ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် မည်သူက အနီးကပ်စေခိုင်းသည်ကို နောက်လာမည့် ရုံးချိန်းများတွင် ရုပ်လုံးပေါ်လာမည် ဟုဆို


NLD ပါတီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် မည်သူက အနီးကပ် စေခိုင်းသည်ကို နောက် လာမည့် ရုံးချိန်းများ ရုပ်လုံးပေါ်လာမည်ဟု ဦးကိုနီ၏ တရားလိုရှေ့နေ
ဦးနေလက The Ladies News သို့ ပြောကြားသည်။

ရန်ကုန်မြောက်ပိုင်း ခရိုင်တရားတွင် ကြားနာစစ်ဆေးနေသော ဦးကိုနီးအား လုပ်ကြံသတ်ဖြတ်သည့် အမှု ၁၉ ကြိမ်မြောက် ရုံးအပြီးတွင် ရှေ့နေ ဦးနေလက The Ladies News သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

`အမှုတည်ဆောက်မှုအပိုင်းနဲ့ ပတ်သတ်ပြီးတော့ အားနည်းမှု နည်းနည်းရှိနေတာကို တွေ့ရတယ်။ ဒါထက်ပိုးပြီးတော့ မဖြေချင်ဘူး။ ဒါပေမယ့် နောက်ထပ် နှစ်ပတ်ကျော်လောက်ကြရင် အမှုရုပ်လုံးပေါ်လာ ပါလိမ့်မယ်။ ဆရာတို့ တင်ပြတဲ့ သက်သေထွက်ချက်တွေ သက်သေခံ အထောက်အထားတွေ အရတော့ အမှုရုပ်လုံးပေါ်လာမှာပဲ အဲဒီပိုင်းကို လာမယ့် ရုံးချိန်း နှစ်ချိန်းကျော်လောက်မှာ ရုပ်လုံးပေါ်လာပါလိမ့်မယ့်။

ဒီအမှုမှာ တရားခံ ကြည်လင်းသတ်တယ်ဆိုတဲ့ ကိစ္စက ရှင်းနေပြီးသားပဲ။ ဒါပေမယ့် အောင်ဝင်းဇော်တို့ အောင်ဝင်းခိုင်တို့နဲ့ ဘယ်လို ဆက်နွှယ် တယ်ဆိုတဲ့ အပိုင်းတွေ အားလုံးပေါ်လာမယ်လို့ ပြောတာပါ။ ဘာကြောင့်မို့လို့ သတ်တယ်ဆိုတဲ့ ရည်ရွက်ချက်ကို သိနိုင်တယ် မသိနိုင်ဘူးဆိုတဲ့ အခြေအနေက အပိုင်းတစ်ပိုင်း သတ်သတ်ပေါ့။ ဒါပေသိ ဒီလုပ်ကြံသတ်ဖြတ်မှုမှာ ဘယ်သူက အနီးကပ်စေခိုင်းတယ်ဆိုတာ ပေါ်လာလိမ့်မယ်` ဟု ဦးနေလက ပြောကြားသည်။

ယနေ့ရုံးချိန်တွင် တရားလိုပြသက်သေ လေးဦးကို စစ်ဆေးရာတွင် ဦးကိုနီ၏ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင် ပါဝင်ခဲ့သည်။ ဒေါက်တာယဉ်နွယ်ခိုင်သည် ