သီရိမင်္ဂလာဈေးအတွင်း အများပြည်သူစားသုံးနေသည့် ပဲသွေးများတွင် အသုံးပြုရန်မသင့်သည့် ဖော်မလင် (Formalin) များ စစ်ဆေးတွေ့ရှိပြီး ထိုကဲ့သို့ ဖော်မလင်များထည့်သွင်းအသုံးပြုသည့် ပဲသွေးလုပ်ငန်းရှင်များကို ဆက်လက်ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)ဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
''ပြီးခဲ့တဲ့ညက သီရိမင်္ဂလာဈေးမှာရှိတဲ့ ပဲပြားနဲ့ ပဲသွေးတွေကို မိုဘိုင်းဓာတ်ခွဲခန်းနဲ့ ရှောင်တခင် ၀င်စစ်ဆေးတော့ ကုန်စိမ်းဈေးဆိုင် ၁၃ ဆိုင်မှာ ဖော်မလင်တွေထည့်သွင်းအသုံးပြုထားတဲ့ ပဲသွေးတွေ စစ်ဆေးတွေ့ရှိရတယ်။ ပဲပြားတွေမှာတော့ မတွေ့ရဘူး။ လောလောဆယ်ရောင်းတဲ့ သူတွေကို အရေးမယူဘူး။ ခံဝန်ပဲထိုးခိုင်းတယ်။ ဒါပေမဲ့ ဖော်မလင်ကိုထည့်ပြီး အသုံးပြုနေတဲ့ ပဲသွေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဖော်ထုတ်မှာပါ'' ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက် ညပိုင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ရန်ကုန်ဌာနခွဲ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ စည်ပင်သာယာဈေးများဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီဌာနတို့ ပူးပေါင်း၍ သီရိမင်္ဂလာဈေးအတွင်းရှိ ပဲပြားနှင့် ပဲသွေးများကို မိုဘိုင်းဓာတ်ခွဲခန်းဖြင့် ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပဲသွေးများတွင် ဖော်မလင်အသုံးပြုထားကြောင်း တွေ့ရှိခြင်းကြောင့် ပဲသွေး ၇၀၀၀ ကို ချက်ချင်းဖျက်ဆီးခဲ့ပြီး ရောင်းချသူများကိုလည်း ခံဝန်ကတိလက်မှတ်ထိုးခိုင်းခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ရန်ကုန်ဌာနခွဲက သတင်းထုတ်ပြန်ထားသည်။
ဖော်မလင် (Formalin)သည် Formaldehyde (CH20)ဆေးရည်ဖြစ်ပြီး သေဆုံးသူများကို မပုပ်မသိုးစေရန်နှင့် အင်္ဂါအစိတ်အပိုင်းနမူနာများကို ကြာရှည်ခံစေရန် အသုံးပြုခြင်းဖြစ်ပြီး အစားအသောက်များအတွက် ထည့်သွင်းအသုံးပြုသည့်ဆေးမဟုတ်သည့်အပြင် အသုံးမပြုရန်တားမြစ်ဆေးတွင်လည်း တခုအပါ အ၀င်ဖြစ်သည်။ အဆိုပါဆေးကို စားသောက်ကုန်များတွင် အသုံးပြုပါက အစာအိမ်လမ်းကြောင်း လောင်ကျွမ်းစေခြင်း၊ အရေပြားပေါ်တွင် အဆိပ်အတောက်ဖြစ်စေခြင်း၊ အသက်ရှူလမ်းကြောင်း ကင်ဆာ ဖြစ်စေနိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်ကျော်မင်းက ပြောသည်။
သီရိမင်္ဂလာဈေးအတွင်းရှိ ပဲသွေးများတွင် ဖော်မလင်ထည့်သွင်းအသုံးပြုထားသည့်ဆိုင်များကို နောက်ထပ်ကျူးလွန်ပါက အစားအသောက်နှင့် ဆေးဝါးကွပ်ရေးဦးစီးဌာနမှ အရေးယူမည့်အပြင် စည်ပင် သာယာဈေးများဌာနဥပဒေအရလည်း အရေးယူမည်ဖြစ်ကြောင်း သီရိမင်္ဂလာဈေး ကော်မတီဥက္ကဋ္ဌ ဦးအောင်လင်းဦးက ပြောသည်။ ''ရောင်းတဲ့ ဆိုင် ၁၃ ဆိုင်ကို ခံဝန်ထိုးခိုင်းထားတယ်။ နောက်ထပ်ရောင်း မယ်ဆိုရင် စည်ပင်ဥပဒေနဲ့ဆိုင်အပြီး ပိတ်သိမ်းတဲ့အထိ အရေးယူမှာပါ။ ပြင်းပြင်းထန်ထန် သတိပေး ထားပါတယ်။ နောင်လည်း စစ်ဦးမှာပါ။ ရှောင်တခင်စစ်ဆေးမှာ''ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်က မှော်ဘီမြို့မဈေးမှ စစ်ဆေးတွေ့ရှိခဲ့သည့် ပဲသွေးများတွင် ဖော်မလင်များ ပါဝင်နေ ခြင်းကြောင့် ၀ယ်ယူသည့်ပင်ရင်းကို ခြေရာခံခဲ့ရာမှ သီရိမင်္ဂလာဈေးအတွင်း ရှောင်တခင် စစ်ဆေးခဲ့ခြင်းဖြစ်ကြာင်း သိရသည်။
ကျော်သက်အောင်
Photo-YGN FDA

COMMENTS