ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားချက်အပေါ် တပ်မတော်၏သဘောထားထုတ်ပြန်ချက်နှင့် သူတို့အမြင်




၂၀၁၇ ခုနှစ် ဇူလိုင်လ ၉ ရက်က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး၊ အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ''အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမဲ့ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲ ဖြစ်ပါတယ်''ဆိုသည့် ပြောကြားချက်နှင့်ပတ်သက်၍ လိုအပ်သလို စိစစ်အရေးယူပေးရန် တပ်မတော်က နိုင်ငံတော်အစိုးရထံ တင်ပြခဲ့သည်။

လက်ရှိအချိန်တွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုအကြား အမြင်အမျိုးမျိုးဖြင့် ဝေဖန်ဆွေးနွေးမှုများ မြင့်တက်လျက်ရှိသည်။ ယင်းအခြေအနေတို့နှင့်ပတ်သက်၍ သတင်း မီဒီယာနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူအချို့အား ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဦးမြင့်ကျော် (သတင်းမီဒီယာကောင်စီဝင်)

ကျွန်တော့်အမြင်ကတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြီးပြောတာပေါ့လေ။ သို့သော် လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့၊ သူ တာဝန်ယူထားတဲ့ ရာထူးအနေနဲ့ ပြောသင့်၊ မပြောသင့်ဆိုတဲ့ အနေအထားကိုတော့ သူစဉ်းစားဖို့ လိုတာပေါ့လေ။ ဒီပြောဆိုချက်က အကျိုးရလဒ်ဘာထွက်လာမလဲ၊ အကယ်၍ ပြောဆိုချက်က တကယ်ပြောဖို့ လိုအပ်တယ်၊ ပြောသင့်ပြောထိုက်တဲ့အခါမျိုးမှာ ပြောတာကတော့ လက်ခံတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်က ဘာမှ ရလဒ်မထွက်ဘဲနဲ့ တခြားသော အကျိုးသက်ရောက်မှုတွေပဲ ဖြစ်လာရင်တော့ အဲဒါက ပါတီအနေနဲ့ရော၊ အစိုးရအဖွဲ့အနေနဲ့ရော မကောင်းဘူးပေါ့နော်။

ဒေါက်တာနန္ဒာလှမြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ)

ပါတီအနေနဲ့ကတော့ သီးခြားပြောစရာ၊ မှတ်ချက်ပြုစရာမရှိပါဘူး။ တဦးချင်းအမြင်ပြောရရင်တော့ ဒီအချိန်က ကိုယ့်နိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးဖို့ ဆောင်ရွက်ရမယ့် ကာလလေ။ ကိုယ့်နိုင်ငံသားအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ့် ကာလမျိုးမှာ အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးပြီးတော့ အားလုံးသွားနေကြတဲ့အချိန်အခါမျိုးမှာ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အထင်အမြင်လွဲ သံသယဖြစ်စေမယ့်၊ အမုန်းပွားစေမယ့် အပြုအမူ၊ အပြောအဆိုမျိုးကို ဒီအချိန်မှာ မလုပ်သင့် ဘူး။ အထူးသဖြင့် တာဝန်ကြီးကြီးယူထားတဲ့ ပုဂ္ဂိုလ်တွေ ပြုမူပြောဆိုတာဟာ မိမိတာဝန်အပေါ်မှာ ပိုပြီးတော့ ဂရုစိုက်သင့်တယ်။ ဒီလိုမျိုးပြောတာက ဒီအချိန်မှာ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်။ ဒီရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တာ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် အကျိုးယုတ်စရာတွေပဲ ဖြစ်နိုင်တယ်။ ဒါမျိုးတွေ မပြောသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။



စာရေးဆရာထင်လင်းဦး (Wisdom Villa)

