လူမည်းအမျိုးသမီးတွေ တန်းတူ လစာ ရရှိရေး ဆရီနာဝီလျံ တောင်းဆို



ကမ္ဘာ့ ဝင်ငွေ အများဆုံး အမျိုးသမီး တင်းနစ် အားကစားမယ် ဆရီနာဝီလျံက လူမည်းအမျိုးသမီးတွေ တန်းတူ လစာ ရရှိရေး အတွက် အားကောင်းတဲ့ ဆောင်းပါးတပုဒ် ရေးသားပြီး တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံက လူမည်းအမျိုးသမီးတွေ အများနဲ့ တန်းတူ လုပ်ခ လစာ ရရှိရေး နှိုးဆော်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကို ဂုဏ်ပြုပြီး စီးပွားရေးရာ မဂ္ဂဇင်း Fortune မှာ ဆရီနာက အက်ဆေး တပုဒ် ရေးခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ တင်းနစ် အမျိုးသမီး ကစားသမား ဖြစ်ခဲ့ဖူးသူ အသက် ၃၅ နှစ် အရွယ် ဆရီနာက အဲဒီ အက်ဆေးမှာ လူမည်းအမျိုးသမီးတွေဟာ အလုပ်ပေါင်းစုံမှာ စနစ်တကျနဲ့ လစာ မညီမှုဒဏ်ကို ခံနေရတယ်လို့ ဆိုထားပါတယ်။

ဒီ ပြဿနာမှာ လူမည်း အမျိုးသမီးတွေက ဝင်ငွေနည်း အလုပ်တွေမှာချည်း လုပ်နေရလို့ လခ နည်းတာမျိုး မဟုတ်ဘဲ နည်းပညာ၊ ငွေကြေးစီမံခန့်ခွဲရေး၊ ဖျော်ဖြေရေး၊ ဥပဒေ လုပ်ငန်းနဲ့ ဆေးပညာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာလည်း သူတို့ဟာ အခြား သူတွေနဲ့ ယှဉ်ရင် လစာနည်းပါးနေတယ်လို့ ဆရီနာက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု အလယ် အတွင်းပိုင်းက မြို့ကြီးတွေနည်းတူ နည်းပညာ ထွန်းကားတဲ့ ဆီလီကွန် တောင်ကြား မှာလည်း ဒီလို မမျှတတဲ့ လုပ်ခလစာ ကွာခြားချက်တွေ ဖြစ်နေတယ်လို့ သူက ထောက်ပြပါတယ်။ လူမည်းအမျိုးသမီးတွေက ဒီ ဒဏ်ကို အခံရဆုံးလို့ သူက ဆိုပါတယ်။

အမျိုးသမီး တယောက် ဖြစ်တဲ့ အပြင် အာဖရိက အနွယ် လူမည်း ဖြစ်နေလို့ အိပ်မက်တွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူးလို့ ပြောခံရင်းနဲ့ သူဟာ ကြီးပြင်းခဲ့ရတယ်လို့ ဆရီနာက ပြောပါတယ်။

ဒါပေမယ့် တင်းနစ် အားကစားမှာ ထူးချွန်ခဲ့လို့ မျှော်မှန်းခဲ့တာထက် ပိုတဲ့ ငွေကြေး ဓန အောင်မြင်မှုတွေ ရခဲ့ပေမယ့် အမေရိကန်က အခြား လူမည်းအမျိုးသမီး ၂၄ သန်းကတော့ သူ့လို အခွင့်ထူးခံစားခွင့် မရခဲ့ပါဘူးလို့ သူက ရေးထားပါတယ်။

တန်းတူ လုပ်ခလစာ ရရှိရေး အတွက် လူမည်း အမျိုးသမီးတွေ မကြောက်မရွံ့ တောင်းဆို တိုက်ပွဲဝင်ကြဖို့လည်း အဲဒီ အက်ဆေးမှာ ဆရီနာက တိုက်တွန်းထားပါတယ်။
BBC Burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.