တစိမ့်စိမ့်နိုင်ငံရေး သရ၀ဏ်(ပြည်)


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို NLD မှမေ့လျှော့ထာခြင်းမရှိပဲ တစိမ့်စိမ့် ကြိုးစားနေကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောကြားသည် ။ ရန်ကုန်မြို့ပါတီဌာနချုပ်တွင် ၂၀၁၇ ဇွန်လ ၂၄ နှင့် ၂၅ ရက်နှစ်ရက်တာကျင်းပခဲ့သော သတ္တမအကြိမ်ပါတီဗဟိုကော်မတီ အစည်းအဝေးအပြီး ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏အမေးကို ဦးဝင်းထိန်က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည် ။ ထိုအခါ ဦးဝင်းထိန်၏တစိမ့်စိမ့်ဆိုသောစကားကို စဉ်းစားတွေးတောမိသည် ။ တစိမ့်စိမ့် ၊တဖြည်းဖြည်း ၊ အတွင်းပိုင်းဝင်ပူး ၊ ဖြည်းဖြည်းမှန်မှန် ၊ ညင်ညင်သာသာ ၊ ရေရှည်စီမံချက် ၊ ညင်သာစွာအသွင်ကူးပြောင်းရေး ၊ ကတ္တီပါလမ်းခွဲ ၊ မှန်မှန်လေး ၊ သိပ်မလောနဲ့ စသည့်စကားများဖြစ်သည် ။ထိုစကားများမှန်ပါရဲ့လားဟူ၍လည်းစဉ်းစားမိသည် ။ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ သခင်အောင်ဆန်း ခေါင်းဆောင်သည့်သခင်လူငယ်များ လက်နက်စွဲကိုင်တိုက်ခိုက်ဖို့  ကြံစဉ်အားထုတ်နေကြစဉ်ကလည်း သခင်အောင်ဆန်းတို့ထက်အရင်စီနီယာကျသောဝါရင့်နိုင်ငံရေးသမားကြီးများကပြောခဲ့ဖူးသည် ။ သိပ်မလောနဲ့ ၊ တဖြည်းဖြည်းတော့ရမှာပေါ့ ၊ ဒိုမီနီယံအဆင့်အတန်းလောက်ရရင်တော်ပါပြီ ၊ ၉၁ ဌာနအုပ်ချုပ်ရေးဆိုတော်ပြီပေါ့ ၊ ဟုမ်းရူး အဆင့်လောက်ဆိုမဆိုးဘူး ၊ သူတို့ကနေမ၀င်အင်ပါယာနော် သွားမယှဉ်နဲ့  ပေးသလောက်ပဲယူထား ၊ တစိမ့်စိမ့် တော့ ဖြစ်လာမှာပေါ့ ။ စသည်စသည်တို့မှာ ခေတ်ဟောင်းစနစ်ဟောင်းကနိုင်ငံရေးသမားဟောင်းကြီးတွေ လက်ထက်တွင်မကြားချင်အဆုံးအသံများဖြစ်သည် ။ထိုအသံများကြားမှ အောင်ဆန်းဆိုသောလူငယ်နိုင်ငံရေးသမားလေး၏ လွတ်လပ်ရေးကိုတိုက်ယူရမည်ဟူသောအသံသည် အင်မတန်တိုးတိတ်မှိန်ဖျော့ခဲ့ပါသည် ။ သို့ သော် အောင်ဆန်းလမ်းစဉ်ကို အကောင်အထည်ဖော်လိုက်နိုင်ချိန်မှစကာ ခေတ်ဟောင်းစနစ်ဟောင်းကစားဖားနိုင်ငံရေးသမားကြီးတို့၏ အိုင်ဒီယော်လော်ဂျီအဟောင်းတို့  မြောင်းထဲရောက်သွားသည် ။ ဦးစော၊ ဆာပေါ်ထွန်း စသော ခေတ်ဟောင်းနိုင်ငံရေးသမားတို့  ၏အယူအဆတို့ ကျဆုံးခဲ့ရသည် ။ တော်လှန်သော ရဲရင့်သော အယူအဆသစ်တို့ အစားထိုးဝင်ရောက်လာသည် ။ No Pain No Gain ဆိုသောစကားလိုပင် အနာခံမှအသာစံရကာ မြန်မာ့လွတ်လပ်ရေးအတွက် အရင်းအနှီးကြီးမားစွာပေးဆပ်ရယူနိုင်ခဲ့သည် ။ အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက် ၊ဂျပန်ကိုတော်လှန်ပြီးချိန်တွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုတော်လောက်ပြီဟုယူဆကာ သခင်သန်းထွန်းနှင့်သခင်စိုးတို့က အင်္ဂလိပ်ကိုဆက်လက်တော်လှန်ရမည်ဟူသောအယူအဆရှိနေသည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းသည် ငြိမ်းချမ်းသော လူထုတိုက်ပွဲနည်းဖြင့်သာဆက်လက်ချီတက်ခဲ့ရာ လမ်းစဉ်မှန်သောကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည် ။ ဒါတိုဒီမိုကရေစီတိုက်ပွဲမှာကော ဘယ်လိုဆက်သွားကြမလဲ ။

