ဘယ်ပုံဘယ်နည်း ခရီးဆက်ကြမလဲကွယ်


လွန်ခဲ့တဲ့ တနှစ်လောက်က စာရေးသူတို့မိသားစု ရန်ကုန်ဘုရားဖူးသွားခဲ့တယ်။ စမ်းချောင်းမှာတည်းတယ်။ ကိုယ်တည်းတဲ့အခန်းက သုံးလွှာမှာဖြစ်လို့ အပေါ်စီးက မြင်နေရတယ်။ အချိန်ရတာနဲ့ ၀ရန်တာ ဒါမှမဟုတ် ပြတင်းပေါက်မှာရပ်ပြီး လမ်းသွားလမ်းလာ ဈေးသည်မှန်သမျှနှင့် ရေသန့်၊ အမှိုက်တွန်းလှည်း စတဲ့ ဘ၀သမားအမျိုးမျိုးကို အရောင်သွေးစုံမြင် မြင်ရ၊ တွေ့ရ၊ ကြားနေရတယ်။

စာရေးသူစိတ်ဝင်စားဆုံးကတော့ အမှိုက်တွန်း လှည်းသမားလေးတွေ၊ ရေသန့်တွန်းလှည်းသမားလေးတွေနဲ့ ပန်းသည်၊ ပဲပြုတ်သည် စတဲ့ဈေးသည်လေးတွေပါပဲ။

'အမှိုက်လှည်း'ဆိုတဲ့ အော်သံလေးတွေဟာ လေး၊ ငါး၊ ခြောက်ထပ်မက ဟိုးအပေါ်ဆုံးထိ ကြားနေကြရတယ်။ အိမ်ရှင်သမီးလေးခေါ်ထားတဲ့ အဖော်မိန်းကလေးက အမှိုက်အိတ်တွေကို ပလတ်စတစ်အိတ် မည်းကြီးတွေနဲ့စုလို့ အခန်းအပြင်ဘက်မှာ အဆင်သင့်ထုတ်ထားတယ်။ ပြီးတာနဲ့ အမှိုက်လှည်းကိုလှမ်းခေါ်၊ ကလေးတွေတက်လာယူသွားတယ်။ အမှိုက်တခါပစ်မှ နှစ်ရာ၊ သုံးရာပါ။ သူတို့ခမျာ အပေါ်ထပ်တွေတက်ရတာနဲ့ မကာမိပါဘူး။ စာရေးသူကတော့ ရောက်တုန်းရောက်ခိုက် ကလေးတွေကို သနားတာနဲ့ တရာ၊ နှစ်ရာ ပိုပေးလိုက်တယ်။ သူတို့ခမျာ မျက်နှာလေးတွေပြုံး သွားရှာတယ်။ သူတို့လေးတွေအဖို့တော့ တရာ၊ နှစ်ရာဆိုတဲ့ ငွေလေးတွေ ပေါင်းလိုက်ရင် တထောင်၊ နှစ်ထောင်ဖြစ်မှာမို့လား၊ ကလေးပီပီ သဘောကျကြတာပေါ့။ ဒီလို မပင်ပန်းရအောင် အမှိုက်ပစ်တဲ့ စနစ်တခုလုပ်ရင် မကောင်းဘူးလားလို့ စည်ပင်ဌာနကို ပြောချင်ပါတယ်။

ပဲပြုတ်သည်ကစ ဈေးသည်လေးတွေလည်း ကိုယ်ကအောက်ထပ်ထိ မဆင်းနိုင်လို့ လှမ်းခေါ်လိုက်ရင် အပေါ်ထပ်ထိ တက်လာကြရှာပါတယ်။ လမ်းထဲမှာ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ကုမ္ပဏီ၊ သင်္ကန်းဆိုင် အစရှိသည်အစုံပါပဲ။ အပေါ်ထပ်ကစီးပြီး မြင်နေရတဲ့မြင်ကွင်းစုံထဲမှာတော့ အမှိုက်တွန်းလှည်းသမားလေးတွေနဲ့ ရေသန့်ပို့တဲ့ ကလေးတွေပါပဲ။ သူတို့ဘ၀လေးတွေ ရုန်းကန်လှုပ် ရှားနေကြရတယ်။ ငယ်ရွယ်ပေမဲ့ အင်နဲ့အားနဲ့ မမောမပန်းဝီရိယစိုက်ကြိုးစားပြီး စားဝတ်နေရေးအတွက် ငွေရှာနေကြတာလေးတွေကိုကြည့်ပြီး သနားမိသလို ပီတိလည်းဖြစ်မိပါတယ်။ ဓာတ်လှေကားမရှိဘဲ တိုက် အမြင့်ဆောက်ကြတဲ့ဒုက္ခပါပဲ။

အလားတူပဲ ရေသန့်ဘူးရောင်းတဲ့ကလေးတွေလည်း အထပ်မြင့်တွေပေါ် လေးလံတဲ့ရေဘူးကြီးတွေ ပခုံးထမ်းပြီးတက်ကြရရှာတာပါ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

