိုးမှု အပြည့်ရှိသောနိုင်ငံဖြစ်သည် ။ နိုင်ငံကို လူကအုပ်ချုပ်ခြင်းမဟုတ် ၊ ဥပဒေကအုပ်ချုပ်သောစနစ်ဖြစ်သည် ။ ထိုစနစ်မျိုးရှိသောနိုင်ငံသည် ကြီးပွားတိုးးတက်တတ်ပါသည်ဆိုခြင်းကိုပြဆိုနေ၏ ။ ဥပဒေသည် စိုးမိုးချင်သော နေရာတွင်စိုးမိုး ဖောက်ဖျက်ချင်သောနေရာတွင်ဖောက်ဖျက်နေခြင်းမဟုတ်ချေ ။ အားလုံးသည် ဥပဒေကိုလေးစားလိုက်နာရ၏။မည်သူမှ ထင်ရာစိုင်း၍မရပေ ။ ကျွန်တော့် တူတော်မောင် အလုပ်လုပ်သော Singgapore Management University (SMU) ၀င်းထဲတွင် တက္ကသိုလ်ကျောင်းဆောင်အသစ်တခုဆောက်လုပ်ရာတွင်မြေနေရာမလွတ်သဖြင့် သစ်ပင်ကြီးတပင်ကို ခုတ်လှဲရမည်ဖြစ်ရာ စည်ပင်သာယာဌာနကိုအကြောင်းကြားရသည်။သူတို့ဆီ၌ ကိုယ့်အိမ်ရှေ့ကသစ်ပင်ဖြစ်စေကာမူ မည်သူမျှ မိမိသဘောနှင့်မိမိသစ်ပင်ခုတ်ခွင့်မရှိချေ ။ထို့ ကြောင့် သက်ဆိုင်ရာ ဌာနသည် SMU ၀င်းထဲသို့ လာရောက်ကာခုတ်ရမည်ဆိုသောသစ်ပင်ကိုလာကြည့်၏ ။ ထိုသစ်ပင်မှာ သက်တမ်းရင့်သစ်ပင်တပင်ဖြစ်သဖြင့် ခုတ်ခွင့်မပြုပဲ အခြားလွတ်သည့်နေရာတခုသို့ စနစ်တကျပြောင်းရွေ့ စိုက်ပျိုး ရန်အမိန့် ချလိုက်၏ ။ တက္ကသိုလ်အာဏာပိုင်များကလည်း ငါတို့ ကျောင်းထဲကသစ်ပင်ငါတို့ သဘောနှင့်ငါတို့ခုတ်မည်ဘာဖြစ်သလဲ ဆိုသောသဘောမျိုးထား၍မရ ၊ ဥပဒေအတိုင်းဆုံးဖြတ်တာကိုပဲနာခံရကာ ထိုသစ်ပင်အား ကျွမ်းကျင်သူများနှင့်စနစ်တကျ ရွေ့ ပြောင်းပေးခဲ့ရသဖြင့် အပိုငွေ ဒေါ်လာ သိန်းပေါင်းများစွာ ကုန်ကျခဲ့ရကြောင်းသိရပါသည် ။ သစ်ပင်တပင်ကိစ္စဖြစ်သော်လည်း တကယ်တမ်းကျတော့တရားဥပဒေစိုးမိုးရေးကိစ္စဖြစ်ပါသည် ။ အာဏာရှိသူ လုပ်ပိုင်ခွင့်ရှိသူများ လုပ်ချင်တာလုပ်၍မရအောင် ဥပဒေကပြန်၍ထိမ်းချုပ်လိုက်ခြင်းဖြစ်ပါသည် ။ လူတယောက်သည် သစ်ပင်တပင်ကို စိတ်ထင်တိုင်းခုတ်ခဲ့လျှင် လူသန်းပေါင်းများစွာစုပေါင်းလိုက်သောအခါ သစ်ပင်သန်းပေါင်းများစွာ ကုန်သွားမည်ဆိုသော အမြော်အမြင်မျိုးကိုသာသူတို့ ဆီမှာလိုထားခဲ့ကြလျှင် ၊နိုင်ငံသားအားလုံးပိုင်ဆိုင်သော သစ်တောများကို လူတယောက် လူတစုကို ထင်သလိုခုတ်လှဲရောင်းချခွင့်မပေးပဲ မည်သူသစ်ခုတ်သည်ဖြစ်စေ ဥပဒေအရကိုင်တွယ်ဆောင်ရွက်ခဲ့ကြလျှင် သစ်ပင်များမြန်မာနိုင်ငံတွင်ပျောက်ကွယ်သွားမည်မဟုတ်ချေ။ ဥပဒေအရာတွင်ကျောသားရင်သားမခွဲခြား သူ့ လူငါ့လူ စစ်ဗိုလ်လူထွက် အရပ်သားလူထွက် ဘယ်လူကြီးသားသမီး ညာလူကြီးသားသမီး ဟုမခွဲခြားပဲ ဥပဒေအရာ၌ တသားတည်းဖြစ်နေခြင်းကလည်းနိုင်ငံဖွံဖြိုးတိုးတက်ခြင်း၏ အဓိကအကြောင်းတရားဖြစ်လာသည် ။ ဥပဒေစိုးမိုးသောကြောင့် ဤနိုင်ငံသို့ ရောက်လာကြသူတိုင်းကိုဥပဒေကအကာအကွယ်ပေးထားသည်ဟု နိုင်ငံခြားသားများအပါအ၀င်အားလုံးက ယုံကြည်ကြသည် စိတ်ချကြသည် ။ ထိုအချက်က နိုင်ငံအတွင်းသို့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလှိမ့်ဝင်လာစေသည် ။

စင်္ကာပူ၏လျှပ်စစ်မီတာခမှာ မြန်မာနိုင်ငံထက်များသည် ၊ အလုပ်သမားခမှာအခြားအာရှနိုင်ငံများထက်များသည် ၊ ဒါကို အားလုံးကသိသည် ၊ သို သော် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှင် မည်သူ့ ကိုမျှ အပိုထပ်ဆောင်း၍ လာဘ်ငွေပေးစရာမလို ၊ မည်သည့်အဖွဲ့အစည်း မည်သည့်နိုင်ငံရေးပါတီ ၊မည်သည့် ခရိုနီ ၊မည်သည့်အဘကိုမှ ပိုင်အောင်တကူးတက လမ်းကြောင်း၇ှာမျက်နှာချိုသွေး နေစရာမလို ၊ မည်သူမဆို ဥပဒေအတိုင်း လမ်းကြောင်းမှန်အတိုင်း တိတိကျကျဆောင်ရွက်နိုင်သည်ဆိုသော အာမခံချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုပြည်တွင်းသို့ ဒလဟောစီးဝင်လာစေချင်းဖြစ်သည် ။ မြန်မာနိုင်ငံတွင် ဥပဒေကိုကျော်သူခွသူတွေများလွန်းလှတာအားလုံးအသိပင်ဖြစ်သည် ။ကားမရပ်ရ သို့ သော် အချို့လူများရပ်ခွင့်ရှိသည် ။ ဆိုင်ကယ်မစီးရ သို့ သော်အချို့လူများစီးခွင့်ရှိသည် ။ လိုင်စင်မဲ့ကား ဖမ်းသည် သို့ သော် အချို့ လူများ၊အချို့အဖွဲ့များစီးနေကြသည် ။ သစ်တပင်ခုတ်အချုပ်သုံးနှစ် (သို့ သော် )အချို့လူများ တောလုံးပြောင်အောင်ခုတ်ကြည် ၊ လောင်းကစားဥပဒေအရမြန်မာနိုင်ငံတွင်လောင်းကစားဝိုင်းထောင်ခွင့်မရှိ သို့ သော် ကော့သောင်းအနီး က သူဌေးကျွန်းလိုနေရာမျိုးမှာ ၊ မိုင်းလားဒေသမှာ လောင်းကစားဝိုင်းတွေ တရားဝင်လုပ်နေကြသည် ။ ဥပဒေစိုးမိုးရေးဆိုသည်မှာ ဥပဒေအား ကိုစိုးမိုးဆိုသူကပန်းချီစုတ်တံဖြင့်ရေးနေခြင်းဖြစ်သည်ဟုပင် ဟာသလုပ်၍ပြောနေကြသည် ။ ဘာတွေညာတွေစဉ်းစားမနေနှင့် တိုင်းပြည်တိုးတက်ချင်သည်ဆိုလျှင် တရားဥပဒေအတိုင်းအညီအမျှသွားကြဖို့သာအဓိကလုပ်ဆောင်ရမည်ဖြစ်သည် ။စင်္ကာပူနိုင်ငံသို့ ရောက်လာသောအခါကျွန်တော်တို့စတင်ခံစားရသည်မှာ ဥပဒေ၏အကာအကွယ်ကို အများတန်းတူ ကျွန်တော်တို့လည်းရရှိနေသည်ဟူသော ယုံကြည်မှုဖြင့်စိတ်လုံခြုံသလိုခံစားရခြင်းဖြစ်သည် ။ ငါသည်ဥပဒေကိုမချိုးဖောက်သမျှမည်သူ၏အရေးယူခံရခြင်းကိုမှခံစရာမလို ၊မည်သူ့ ကိုမှအောက်ကျမျက်နှာချိုသွေးစရာမလို ၊ငါသည်လူတယောက်ဖြစ်သဖြင့် လူတယောက်ရှိအပ်သော ဥပဒေအကာအကွယ်ကိုငါရနေသည်ဆိုသော ခံစားချက်က အားအင်ဖြစ်စေပါသည် ။ ရဲကိုမြင်သည်ဖြစ်စေ ၊စစ်သားကိုမြင်သည်ဖြစ်စေ ၊ မည်မျှ ရာထူးကြီးသော ၊မည်မျှချမ်းသာသောသူကိုမြင်သည်ဖြစ်စေ မိမိသည်လည်းတန်ဖိုးရှိသောလူသားယောက်အဖြစ် တန်းတူရည်တူရပ်တည်နိုင်သောစိတ်ဓာတ်ဖြစ်ပေါ်မိလေသည် ။ ဒါကားဥပဒေ၏အကာအကွယ်ကိုအားလုံးတန်းတူညီမျှရရှိသော အကျိုးရလာဒ်ပေတည်း။

ဒါသည်တရားဥပဒေစိုးမိုးမှုဆိုသော ခေါင်မိုးနှင့်တူသောကိစ္စဖြစ်သည် ။ ဥပဒေစိုးမိုးမှုနှင့် အတူထပ်ကြပ်မကွာလိုက်ပါလာသည့်ကိစ္စမှာ စီမံခန့် ခွဲမှကောင်းခြင်းဖြစ်သည် ။စီမံခန့် ခွဲမှု ( Management )ဆိုသည်မှာ နိုင်င့တော်အဆင့် စီမံကိန်းကြီးတွေမှာလိုအပ်သလို ပြည်သူလူထု၏နေ့ စဉ်နေထိုင်သွားလာ စားသောက်သည့် ဖြစ်စဉ်များအပေါ်အုပ်ချုပ်သူအာဏာပိုင်များ၏တုန့် ပြန်မှု မှာလည်းအဓိက လိုအပ်ပါသည် ။ စင်္ကာပူနိုင်ငံကိုရောက်ပြီးမကြာမီမှာပင်သူတို့အစိုးရသည် တိုင်းသူပြည်သားများအတွက် ဘက်ပေါင်းစုံမှလိုလေသေးမရှိအောင်စဉ်းစာေးတွးခေါ်ပြီး အကွက်ကျကျ ထိထိရောက်ရောက် တပွဲတိုးနည်းများဖြင့်မဟုတ်ပဲဆောင်ရွက်ပေးထားတာသတိထားမိသည် ။ သူတို့နိုင်ငံကသေးသည် ။ထိုအခါကားတွေအများကြီးဝယ်စီးကြလျှင်လမ်းတွေကြပ်ကာ အားလုံးကမောက်ကမဖြစ်ကုန်မှာကိုမလိုလား ။ ကားမ၀ယ်ရ မစီးရဟုလည်း အမိန့် အာဏာတွေ မသုံး ။ စီမံခန့်ခွဲမှုသုံးလေးခုလောက်လုပ်လိုက်တော့အားလုံအဆင်ပြေသည် ။ နံပါတ်တစ်အချက် ကားဝယ်လျှင် ယဉ်ပိုင်ရှင်က အစိုးရထံတွင် COE ဟုခေါ်သောစပေါ်ငွေနင့်နေအောင်တင်ရသည် ( ဒေါ်လာ သိန်းဂဏန်းအထိ တင်ရသည် ) ၊ ထိုငွေကို ယာဉ်ပြန်အပ်လျှင်ဖြစ်စေ ကားသက်တမ်းကုန်သွာလျှင်ဖြစ်စေ ပြန်ထုတ်ပေးသည် ။ ကားတစ်စီးလျှင်ဆယ်နှစ်ပဲ အသုံးပြုခွင့်ရှိသည် ။ဆယ်နှစ်ပြည့်လျှင် သံရည်ကြိုစက်ရုံပို့ ရသည် ။ တင်ထားသောစပေါ်ပြန်ရသည် ။နောက်ထပ်ကားတစ်စီးဝယ်စီးလျှင်ထိုကားတန်ဖိုးအလိုက် စပေါ်တင်ရပြန်သည် ။ ထို့ ကြောင့်စင်္ကာပူတွင် အလွန်ချမ်းသာသူများသာကိုယ်ပိုင်ကားးစီးနိုင်သည် ။ ကားကကားတွေများမလာအောင်ထိန်းကျောင်းမှုဖြစ်သည် ။ ထိုသို့ ထိမ်းကျောင်းရုံမျှဖြင့်ကောင်းမွန်သောစီမံခန့်ခွဲမှုဟုမခေါ်ဆိုနိုင်သေး ။ကောင်းမွန်သောစီမံခန့် ခွဲမှုမှာ စင်္ကာပူတနိုင်ငံလုံးတွင် အလွန်ကောင်းမွန်သော ဘတ်စ်ကားစနစ်ရှိသည် ။ ကားများသည် အလွန်ဆုံးကြာလှ လေးမိနစ် မှခုနစ်မိနစ်လောက်ပဲစောင့်ရသည် ။ အများအားဖြင့် မိနစ်တိုင်းမှာ မှတ်တိုင်သို့ကားတွေဆိုက်လာနေသည် ။ ဘတ်စ်ကားအားလုံးအသစ်စက်စက် ကားတွေဖြစ်သည် ။ လေအေးပေးစက်တပ်ထားသည် ။များသောအားဖြင့်ထိုင်ခုံတွေချောင်နေသသည် ။ အချို့ကားများမှာ နှစ်ထပ်ဘတ်စ်ကား ( Double Decker ) များဖြစ်သည် ။ စီမံခန့် ခွဲမှုကောင်းပုံမှာ ကားပေါ်တွင်အပေါ်ထပ်သို့ တက်၍ထိုင်မည့်သူများ တက်ပြီးကာမှ နေရာလွတ်မရှိ၍ ပြန်ဆင်းလာရခြင်းမျိုးမရှိရလေအောင် အပေါ်ထပ်တွင်ထိုင်ခုံဘယ်နှခုံလွတ်နေပါသေးသည်ဆိုတာကို အောက်ထပ်ခရီးသည်များမြင်သာသောနေရာတွင် စာတန်းထိုးပြထားသေး၏ ။ ရောက်ကာစကကျွန်တော်မသိ ။ ကျွန်တော့်တူက လာကိုညီ အပေါ်ထပ်မှာ ၁၆ ခုံလွတ်သေးတယ် ဟုပြောတော့ အံ့သြမိသည် ။ဒီကောင်ဖြီးနေတာလားဟုထင်ကာ အပေါ်ထပ်ရောက်တော့ထိုင်ခုံအလွတ်တွေကိုရေတွက်ကြည့်ရာတကယ် ၁၆ ခုံလွတ်နေသည် ။ တိုင်းသူပြည်သားများအတွက် အမြဲတမ်းအချိန်ပြည့်တွေတောကာစဉ်းစားနေသောအစိုးရ၏ စီမံခန့်ခွဲမှုဟုသာသြချရတော့သည် ။ဤမျှမကသေး ကားမှတ်တိုင်တိုင်းတွင် မှတ်တိုင် အမည်အပြင် နံပါတ်ဂဏန်းလေးလုံးတွဲလေးတွေရေးထား၏ ။ထိုနံပါတ်လေးလုံးတွဲမှာအခြားမဟုတ် www.gothere.com ဆို၍ အင်တာနက်မှာ ရိုက်ထည့်လိုက်ပြီး မိမိရောက်နေသောကားမှတ်တိုင် ၏သင်္ကောနံပါတ်လေးလုံးကိုရိုက်ထည့်လိုက်သည်နှင့် ဤမှတ်တိုင်သို့  (ဥပမာ နံပါတ် ၂ ၊ နံပါတ် ၇၄ စသည်ဖြင့် ) မည်သည့်ကားက ဘယ်နှစ်မိနစ်အကြာတွင် ရောက်လာပါတော့မည် ဟု ပေါ်လာပါသည် ။ထို့ကြောင့် သူတို့နိုင်ငံတွင် ကားကဘယ်တော့လာမှာလဲ ၊ ဘယ်ကားကဘယ်ကိုရောက်သလဲ ၊ ဆူးလေကို မြောက်ဥက္ကလာကို စသည်ဖြင့်မေးနေစရာမလို ၊ကားစရာကအော်နေစရာမလို အားလုံးအလွယ်တကူသိအောင် လုပ်ထားကြဖြင့် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေရင်း အဆင်ပြေနေကြသည် ။ ရောက်ကာစကသူတို့ပြောတာမယုံ ကားလာနေပြီဟုအင်တာနက်ကြည့်ရင်း တူုဖြစ်သူမောင်အာကာကပြောရာ မလာပါဘူးကွာမတွေ့ ပါဘူးဟုပြောရာ ၊ လာနေပြီပြောတယ် ရောက်လာတော့မယ် ဟုပြောရာ ပြောရင်းဆိုရင်းပင် သူပြောသောကားနံပါတ်နှင့်လိုင်းကားသည်မှတ်တိုင်သို့ ရောက်ချလာ၏ ။ ကားတွင် GPS တပ်ထားပြီး