၁၉၈၈ တွင် စတင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏လမ်းစဉ်မှာ အာဏာဖီဆန်ရေး လမ်းစဉ် ထိပိုက်ရင်ဆိုင်ရေး ( Confrontation )လမ်းစဉ်ဖြစ်သည် ။ထိုလမ်းစဉ်အတိုင်း အစိုးရနှင့် မပူးပေါင်းမဆောင်ရွက်ရေးလမ်းကြောင်းဖြင့် ခပ်မာမာ တုန့်ပြန်ခဲ့သည် ။ အမာကိုအမာနှင့်တုန့် ပန်မှုအဖြစ်တပ်မတော်အစိုးးရကလည်း NLD နှင့် ဒီမိုကရေစီဘက်တော်သားများကို ဆက်တိုက်ဖမ်းဆီး နှိပ်ကွပ်မှုများ ၊ဖိနှိပ်ရက်စက်မှုများဆောင်ရွက်လာခဲ့သည် ။ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် နေအိမ်အကျယ်ချုပ်အကြိမ်ကြိမ်အကျခံခဲ့ရသည် ။ အပြင်းထန်ဆုံး နိုင်ငံရေးလုပ်ကြံမှုအဖြစ် ဒီပဲယင်းလုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့သည် ။ ဒီပဲယင်းလူသတ်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့  နေအိမ်အကျယ်ချုပ်ထပ်မံကျခံခဲ့ရသည် ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအနိုင်ရပြီး အစိုးရဖွဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့သည် ။ ထို့ နောက်ပိုင်းတွင် ဒေါအောင်ဆန်းစုကြည်သည် ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကို စွန့် လွှတ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းကိုလိုက်သည် ။ရွေးကောက်ပွဲဝင်သည် ။ သို့ သော် ရွေးကောက်ပွဲဝင်ရခြင်းမှာ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို လုပ်လို၍ဖြစ်ကြောင်းရွေးကောက်ပွဲကြေငြာစာတမ်းထုတ်သည် ။