နောက်တခုက လူနေထူထပ်တဲ့လမ်းထဲက မျက်နှာချင်းဆိုင် ငါးထပ်တိုက်ကြီးရဲ့ မြေညီထပ်တိုက်ခန်းတခန်းမှာ သင်္ကန်းဆိုင်တဆိုင်ရှိတယ်။ အဲဒီသင်္ကန်းဆိုင်ကို မကြာခဏ ဘုန်းကြီး၊ ရဟန်းတော်များကြွလာတာကို မြင်တွေ့နေရတယ်။ သေချာကြည့်လိုက်တော့ အဲဒီတိုက်တန်းရဲ့ အပေါ်ထပ်အခန်းတချို့ဟာ တိုက်ခန်းပြတင်းပေါက်တွေမှာ ၀ါးလုံးတွေ တန်းထိုးပြီးလှန်းထားတဲ့ ထဘီတွေဟာ လေထဲမှာ တလူလူ တလွင့်လွင့်နဲ အတော့်ကို အကြည့်ရဆိုးလှပါတယ်။ အောက်ကလမ်းပေါ်မှာ ဘုန်းကြီးရဟန်း၊ သီလရှင်များနှင့် သက်ကြီးရွယ်အို လူကြီးသူမများလည်း သွားလာနေချိန် အပေါ်ထပ်အခန်းတွေက ထဘီ၊ ဘောင်းဘီ၊ ဘော်လီ၊ စကတ်တွေကို ထုတ်လှန်းနေကြတာဟာ ရုပ်ပျက်လှပါတယ်။ မြင်နေရတဲ့ ဧည့်ခန်းကို လှမ်းကြည့်လိုက်တော့ ဘုရားစင်၊ ဘုရားပန်းနဲ့ ဗုဒ္ဓဘာသာတွေပါပဲ။ ဖြစ်သင့်တာ ကိုယ့်တိုက်ခန်းရဲ့နောက်ဘက်မှာပဲ လှန်းသင့်တာပါ။

စာရေးသူတို့နယ်မှာတော့ မိဘ၊ ဘိုးဘွားတွေက ထဘီ၊ ဘောင်းဘီ၊ စကတ်စတဲ့ မိန်းမအသုံးအဆောင်များ အိမ်ရှေ့မှာလှန်းရင် ဆူခံထိပါတယ်။ ဒါဟာ မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံပါ။ တိုက်ခန်းကျဉ်းလို့ လန်းစရာနေရာစရာမရှိရင် နောက်ဖေးဘက်မှာ ကြိုးတန်း၊ ၀ါးတန်း၊ အင်္ကျီလှန်းစင်များနှင့် လှန်းသင့်ပါတယ်။ စာရေးသူတို့တည်းတဲ့ အိမ်ရှင်သမီးလေးကတော့ နောက်ဖေးဘက်မှာပဲ လှန်းပါတယ်။

နောက်ရှိပါသေးတယ်။ လမ်းထဲမှာ တနေရာက ပြန်လာတဲ့ အသက်ကြီးရွယ်အို အဘိုးအဘွားတွေ တက္ကစီကားပေါ်မှ ဆင်းတာတောင် တချို့ကားတွေက စိတ်မရှည်ကြပါဘူး။ ဟွန်းသံတွေ ဆူညံအောင်တီးပြီး ဒေါသတွေ၊ မောဟတွေ အလိပ်လိုက်တက်နေကြတယ်။ တချို့လည်း စိတ်ရှည်ကြပါတယ်။

ဒါက ရှေ့ပိုင်းမြင်ကွင်းပါ။ နောက်ပိုင်းကိုကြည့်လိုက်ပြန်တော့ ရေဆိုးမြောင်း၊ ရေနုတ်မြောင်းတွေကို မရွံမရှာ မကြောက်မရွံ့ဆယ်ယူနေတဲ့ စည်ပင်လုပ်သားများ၊ ပရဟိတအဖွဲ့အစည်းများကိုတောင် အားမနာဘဲ လစ်ရင်လစ်သလို အမှိုက်ထုပ်တွေ ပစ်ချနေကြတယ်။

လူရယ်လို့ဖြစ်လာရင် ငွေ၊ ဂုဏ်၊ ဓန၊ ရာထူး ရှိတာကို အဆင့်အတန်းလို့မခေါ်ပါဘူး။ စိတ်ဓာတ်မြင့်မြတ်မှ အဆင့်အတန်းမြင့်တာပါ။ လူတိုင်း မြင့်မြတ်တဲ့စိတ်ထားရှိမှ တိုင်းပြည်တိုးတက်မှာပါ။

စာရေးသူပြောချင်တာက ရန်ကုန်မှ မဟုတ်ပါဘူး။ မြန်မာပြည်တနံတလျားရှိ မြို့တိုင်း၊ ရွာတိုင်း၊ အိမ်တိုင်း၊ လူတိုင်း အားလုံး အယုတ်၊ အလတ်၊ အမြတ်မရွေး စည်းကမ်းရှိဖို့၊ ကိုယ်ချင်းစာတရားရှိဖို့၊ နိုင်ငံသူနိုင်ငံသားအားလုံး ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး စည်းနှင့်ကမ်းနှင့် နေထိုင်သွားမှ၊ တကိုယ်ကောင်း စိတ်မမွေးဘဲ စိတ်ကောင်းရှိမှသာ လျှောက်လှမ်းနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို ရောက်မှာပါ။

ဒီလို အတ္တများသူ စည်းမဲ့ကမ်းမဲ့ပြည်သူများသာများလာရင် ရွှေပြည်တော်မျှော်တိုင်းဝေး ဘယ်ပုံဘယ် နည်းခရီးဆက်ကြမှာလဲလို့သာ မေးလိုက်ချင်ပါတော့တယ်။

စာကြွင်း- အားလုံးကို မဆိုပါ၊ စည်းကမ်းမဲ့သူ များကိုသာပါ။

ယုလေး(ဥပဒေ)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.