ခရီးသည်များကို သတင်းအချက်အလက်ပေးနေခြင်းဖြစ်သည် ။ ဒါကအဆင့်မြင့်နည်းပညာ ပါနေသဖြင့် မြန်မာပြည်မှာလုပ်လို့မလွယ်တာကိုနားလည်လက်ခံပါသည် ။ သို့ သော် အဆင့်မြင့်နည်းပညာသုံစရာမလိုပဲပြည်သူလူထုအဆင်ပြေအောင်လုပ်ပုံကိုင်ပုံကိုလည်းရေးပြချင်ပါသည် ။ဒါကတော့ ဘတ်စ်ကားများပြေးဆွဲသည့်အချိန်ဖြစ်သည် ။ စင်္ကာပူတွင် ဘတ်စ်ကားများကို ညသန်းခေါင် ကျော် မိနစ်နှစ်ဆယ်အထိဆွဲပေးသည် ။ ညဆယ့်နှစ်နာရီ မိနစ်နှစ်ဆယ်အတိတွင် ဆွဲနေသောကားများအားလုံး သိမ်းကာ ဂိတ်ဆီပြန်ကြသည် ။ ထိုအချိန်နှင့်မရှေးမနှောင်းမှာပင် ညကြီးပိုင်းဆွဲသောကားများထွက်လာသည် ။ ညကားသည်သပ်သပ် နေ့ကားသည်သပ်သပ်ဖြစ်သလား ၊ သို့ မဟုတ် နေ့ကားတွေကိုပဲ ကားဆရာပြောင်းကာ ညကားလုပ်လိုက်သလားဟုမေးကြည့်သောအခါ နေ့ကားကသပ်သပ် ၊ညဘက်ထွက်လာသောကားတွေကသပ်သပ်စီ ကားလဲမတူ ကားဆရာလဲမတူဟုသိရသည် ။ ထိုညကားသည် နေရာအစုံအနှံ့ ပိုပြီးရှည်ရှည်ဝေးဝေးပြေးဆွဲပေးသည် ( လူတွေချောင်ကြိုချောင်ကြားအထိပြန်လို့အဆင်ပြေအောင် ) ။ ထိုသို့ ညကားတွေပြေးဆွဲနေစဉ် မနက်စောစော လေးနာရီ တွင် နေ့ ကားများ ပြန်လည်စတင်ပြေးဆွဲလေသည် ။ထိုအခါမှ ညကားများတာဝန်ပြီးဆုံးသွားသည် ။နေ့ကားညကားခွဲပြောနေရသော်လည်း ပြည်သူလူထုဘက်ကကြည့်လျှင် ၂၄ နာရီလုံးလုံးလမ်းပေါ် တွင် စီးစရာဘတ်စ် ကားများရှိနေသည့်သဘောဖြစ်သည် ။ ကားဆရာများကလည်း ၀န်ထမ်းများအဖြစ်လစာပေးပြီး တနေ့မောင်းချိန် (အလုပ်လုပ်ချိန် ) ရှစ်နာရီ ခန့်သာထားပေးသဖြင့် စိတ်ရှည်သည်းခံ တာဝန်ကြေပြွန်ကြသည် ။ ဘီးတပ်ကုလားထိုင်နှင့်မသန်စွမ်းသူတယောက်တက်မည်ဆိုလျှင်ကားဆရာသည်ကားပေါ်မှဆင်းလာကာ ကားနောက်ပေါက်တံခါးတွင်ခေါက်၍ ဖြန့်၍ရသောကုန်းဘောင်လိုအပြားလေးကို ချပေးကာ လက်တွန်းလှည်းသမားကို ကားပေါ်သို့ ကူတွန်းတင်ပေးသည် ။ ထို့နောက်ကုန်းဘောင်ပြားကိုပြန်ခေါက်သည် ။ ပြီးမှအခြားခရီးသည်များကိုတက်ခိုင်းသည် ။ဆင်းလိုသောမှတ်တိုင်ရောက်လျှင်လည်း ထိုနည်းလည်းကောင်းကူညီပြန်သည် ။ကူညီသောကားဆရာကကူညီ မကူညီသောကားဆရာကစိတ်အခန့်မသင့်၍ မကူညီချင်းမျိုးမဟုတ် ပဲ ဒါမျိုးကြုံလျှင် ကားဆရာကလုပ်ကိုလုပ်ပေးရမည့်တာဝန်တရပ်အဖြစ် သတ်မှတ်ထားတာကိုက သူတို့၏ စီမံခန့်ခွဲမှကောင်းမွန်ခြင်းဖြစ်သည် ။ ဒါမျိုးစီမံခန့်ခွဲမှု (နေ့ကားညကားဆွဲပေးမှု ၊ ကားဆရာကိုအလုပ်ချိန်စနစ်တကျသတ်မှတ်ပေးမှု ၊ တာဝန်ယူကူညီစေမှု)စသည့်ကိစ္စများမှာထူးခြားဆန်းပြားသောနည်းပညာတွေမလိုအပ်ပေ ။ လုပ်ချင်လှင် လုပ်တတ်လျင်အားလုံးလိုက်လုပ်၍ရသောကိစ္စများဖြစ်သည် ။ မီးရထားလည်းထိုနည်းနှင်နှင်ပင်ဖြစ်သည် ။ အများအားဖြင့် မြေအောက်ရထားဘူတာရုံထဲသို့ ဆင်းသွားလျှင်သိလိုသမျှကို အားလုံးရေးပေးထားသည် ။ စာတွေရေးထားသည် ၊ရထားလမ်းကြောင်းမြေပုံတွေရှိသည် ။ရထားပေါ်တွင် ဘယ်ဘူတာသို့ ဆိုက်တော့မည် ၊ရှေ့ ရပ်မှာ ဘယ်ဘူတာဖြစ်ပါသည်ဟု အမြဲကြေငြာသလို စာတမ်းကလည်းထိုးပြနေရာ ကလေးကအစ ရထားကိုအမှားအယွင်းမရှိစီးနိုင်သည် ။ လူတွေလိမ့်မကျအောင် ပလက်ဖောင်းကို မှန်ဖြင့်ကာထားပေးသည် ။ ရထားလာမှတံခါးကွက်တိပွင့်သည် ။ ဆိုလိုသည်မှာ ပြည်သူလူထုကားဝယ်မစီးနိုင်အောင် ကားဈေးကိုမြှင့်ထားသလို တဖက်ကလည်း သာမာန်လက်လုပ်လက်စားမှသည်အစိုးရအရာရှိကြီးတွေအထိ အတူတကွ သက်တောင့်သက်သာ ရုံးတက်ရုံးဆင်း လွယ်ကူစွာသွားလာလို့ရအောင် လိုင်းကားနှင့် မြို့ပါတ်ရထားလိုင်ပေါင်းများစွာကို တပြုင်နက်ပြေးဆွဲပေးနေခြင်းသည်ကောင်းမွန်သောစီမံခန့်ခွဲမှဖြစ်သည် ။ အသေးစိတ်စီမံခန့်ခွဲမှများအဖြစ် ရထားအားလုံးအချိန်မှန်အတိအကျ ပြေးဆွဲနိုင်ခြင်း၊ ဘတ်စ်ကားအားလုံးအချိန်အတိအကျမှန်မှန်ကန်ကန်ပြေးဆွဲနေနိုင်ခြင်း ၊တနိုင်ငံလုံး ကတ်စနစ်ဖြင့်သာ ကားခရထားခကောက်ခံခြင်း တို့ကလည်း အားလုံးကိုထိမ်းချုပ်ရလွယ်ကူစေသည် ။

စီမံခန့် ခွဲမှဆိုသည်မှာကြီးမားသောကိစ္စကြီးများသာမဟုတ် မည်မျှသေးငယ်သောကိစ္စပင်ဖြစ်စေ ပြည်သူလူထုလွယ်ကူအဆင်ပြေစေရန်လုပ်ဆောင်မှုမှန်သမျှ စနစ်မှန်သမျှသည် စီမံခန့်ခွဲမှု (Management ) အတတ်ပညာဖြစ်တော့သည် ။ ကျွန်တော်တို့အတုယူရမည် ။ ဥပမာ ကားရပ်နားသော နေရာတစ်ခုသို့  ကားမောင်းဝင်လာသူသည် ဘယ်နေရာ ကားရပ်ဖို့ နေရာလွတ်သလဲဆိုတာ ကားမောင်းရင်းအသေးစိတ်လိုက်ကြည့်ရတာပင်ပန်းလှသည် ။ ရိုးရှင်းသောဖြေရှင်းနည်းမှာ ယာဉ်ရပ်နားရန်နေရာလွတ် ရှိနေသောနေရာတွင် မီးလုံးအစိမ်းလေးလင်းပြထားသည် ။ ထိုအခါကားမောင်းသူသည် မီးစိမ်းလင်းနေသောနေရာများသို့ တန်းမောင်းသွားရုံဖြင့်အဆင်ပြေလေသည် ။ဒါသည် ထူးခြားဆန်းပြားသောနည်းပညာမဟုတ် ၊ လူတွေအဆင်ပြေအောင်စဉ်းစားလုပ်ကိုင်ချင်စိတ်ရှိဖို့ နှင့် လက်တွေ့ လုပ်ကိုင်ကြဖို့ သာလိုပါသည် ။ထိုသို့ သောကိစ္စများစွာစင်္ကာပူမှာတွေ့ ရသည် ။ ဘာမှထူးခြားဆန်းပြားသောနည်းပညာများမဟုတ် ၊သို့ သော် စီမံခန့်ခွဲပုံကောင်းမွန်သဖြင့် ကိစ္စများမှာပိုပြီးအဆင်ပြေလာကြသည် ။ ဥပမာ သူတို့ဆီကပင်လယ်ကမ်းခြေ တလျှောက်ဝယ် လမ်းသုံးလမ်းရှိသည် ။ တလမ်းမှာ ကားလမ်းမကြီးဖြစ်သည် ။ ဒါကကျွန်တော်တို့ဆီမှာလည်းရှိသဖြင့်မဆန်းပေ ။ သို့ သော် ဒုတိယလမ်းမှာ စက်ဘီးသီးသန့်ဖြစ်သည် ။ ကျွန်တော်သည်စက်ဘီးတစီးကို သုံးနာရီ ဆယ်လော်လာဖြင့် ငှားစီးကာ East Coast ကမ်းခြေအတိုင်း နင်းလာခဲ့စဉ် စစီးစဉ်က ကားတွေ နဲ့ ဖြစ်ပါ့မလားဟုစိုးရိမ်မိသော်လည်း တဖြည်းဖြည်းသဘောပေါက်လာရသည်မှာ စက်ဘီးစီးသောလမ်းမှာ ကားလမ်းလိုပင်နိုင်လွန်ကတ္တရာခင်းထားသောလမ်းဖြစ်သော်လည်း လေးငါးမိုင်ရှည်သောပင်လယ်ကမ်းခြေတလျှောက်လမ်းကြီးမှာ စက်ဘီးသီးသန့်လမ်းဖြစ်ပြီး ကားလုံးဝမ၀င်နိုင်အောင်ကာရံထားသဖြင့် ဘေးကင်းပြီဟုစိတ်ချလက်စက်ဘီးစီးရဲပေ၏ ။ ထိုစက်ဘီးလမ်း၏ဘေးဘက်တွင် လမ်းတစ်လမ်းသီးသန့်ရှိသေးပြီး ခြေလျှင်လမ်းလျှောက်သူများအတွက်လမ်းဖြစ်ပါသတဲ့ ။ အချို့နေရာများတွင် စက်ဘီးစီးသောနိုင်လွန်ကတ္တရာလမ်းပေါ်မှာပင် အကျယ်လေးပေခန့် မျဉ်းဝါလိုင်းဆွဲထားပြီး လူ ခြေရာအကြီးကြီးတစုံဆွဲပြထားရာ ကျွန်တော်ကဘာမှန်းမသိချေ ။မေးကြည့်တော့မှ အပြေးလေ့ကျင့်သူတွေအတွက် သီးသန့်လမ်းဖြစ်ကြောင်းသိရသည် ။ ထို့ကြောင့်ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်သူ၊ပြေးသူ ၊စက်ဘီးစီးသူ ၊ ထိုင်နေသူ၊ငါးမျှားသူ ၊စသည်ဖြင့် ရှိကြသော်လည်း တဦးကိုတဦးအနှောက်အယှက်မဖြစ်ပဲနေနိုင်သွားနိုင်ကြတာတွေ့ ရလေသည် ။ ပင်လယ်ကမ်းခြေတွင် ပင်လယ်ဘက်သို့  ဘောတံတားပုံစံ အရှည် ပေငါးရာခန့် တံတားတခု ကိုကွန်ကရိဖြင့်ဆောက်ထားပြီးထိုတံတားအဆုံးတွင် လူတွေ ပင်လယ်ရေကိုအနီးကပ်ကြည့်ရန် ၊ အပျင်းပြေငါးမျှားရန် ၊အေးအေးလူလူ ထိုင်နားရန် ၊ ပေတစ်ရာပတ်လည် လေးထောင့် ဘောတံတားကြီးကိုလည်းဆောက်ထားလေသည် ။ ထို့ကြောင့်ပင်လယ်လေတဖြူးဖြူးနှင့်ရှုခင်းကြည့်လို့ကောင်းလှသည် ။ထိုဆိပ်ခံ ( Pier )မျိုးကို အမေရိကန်၊အင်္ဂလန်စသောနိုင်ငံများတွင်လည်း အမြဲတွေ့ ရသည် ။ ဘာမှခက်ခက်ခဲခဲတည်ဆောက်ရသည်လည်းမဟုတ်ပါပဲ မြန်မာနိုင်ငံချောင်းသာ ငွေဆောင် ၊ငပလီ ၊ စက်စဲ ၊ကမ်းသာယာ မည်သည့်ကမ်းခြေမှာမှ ဆောက်လုပ်နိုင်ခြင်းမရှိကြတာ အားမလိုအားမရဖြစ်မိပေသည်။ ခက်ခဲသောနည်းပညာမဟုတ် ၊ လုပ်ရကောင်းမှန်းမသိခြင်းနှင့် လုပ်ချင်စိတ်မရှိကြခြင်းသာအခရာဖြစ်ပေသည် ။ ပြောရလျှင်ကုန်နိုင်ဖွယ်မရှိတော့ ။