၂၀၁၅ တွင် ရွေးကောက်ပွဲအောင်နိုင်ခဲ့သော်လည်း NLDသည် မဲဆန္ဒရှင်များကို ကတိက၀တ်ပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကိစ္စများကို စလုံးရေ ပင်မစနိုင်သေး ။စိတ်ရှည်ကြဖို့  သည်းခံကြဖို့ စည်းကမ်းရှိကြဖို့ ညီညွတ်ကြဖို့ သာပြောနေသည့်အဆင့်မှာပဲရှိသေးသည် ။ ထိုအတောအတွင်း တပ်မတော်သည် ပြည်ထဲရေးဝန်ကြီးဌာန မှတစ်ဆင့် ကိုင်တွယ်ထားသော အုပ်ချုပ်ရေးအာဏာကို မည်သည့်ဖြေလျှော့မှုမှမပြုလုပ်ပဲ တစ်ရစ်ခြင်း ကျပ်လာသည် ။ အမေရိကန်နှင့် အနောက်နိုင်ငံများသို့  ဒေါ်အောင်ဆန်းစုကြည်က စစစ်အစိုးရအရာရှိဟောင်းကြီးများအားစီးပွားရေးပိတ်ဆို့ မှုဖြေလျှော့ပေးဖို့  တောင်းဆိုပေးနေစဉ် အယောင်ပြအနေဖြင့် အုပ်ချုပ်ရေးတွင် ဒီမိုကရေစီဆန်သော အပြောင်းအလဲအဖြစ် ခရိုင် ၊ မြိ့နယ် အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ ဆန္ဒမဲဖြင့် ရွေးချယ်တော့မယောင် ၊ တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များတိုက်ရိုက်အုပ်ချုပ်ကွပ်ကဲမှုအောက်သို့  ရဲတပ်ဖွဲ့ကို ထားတော့မယောင် ခေတ္တအယောင်ပြသည် ။ ထို့နောက် စီးပွားရေးပိတ်ဆို့ မှုများဖယ်ရှားပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသည် ။ ဟန်ုပြ လိုက်လျောမှုများရုပ်သိမ်းသွားသည် ။ယခုထက်တိုင် နိုင်ငံကို အုပ်ချုပ်နေသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနဖြစ်နေသည် ။ပြည်သူလူထုက လမ်းမှူး ၊ ဆယ်အိမ်ခေါင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးလောက်ပဲရွေးခွင့်ရှိသည် ။ မြို့နယ် ၊ခရိုင် အဆင့်တွင် အပေါ်မှကျလာသူတွေကပြည်သူလူထုကိုအုပ်ချုပ်သည် ။ ရဲတပ်ဖွဲ့သည် ပြည်ထဲရေးအောက် ၊ပြည်ထဲရေးသည်တပ်မတော်အောက်တွင် ဒီမိုကရေစီမဆန်စွာ တည်ရှိနေသည်ကို NLD သည် ဘာတစ်ခုမှ ပြုပြင်ပြောင်းလဲရေးမလုပ်နိုငသေးပေ ။ ဤအခြေအနေတွင် ဦးဝင်းထိန်က တစိမ့်စိမ့်နိုင်ငံရေးကို လေသံပစ်လာသည် ။ ဤသည်မှာ ကိုလိုနီခေတ်က ဒိုင်အာခီတို့  ၊ ၉၁ ဌာနတို့ ၊ စက္ကူဖြူစီမံကိန်းတို့ကို လက်ခံနေသည်နှင့်တူသည် ။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအားလုံးပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်နှင့်အတူပျော်ပျော်ပါးပါးပြင်ဆင်ကြမည်ဆိုသည်မှာ စိတ်ကူးယဉ်ဝါဒဖြစ်သည် ။

