ဗြိတိန် နိုင်ငံရဲ့ ရွေးကောက်ပွဲ ရလဒ် အပေါ်မှာ အီးယူ ခေါင်းဆောင်တွေ စိုးရိမ်


ဘယ်ပါတီမှ အစိုးရ သီးသန့် မဖွဲ့နိုင်တဲ့ ယူကေ ပြည်တွင်း နိုင်ငံရေး အခြေအနေဟာ၊ အီးယူးထဲကနေ နှုတ်ထွက်တဲ့ လုပ်ငန်းစဉ် ဘရက်စစ် အပေါ်မှာပါ ပိုပြီး မတည်ငြိမ်မှုတွေ ဖြစ်လာ နိုင်တယ် ဆိုပြီး ယူဆ နေကြတာ ဖြစ်ပါတယ်။

အီးယူနဲ့ ဗြိတိန်အကြား ဘရက်စစ် စကားပြောပွဲတွေ စတင်မယ့် ရက်ဟာ ၁ဝ ရက်ပဲ လိုပါတော့တယ်။

စကားပြောပွဲကို နှောင့်နှေးမှု မရှိပဲ စီစဉ် ထားတဲ့ ရက်မှာ စချင်တယ် ဆိုပြီး ဥရောပ ကော်မရှင် ဥက္ကဌ ယန် ကလို့ဒ် ယွန်ကာက ပြောပါတယ်။

အီးယူဘက်က အတော်လေး စောင့်နေခဲ့ရတဲ့ ဘရက်စစ် စကားပြောပွဲ အပေါ် ယူကေ ရွေးကောက်ပွဲ ရလဒ်က အရှိန်ပြင်းပြင်း ရိုက်ခတ် သက်ရောက်မှု မရှိဖို့ မျှော်လင့်တယ် လို့လည်း မစ္စတာ ယွန်ကာက ပြောပါတယ်။

ယူကေ အနေနဲ့ အီးယူထဲကနေ နှုတ်ထွက်မယ် ဆိုပြီး ဆုံးဖြတ် ခဲ့တာ ၁ နှစ် ရှိပြီ ဖြစ်ပေမယ့်၊ အခု အချိန်ထိ ဘရက်စစ် ညှိနှိုင်းမှုတွေ ပြုလုပ် နိုင်မယ့် အခြေအနေ ယူကေမှာ ရှိသလား ဆိုတာ မသေမချာ ဖြစ် နေဆဲပဲလို့ အီးယူ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီကား မူဂီရီးနီးက ဆိုပါတယ်။

ယူကေ ဘက်ကို ကြည့်ရင်တော့ ဘုရင်မကြီးနဲ့ တွေ့ပြီး ပြန်လာတဲ့ ထရီဆာမေက၊ သူ အစိုးရ ဖွဲ့မယ်လို့ အခိုင်အမာ ပြောလာပြီ ဖြစ်ပါတယ်။

တိုင်းပြည် အတွက် အရေးကြီးတဲ့ အခုလို အချိန်မှာ တိုင်းပြည်ကို အာမခံချက် ပေးပြီး၊ တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်နိုင်မယ့် အစိုးရကို ဖွဲ့မယ် ဆိုပြီး ဝန်ကြီးချုပ် နေအိမ် အမှတ် ၁ဝ ဒေါင်းနင်းလမ်း အရှေ့မှာ ပြောသွားတာပါ။

ဘရက်စစ် လုပ်ငန်းစဉ်ကို ဦးဆောင်ပြီး လုပ်တဲ့ နေရာမှာ၊ ပြည်သူက လွှဲအပ်တဲ့ အခွင့်အာဏာ အပြည့်အဝ လိုချင်တယ် ဆိုတဲ့ သဘောထားနဲ့ ဝန်ကြီးချုပ် မေက အခု ရွေးကောက်ပွဲ ကို အချိန် မတိုင် ခင် စောပြီး ကျင်းပဖို့ တောင်းဆို ခဲ့တာပါ။

အခု အခါမှာတော့ မစ္စစ် မေ အနေနဲ့ သီးသန့် အစိုးရ မဖွဲ့နိုင်ပဲ ညွန့်ပေါင်း အစိုးရ တစ်ရပ်ပဲ ဦးဆောင် ဖွဲ့ရတော့မယ့် အခြေအနေမျိုး ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နေရာမှာ ဆက်နေဖို့ မစ္စစ်မေ ပူးပေါင်းမယ့် DUP ပါတီ နဲ့ ကွန်ဆာဗေးတစ် ပါတီကြား ဘယ်လို တွဲပြီး အလုပ်လုပ် ကြမယ် ဆိုတာကိုတော့ မသိရ သလောက်ပဲ ဆိုပြီး ဘီဘီစီ သတင်းထောက် လော်ရာ ကူးန်စ်ဘာ့ဂ်က ပြောပါတယ်။

ရွေးကောက်ပွဲ ရလဒ် ထွက်လာပြီး နောက်မှာတော့ မရေရာတဲ့ နိုင်ငံရေး အခြေအနေဟာ ယူကေ စီးပွားရေး အပေါ် ရိုက်ခတ် နေပြီး အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ ဗြိတိသျှ ပေါင်ငွေ တန်ဖိုး ကျဆင်း သွားသလို ယူကေ စီးပွားရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ ရှယ်ယာ တန်ဖိုးတွေကိုလည်း ထိခိုက် နေပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.