ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗဟန်းအမျိုးသမီး ဆေးရုံဝင်းအတွင်း အကြီးစားပြန်လည်ပြင်ဆင်မွမ်းမံနေသည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကြီး မကြာမီဖွင့် လှစ်တော့မည်ဖြစ်ကြောင်း သတင်းရသည်။
ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံတည်ဆောက်ရေးစီမံကိန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ လှူဒါန်းထည့်ဝင်မှု၊ မြန်မာ-တရုတ်ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်း၏ ဆောင်ရွက်မှုများဖြင့် Wave Group ကုမ္ပဏီ၊ ATop Consultant Engineering ကုမ္ပဏီ၊ China Sinopharm Internation Coporation တို့မှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်သည်။
''အခုဟာက ဗဟိုအမျိုးသမီးဆေးရုံလိုလုပ်ထားတာ။ ဒါက အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင်ကြီး တည်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ပြန်ဖွင့်တဲ့အခါကျရင် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံဆိုပြီး ပြန်ဖွင့်မှာပါ။ ဒီဆေးရုံကို အာဇာနည်နေ့မတိုင်မီဖွင့်မယ်ဆိုပြီး စီစဉ်ထားတာ မဖြစ်နိုင်သေးဘူး။ ဒါက အဟောင်း ကို ပြန်ဆောက်ရတာဖြစ်လို့ နည်းနည်းချင်းလုပ် နေရတာပေါ့။ တချို့ဟာတွေကျတော့လည်း ဖြိုရတယ်။ ၀ရန်တာတွေလည်း ပြန်ဖြိုပြီး ဆောက်ရတာ။ အထဲမှာလည်းတော်တော်များများ ကျန်နေသေးတယ်။ နောက် ၀န်ထမ်းအိမ်ခန်းတွေကိုလည်း သပ်သပ်ရပ်ရပ်လုပ်ရဦးမယ်ဆိုတော့ သိပ်မကြာခင်မှာတော့ ဖွင့်လှစ်မှာပါ''ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းထွဋ်က News Watch သို့ပြောသည်။
ဗဟန်းအမျိုးသမီးဆေးရုံဝင်းအတွင်း၌ မြို့နယ်ဒေသန္တရဆေးခန်းဝန်ထမ်း အိမ်ရာအဆောက်အဦများ ရှိနေပြီး ဒေါ်ခင်ကြည်ဆေးရုံအဆောက်အဦတလုံးကိုသာ အကြီးစားပြန်လည်ပြင်ဆင်၍ ၂ ထပ်ဆောင်သစ်တ ခု ထပ်မံတည်ဆောက်နေခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြော သည်။
''ဒီဆေးရုံကြီးဟာ တကယ့်သမိုင်းဝင်နေရာကြီးဖြစ်လို့ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ပြန်လည်မွမ်းမံတာပါ။ ပြီးတော့ အမျိုးသမီးတွေအတွက် သားဖွားဆေးရုံတခုဖြစ်မယ်။ အားလုံးအတွက် အကျိုးသက်ရောက်မှုရှိမှာပါ''ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ် စားလှယ်ဦးအောင်မြတ်ကျော်က ပြောသည်။
ဆေးရုံပြင်ဆင်ခြင်းလုပ်ငန်းပြီးစီးပါက ဒေါ်ခင်ကြည်ဆေးရုံသည် စက်ပစ္စည်းပြည့်စုံပြီး ကုသစွမ်းဆောင် နိုင်မှု ပြည့်စုံသောမီးယပ်သားဖွားဆေးရုံတခုဖြစ်လာမည် ဖြစ်ကြောင်းနှင့် ပုံမှန်ကုသခြင်းအပြင် သားဖွားခန်း၊ ခွဲ စိတ်ခန်း၊ အတွင်းလူနာဌာန စသဖြင့် ပြည့်စုံသော ဆေးရုံတခုဖြစ်လာမည် ဖြစ်ကြောင်းသိရသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
COMMENTS