YBS ၊ စပယ်ယာနှင့် ပြည်သူ့မေတ္တာ


မထသမှ YBS သို့ ပြောင်းခဲ့သည်မှာ ခြောက်လကျော်ကျော်ကာလအတွင်း ရောက်လာပါပြီ။ စစချင်းမှာ အဆင်မပြေမှုများစွာ၊ ပြစ်တင်ဝေဖန်မှုများစွာ ရှိခဲ့သော်လည်း လက်ရှိတွင် YBS စနစ်မှာ အဆင့်တခုသို့ ရောက်လာပြီဟု ယူဆရပါသည်။ နဂိုစတင်ကာစကလို ယာဉ်မလုံလောက်မှုပြဿနာလည်း တဖြည်းဖြည်း လျော့ကျနေတာတွေ့ရတယ်။ ယာဉ်လိုင်းအသစ်တွေ တိုးလာတာ၊ ယာဉ်မောင်းအသစ်တွေ ထပ်ခန့်တာတွေ လည်း တွေ့ရတယ်။ အခုနောက်ဆုံးအမျိုးသမီးယာဉ်မောင်းတွေတောင် လေ့ကျင့်ခေါ်ယူတော့မယ်လို့ ဆိုလာတယ်။

တကယ်တော့ မြို့ပြဘတ်စ်ကားစနစ်ဆိုတာ ပြည်သူ့ဝန်ဆောင်မှုပါ။ ခရီးသွားပြည်သူကို ၀န်ဆောင်မှုပေးရတဲ့ အလုပ်တခုပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဘာဝန်ဆောင်မှုမှ မရခဲ့ပါဘူး။ မရတဲ့အပြင် ယာဉ်နောက် လိုက်ဆိုတာ စပယ်ယာတွေရဲ့ ရိုင်းစိုင်းမှုကိုလည်း ခရီးသွားပြည်သူတွေ တော်တော်ခံခဲ့ရတာ အားလုံးအသိပါ။ အခု YBS စနစ်စတင်ပြီးနောက်ပိုင်း အဓိကပြုပြင်ပြောင်းလဲတဲ့အချက်ထဲမှာ အဲဒီအကြောင်းအရာလည်း ပါပါတယ်။ စပယ်ယာမပါဘဲ Cash Box ထဲကို ကိုယ်တိုင်ထည့်သွင်းရုံနဲ့ ကိုယ်လိုရာခရီးကို စိတ်ချမ်းချမ်းသာသာ စီးခွင့်ရလာပါပြီ။ ဒါပေမဲ့ YBS ယာဉ်အားလုံးမှာ စပယ်ယာမပါတာတော့ မဟုတ်ပါဘူး။ အချို့ယာဉ်လိုင်းတွေကို အချိန်ကာလတခုအထိ ခွင့်ပြုထားခဲ့တယ်။ ဇူလိုင် ၂၀ ရက်အထိ ခွင့်ပြုပေးခဲ့တယ်။ အဲဒီရက်နောက်ပိုင်းမှာ လိုင်းအားလုံးကို တပြေးညီဖြစ်စေတာပါ။ သို့ပေမယ့်လည်း အချို့ယာဉ်လိုင်းစပယ်ယာ တွေက သူတို့အလုပ်လက်မဲ့ဖြစ်ရပါပြီဆိုပြီး ဆန္ဒထုတ်ဖော်မှုလုပ်ပါတယ်။ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းမှာ ရွှေ ပြည်သာမြို့သစ်ထန်းခြောက်ပင်လမ်းဆုံးမှာ လူစုပြီး ဆန္ဒဖော်ထုတ်တယ်လို့ ဆိုပါတယ်။ နဂို မထသ ၁၉၉ လိုင်းနဲ့ ရွှေအင်းဝလိုင်းမှ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ အဖြေတခုက ရှင်းရှင်းလင်းလင်း ထွက်လာပါတယ်။ အဲဒီဆန္ဒထုတ်ဖော်မှုကို ကြိုဆိုတဲ့သူထက် ရှုတ်ချတဲ့သူ များနေတာပါပဲ။ ဒါက ဘာကိုပြသလဲဆိုရင် ပြည်သူ့မေတ္တာကို ပြလိုက်တာပါပဲ။ သူတို့ ၀ိုက်ခဲ့တဲ့ အသီး သူတို့ ပြန်စားရတာပါပဲ။ ဒါပေမဲ့ လူလူချင်းစာနာမှုအရ ဒီစပယ်ယာတွေကို ဒီအတိုင်း နှင်ချလိုက်တာ တော့မဟုတ်ပါဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့၊ ယာဉ်လိုင်းကုမ္ပဏီတွေကလည်း အစားထိုးအလုပ်ပေးနိုင်ဖို့ စီစဉ်နေကြောင်း သိရတယ်။ ဘာပဲဖြစ်ဖြစ် အများပြည်သူဝန်ဆောင်မှုကိုနားလည်သွားမှ အများပြည်သူရဲ့မေတ္တာကို ပြန်ရနိုင်မယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

ရဲမွန်ထော
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.