နှစ် ၇၀ကျော်ဖြစ်ပွားခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကိုတစ်ထိုင်တည်းဖြင့်ပြီးစီးရန်မှာစိတ်ကူးယဉ်ဆန်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးကပြောသည်မှာ ဟုတ်ပေ၏ ။ ငြိမ်းချမ်းရေးရမှသာ ဖွဲ့စဉ်းပုံအခြေခံဥပဒေပြင်နိုင်မည်ဆိုသောအယူအဆကိုသူကလက်မခံ ။ ထိုဝါဒမှာ စာရေးသူအမြင်အရပြောရလျှင် ငိုနေသောကလေးအငိုတိတ်အောင် ဖိုးလမင်းကြီးဆီမှထမင်းဆီဆန်းရွှေလင်ပန်းနှင့်တောင်းနေသလိုရှိသည် ။ကလေးကအငိုတိတ်ချင်တိတ်သွားမည် ။ ထမင်းဆီဆမ်းရော ရွှေလင်ပန်းရော ၊ငွေလင်ပန်းရော၊ကြေးလင်ပန်းရောဘယ်သောအခါမှရလာနိုင်မည်မဟုတ်ပါ ။ဖွဲ့စည်းပုံဥပဒေပြင်ဆင်ခြင်းသည် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမပါဝင်ပဲ မရနိုင်ဆိုသည်မှာ မှန်ပါသည် ။ သို့ ပါသော်လည်း မိမိသည် ပြည်သူလူထုအများစုထောက်ခံထားသော အနိုင်ရပါတီဖြစ်သည် ။ထိုပါတီက တွန်းတွန်းတိုက်တိုက်ဖားစီးငါးစီးဆောင်ရွက်မှသာတစ်ဖက်က မနေသာပဲ တွန့်ဆုတ်တွန့်ဆုတ်ပင်ဖြစ်စေ အနည်းငယ် ရွေ့ လာမည်ဖြစ်သည် ။ တဖက်ကပါမလာနိုင်သဖြင့် တို့ကလည်း ငုတ်တုတ်ထိုင်နေမည်ဆိုပါက ပြည်သူလူထုကမျှော်လင့်နေသော အရွေ့ တစ်ခုမှာ ဘယ်လိုမှအလိုလိုမိုးပေါ်မှကျလာမည်မဟုတ်ချေ ။

ဦးဝင်းထိန်ပြောသော တစိမ့်စိမ့်နိုင်ငံရေးမှာ အလွန်ပညာရိ၍ကောင်းမွန်လှပါသည် ။ သို့ သော် လွှတ်တော်တစ်ရပ် အစိုးရတစ်ရပ် ၏သက်တမ်းသည် ငါးနှစ်သာရှိပါသည် ။ ဖင်လှည့်ခေါင်းလှည့်ဖြင့် တစ်နှစ်အချိန်ကုန်လွန်သွားပါပြီ ။ တစ်ဖက်တွင် တပ်မတော်သည်လည်းကောင်းတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုသည်လည်းကောင်း အချိန်ကန့်သတ်မှု Time Frame မရှိပါ ။ ၂၀၂၀ တွင်လည်း တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိနေမည် ။ ၂၀၂၅ တွင်လည်း ၂၅ ရာခိုင်နှုန်းဆက်ရှိနေပါမည် ။ ထိုအခါရေရှည်တွင် တစိမ့်စိမ့်သမားတို့ သာလွှတ်တော်ထဲမှထွက်ခွာသွားရမည်ဖြစ်ပြီး မပြင်ဆင်ရေးသမားများ ကအထိုင်ကျမြဲကျလျက်ရှိနေပေလိမ့်မည် ။ အချိန်ရှိခိုက်လုံ့ လစိုက်သင့်ပါသည် ။ အင်နှင့်အားနှင့် ပြည်သူလူထုထောက်ခံမှုကိုယူကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အားကျိုးမာန်တက်ဆောင်ရွက်သင့်ပါသည် ။ တစိမ့်စိမ့်လုပ်နေကြလျှင်တော့ အဆိုတော်ကော်နီ၏ တစိမ့်စိမ့်ရင်ထဲမှာ ဟူသောသီချင်းလို တစိမ့်စိမ့် အဆွေးဇာတ်လမ်းဆင်သွားရမည်ဖြစ်ပါကြောင်းပညာရှိသတိဖြစ်ခဲ ၊မိကျောင်းမင်း ရေကင်းပြ ၊ နွားရှေ့ ထွန်ကျူး သတိပေးရေးသားလိုက်ရပါကြောင်း ။

သရ၀ဏ်(ပြည်)

သူရိယနေ၀န်းဂျာနယ်
၁.၇.၂၀၁၇
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.