အကြွေးတင်နေတဲ့ ငါးစိမ်းသည်ကနေ ဘီလျံနာဖြစ်လာသူ – ဟီရိုတာကဲ ယာနို


ဂျပန်ပစ္စည်းတွေကို မြန်မာငွေ ၁၈၀ဝ ကျပ် ပတ်ဝန်းကျင်နဲ့ရောင်းချလို့ ဒိုင်ဆို (Daiso) ဆိုင်တွေဟာ မြန်မာပြည်မှာ လူသိများပါတယ်။ တိုတိုထွာထွာဝယ်ချင်သူတွေအဖို့ ငွေအများကြီးသုံးစရာမလိုဘဲ ကြိုက်ရာကို ရွေးဝယ်နိုင်တာက သူ့ အားသာချက်ပါ။ ဒိုင်ဆိုကို  ထူထောင်သူ ကိုယ် တိုင်က အောက်ခြေဘဝကနေ တက်လာတဲ့အတွက် သူ့ပစ္စည်းတွေကို ဈေးတစ်သမတ်တည်းနဲ့များများရွေးဝယ်နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒိုင်ဆိုဆန်ဂျိုးကော်ပိုရေးရှင်းကို   ထူထောင်ပြီး ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဟီရို တာကဲယာနိုဟာ ကြိုက်တာယူယန်း ၁၀ဝ နဲ့ ကုန်ပစ္စည်းမျိုးစုံကို ရောင်းချတဲ့ ဂျပန်ရဲ့ ပထမဆုံးစွန့်ဦးတီထွင်လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။ သူဟာ အဲသည် မဟာဗျူဟာကြောင့် ဘလွန်းဘတ်ရဲ့ ဘီလျံနာစာရင်းမှာ ဒေါ်လာ ၁.၉ ဘီလျံချမ်းသာ ကြွယ်ဝသူဖြစ်နေပါပြီ။

“သူလုပ်ငန်းလုပ်တဲ့အချိန်က အချိန်ကိုက်ပဲ”လို့ OC&C မဟာဗျူဟာသုတေသနလုပ်ငန်းက ပါစကယ်မာတင်က ပြော ပါတယ်၊ ‘ပထမဆုံး ယန်း ၁၀ဝ ဆိုင်ကို ၁၉၉၁ မှာ စတင်ဖွင့်ချိန်ဟာ ဂျပန်စီးပွားရေး ပူဖောင်းပေါက်ကွဲပြီး နှစ်နှစ်ကြာတဲ့ အချိန် ၊ ဂျပန်စားသုံးသူဓလေ့ ကြီးကြီးမားမား စတင်ပြောင်းလဲတဲ့အချိန်ဖြစ်တယ်”

ယာနိုရဲ့ စွန့်ဦးတီထွင်လုပ်ငန်းဟာ အလုပ်မျိုးစုံနဲ့ စတင်ခဲ့ပါတယ်။ တိုကျိုမြို့ ချူအိုတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် သူ ဟာ အလုပ်မျိုးစုံလုပ်ခဲ့ပြီး သူ့ယောက္ခမရဲ့ ငါးရောင်းချတဲ့လုပ်ငန်းကို ဒေဝါလီခံတဲ့ အ ထိ လုပ်ခဲ့တယ်လို့ ဒိုင်ဆိုဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။

သူဟာ ၁၉၇၂ မှာ ကုန်ကားတစ်စီး နောက်မှာ ပစ္စည်းတွေတင်ရောင်းပြီးတဲ့ နောက် ပစ္စည်းအားလုံးကို ယန်း ၁၀ဝ နဲ့ ရောင်းဖို့ အကြံပေါ်လာပါတယ်။ အကြောင်းကတော့ ပစ္စည်းတစ်ခုစီကို ဈေးနှုန်းတစ်မျိုးစီ လိုက်ကပ်ရင် အချိန်ကုန်တဲ့ အတွက်ပါပဲ။ သူဟာ ၁၉၇၇ မှာ ဒိုင်ဆိုကို ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ ဒိုင်ဆိုရဲ့ အဓိပာယ်က ကြီးမားတဲ့ အရာတစ်ခုကို ဖန်တီးခြင်း ဖြစ်ပါတယ်။

သည်အချိန် ဂျပန်စီးပွားရေးမှာ လုပ်အားခက မတက်၊ စီးပွားရေးက မကောင်းတဲ့အတွက် ပြောင်းလဲမှုတွေ ဖြစ်နေပြီး ဂျပန်တွေဟာ သူတို့ပိုက်ဆံပေးရတာနဲ့ တန်တဲ့အရာတွေကို ရှာဖွေလာကြပါ တယ်။ အဲဒါကြောင့်ပဲ ဂျပန်မှာ ဒစ်စ ကောင့်နဲ့ ပစ္စည်းတွေ ရောင်းချတဲ့လုပ်ငန်း ခေတ်စားလာပြီး ကြိုက်တာယူ ယန်းဘယ်လောက်ဆိုတဲ့ဆိုင်တွေဟာ စုစု ပေါင်း တစ် နှစ်ကို ယန်း ဘီလျံ ၆၀ဝ ကျော် မြတ်စွန်းနေတယ်လို့ ၂၀၁၆ မတ်လမှာ လုပ်တဲ့ အစီရင်ခံစာတစ်ခုမှာ တွေ့ရပါ တယ်။