သူပြောတဲ့စကားက ဒီမိုကရေစီနိုင်ငံမှာလို့ ပြောတာလေ။ သူပြောတဲ့အထဲမှာတော့ မှားယွင်းတာတော့ မတွေ့မိဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတခုမှာ အစိုးရအဖွဲ့ရှိမယ်။ နိုင်ငံတော်သမ္မတရှိမယ်၊ အစိုးရအဖွဲ့ ကတ်ဘိနက်ရှိမယ်။ ဒါက ထိပ်ပိုင်း၊ ခေါင်းဆောင်ပိုင်း။ အုပ်ချုပ်ရေး မဏ္ဍိုင်မှာပေါ့။ ဒီအုပ်ချုပ်ရေးမဏ္ဍိုင်မှာ အစိုးရအဖွဲ့တခု ဖြစ်လာပြီဆိုတာနဲ့ နိုင်ငံတော်သမ္မတကနေ ကတ်ဘိနက်ဖွဲ့တယ်။ ၀န်ကြီးတွေ ပါလာတယ်။ ၀န်ကြီးတွေရဲ့ လက်အောက်မှာ ဒုဝန်ကြီးရှိမယ်။ အဲဒါပြီးရင် ၀န်ကြီးတွေရဲ့ လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာတွေမှာ ညွှန်ချုပ်တွေ ရှိမယ်။ ဦးဆောင်ညွှန်ကြားရေးမှူးဆိုတာတွေ ရှိမယ်။ ဒီလိုသွားကြတာလေ။ အဲဒီတော့ ကြည့်လိုက်ရင် ကာကွယ်ရေးနဲ့ပတ်သက်တဲ့အပိုင်းမှာ ကာကွယ်ရေးဝန်ကြီးဆိုတာရှိတယ်။ ဌာနရဲ့အကြီးအကဲက ဘယ်သူလဲဆိုရင် သေချာတယ်လေ။ ဘယ်ဌာနပဲဖြစ်ဖြစ် ၀န်ကြီးပဲပေါ့။ ဥပမာ - လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဦးစီးဌာနလို့ခေါ်တဲ့ လ၀က။ လ၀ကရဲ့ အကြီးအကဲက ဘယ်သူလဲဆိုရင် သူ့သက်ဆိုင်ရာဝန်ကြီးဌာန ၀န်ကြီးပေါ့။ ပြည်သူ့ရဲတပ်ဖွဲ့ကို သွားကြည့်လိုက်။ ဒီအဖွဲ့ရဲ့ အကြီးအကဲ ဘယ်သူလဲဆို ထိပ်ဆုံးက ပြည်ထဲရေးဝန်ကြီးပေါ့။ အဲဒီတော့ ၀န်ကြီးအောက်မှာ ညွှန်ချုပ်ရှိတယ်။ ဒါက ထုံးစံပဲ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးအောက်မှာ ဘယ်သူရှိမလဲ။ ကာကွယ်ရေး ဦးစီးချုပ်ရှိမယ်။ နော် . . . ။ သူက အဲဒါကို Level တခုနဲ့ တိုင်းလိုက်တဲ့အခါမှာ ဒီမိုကရေစီစစ်စစ်နိုင်ငံမှာဆိုရင် ဒီသဘောဆိုပြီး သူက ပြောသွားတာ။ အဲဒီအထဲမှာတခုမှ မှားယွင်းတာ အစ်ကို မတွေ့ဘူး။

ဒေါက်တာသောင်းထွန်း (လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့)

တဖက်က ပြောတာကတော့ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတာက ၀န်ထမ်းအဖွဲ့အစည်းတခုရဲ့ အကြီးအကဲပေါ့။ တပ်မတော်ဆိုတာက လုံခြုံရေးအတွက် တာဝန်ပေးအပ်ထားတဲ့၊ နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ပေးအပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း။ အဲ့ဒီအဖွဲ့အစည်းရဲ့ အကြီးအကဲကတော့ ကာကွယ်ရေးဦးစီးချုပ်ပေါ့။

အဲဒီတော့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေမှာ ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးဝန်ကြီးရဲ့ လက်အောက်မှာရှိတယ်။ တချို့ သမ္မတစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း သမ္မတက စစ်သေနာပတိချုပ် လည်းဖြစ်တယ်။ သူ့အောက်မှာမှ ကာကွယ်ရေးဦးစီးချုပ်ကို ခန့်ထားတာရှိတယ်။ ဆိုတော့ အဲဒီရှုထောင့်က ကိုဖြိုးမင်းသိန်းက ပြောလိုက်ဟန်တူတယ်။ ဆိုတော့ လက်ရှိအမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ တပ်မ တော်ရဲ့ အခန်းကဏ္ဍကို ထိခိုက်စေတဲ့၊ သိက္ခာကျစေတဲ့ သဘောနဲ့ ရည်ရွယ်ပြီး ပြောတယ်လို့တော့ ကျွန်တော်မထင်ဘူး။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး အကဲဆတ်တဲ့ အသွင်ကူးပြောင်းရေးကာလမှာ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကတော့ နှစ်ဦးနှစ်ဖက် ပြေလည်စေချင်တယ်။ အားလုံးက တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုစေချင်တယ်။

အရေးယူတဲ့အဆင့်ထိ သွားမယ်ဆိုလို့ရှိရင်တော့ ဒါ NLD နဲ့ တပ်ရဲ့ဆက်ဆံရေး (သို့) လူထုနဲ့ တပ်ရဲ့ဆက်ဆံရေးတွေမှာ သွားထိခိုက်နိုင်ပါတယ်။ ဒီချိန်မှာ အဲဒီလောက်အထိ တင်းမာတဲ့ သဘောထား တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ မရှိသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ကိုဖြိုးမင်းသိန်းက စော်ကားတဲ့ပုံစံနဲ့ပြောတာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ထိပ်တိုက်တွေ့ဖို့ ကြိုးစားတာလည်း မဟုတ်ဘူး။ ဆိုတော့ အဲဒီအနေအထားမှာ အရေးယူမှုအဆင့်တွေအထိ ထိပ်တိုက်တွေ့မှုတွေကို ပိုပြီးနက်ရှိုင်း သွားစေမယ့်၊ ပဋိပက္ခတွေပိုပြီး ပြင်းထန်လာစေမယ့်အဆင့်ထိ မလုပ်သင့်ဘူးလို့ မြင်တယ်။

(ကိုရဲ မေးမြန်းသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.