စင်္ကာပူတွင်မြင်မြင်သမျှအရာအားလုံးတွင်တော်တော်များများသည် တို့ နိုင်ငံမှာလဲလုပ်လို့ရတယ် ၊တို့ နိုင်ငံမှာလဲလုပ်လို့ ရလောက်တယ် ဆိုသောစကားကိုသာ ကျွန်တော်တို့စာရေးဆရာသုံးယောက်တတွတ်တွတ်ရေရွတ်မိလေသည် ။ တူးမြောင်းလေးသေးသေးလေးကိုလှအောင်လုပ်ပြီးတိုးရစ်တွေကို အပျော်စီးစက်တပ်လှေကလေးတွေနှင့် ငွေရှာကြတာမြင်တော့ မန္တလေးကျုံးကြီးကိုသတိရမိသည် ။ ပင်လယ်ကမ်းခြေမှာစက်ဘီးလမ်းကလေးတွေ ၊လူသွားလမ်းကလေးတွေမြင်မိတော့ ကန်တော်ကြီးတို့ အင်းလျားတို့ကိုသတိရမိသည် ။ လူတွေဈေးဆိုင်တွေ တိုးရစ် တွေတရုန်းရုန်းဖြင့်စည်ကားလွန်းသော Clarke Quay ရပ်ကွက်ကိုမြင်တော့ ရန်ကုန်တရုတ်တန်းနှင့်လသာလမ်းတ၀ိုက်ကိုသတိရမိသည် ။လမ်းမကြီးတွေကို လမ်းကူးသူတွေ အန္တရာယ်မဖြစ်အောင် Under Pass ခေါ်မြေအောက်လူကူးလမ်းလေးတွေလုပ်ပေးထားတာမြင်တော့ မကြာခနယာဉ်တိုက်မှုဖြစ်၍လူသေကြရသော မြောက်ဥက္ကလာ သုဓမ္မာလမ်းမကြီးနှင့် မြန်မာနိုင်ငံမှ လမ်းမများကိုသတိရမိသည် ။ နေရာတိုင်းမှာတွေ့ ရသော သန့်ရှင်းသပ်ရပ်စနစ်ကျလှသော Food Court စားသောက်ဆိုင်တန်းများကိုတွေ့ တော့ စားသောက်ဆိုင်တွေ နေရာတကာပြန့်ကျဲနေကြသော စနစ်မကျသည့်ဈေးဆိုင်တန်းများကို မြင်ယောင်မိသည် ။ မီးရထားဖြင့် ကားဖြင့် ကြော့ကြော့မော့မော့ အလုပ်သွားအလုပ်ပြန်ကြသူများကိုမြင်တော့ ဘတ်စ်ကားတွေ ၊ မီးရထားတွေ ကြပ်ညပ်တိုးခွေ့ စီးရသော ကျွန်တော်တို့နိုင်ငံအဖြစ်ကိုတွေးမိသည် ။ အချို့ကိစ္စတွေကနည်းပညကြောင်း ကျွန်တော်တို့မလိုက်နိုင် ။ အချို့သောအရာတွေကလုပ်ရမှာအလွန်လွယ်ပါလျှက် အာဏာရှိသူတွေ လုပ်ရကောင်းမှန်းမသိတာ ၊ မလုပ်တတ်တာ ၊ အထက်အမိန့်ကိုစောင့်တာတွေကြောင့် ဖြစ်မလာတာတွေရှိတော့မချင့်မရဲဖြစ်မိသည် ။ မြန်မာနိုင်ငံစင်္ကာပူကိုမီသည်မမီသည်တပိုင်းထား၊ စနစ်တကျဖွံဖြိုးတိုးတက်စေချင်သည်ဆိုလျှင် တရားဥပဒေစိုးမိုးရေးနှင့် စီမံခန့်ခွဲမှုသည်သာအရေးအကြီးဆုံးဖြစ်ပါကြောင်း ဥပဒေစိုးမိုး၍ဖွံဖြိုးတိုးတက်ခဲ့သောနိုင်ငံတနိုင်ငံကိုကြည့်ကာ ရေးလိုက်ရပါသည်ခင်ဗျား။

သရ၀ဏ်(ပြည်)

စောင့်ကြည့် News Watch ဂျာနယ်
၂၃.၆.၂၀၁၇
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.