အဲသည်လို ဒစ်စကောင့်စတိုးဆိုင်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒိုင်ဆိုဟာ ပြည်တွင်းမှာ စတိုးဆိုင်ပေါင်း ၃၁၅၀ ကျော်ဖွင့်ထားပြီး ပြည်ပမှာ ၁၈၀ဝ ကျော် ဖွင့်ထားပါတယ်။ ပစ္စည်းမျိုးပေါင်း ၇၀,ဝ၀ဝ ကျော် ရောင်းချတဲ့အထဲမှာ  ဈေး တန်တန်နဲ့ ဂျပန်အိတ်တွေ၊ တိရစ္ဆာန်လေးတွေကို ဝတ်ပေးရတဲ့ အဝတ်အစားတွေ၊ အိမ်သုံးပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ လက်တင်အမေရိကကနေ ပင်လယ်ကွေ့နိုင်ငံတွေအပြင် အာရှနိုင်ငံအသီးသီးတွေမှာလည်း ဒိုင်ဆိုဆိုင်တွေ ရှိနေပါတယ်။

ယာနိုက သူသည်လိုအောင်မြင်ရတာဟာ ကုန်ပစ္စည်းတွေရွးရာမှာ လာဘ်မြင်တာကြောင့်လို့ ပြောပါတယ်။ ဒိုင်ဆိုဟာ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေနဲ့ တစ်မူထူးခြားတဲ့ မရှိမဖြစ်ပစ္စည်းတွေကို ယန်း ၁၀ဝ နဲ့ချည်း ရောင်းချပါတယ်။ သူ့ကုမဏီရဲ့ အဝယ်တော်တွေဟာ ကုန်ပစ္စည်းများများယူပြီး ဈေးသက်သက်သာသာနဲ့ ရအောင် ကုန်ထုတ်လုပ်သူတွေနဲ့ တိုက်ရိုက်ညှိနှိုင်းကြပါတယ်။ သည်မဟာဗျူ ဟာဟာ ကမ္ဘာမှာ အကြီးဆုံးဈေးဆိုင်ကြီး ဝေါလ်မတ်ရဲ့ ဗျူဟာနဲ့ ဆင်တူပါတယ်။

ဂျပန်စီးပွားရေးက အခုအချိန်မှာ ပြန် တက်လာပေမဲ့ ပေါချောင်ကောင်းကို လိုချင်ကြတဲ့ ဆန္ဒဟာ စားသုံးသူတွေရဲ့ စိတ်ထဲမှာ စွဲမြဲနေတုန်းပါပဲ။

“ဂျပန်ပြည်သူတွေက ဒီခေတ်မှာ ပိုချွေတာ စုဆောင်းချင်ကြတယ်”လို့ နိုမူရာ လေ့လာဆန်းစစ်ရေးလုပ်ငန်းရဲ့ နာရီ ကီယိုက ပြောပါတယ်၊ ‘သူတို့က ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း တည်ဆောက်ခဲ့တဲ့ ချွေတာရေး အကျင့်တွေကို မဖျောက်ကြဘူး”

အလားတူပဲ အမေရိကန်ကို ဒိုင်ဆို ခြေ ချတဲ့ အချိန်ဟာ ၂၀ဝ၇- ၂၀ဝ၈ ငွေကြေးအကျပ်ရိုက်မှုနဲ့ ဆက်စပ်၊စီးပွားပျက်ကပ်တို့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ ဒိုင်ဆိုရဲ့ အောင်မြင်မှုက အများတတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

‘ဒိုင်ဆိုစတိုးဆိုင်တွေမှာ ဝယ်ရတာက ဈေးနှုန်းအပြောင်းအလဲ တစ်ချိန်လုံးဖြစ်နေတာကို ငြီးငွေ့နေတဲ့ ဈေးဝယ်သူရဲ့ စိတ် ထဲမှာ ထူးခြားမှုကို ဖြစ်စေတယ်”လို့ ကန်တာလုပ်ငန်းက လေ့လာသုံးသပ်သူ ဆာ ရာအယ်လ် တူခါဟင်က ပြောပါတယ်။

သည်အချိန်မှာ ယာနိုကတော့ သူ့ကိုယ်သူ ဦးနှောက်အတွေးအခေါ် မြင့်မားတဲ့၊ ဒါမှမဟုတ် ခေတ်မီတီထွင်ဆန်းသစ်တဲ့ မန်နေဂျာတစ်ယောက်မဟုတ်ဘူးလို့ ပြောပါတယ်။ သူ့ဝမ်းထဲက ခံစားချက်နဲ့ ဆုံးဖြတ်ချက်အများစုကို ချမှတ်တာပါ တဲ့။ “ကျွန်တော့်မှာ အမြော်အမြင်တွေ၊ မဟာဗျူဟာတွေ မရှိပါဘူး”လို့ သူကဆိုပါတယ်။ “ကျွန်တော်က ဟိုဟိုဒီဒီ စမ်းသပ် ကြည့်ရတာ ကြိုက်ရုံသက်သက်ပါ”တဲ့။



မနောစင်
[ref: The economist- A yen for cheapness, Bloomberg- How a  bankrupt fishmonger became a billionaire]
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.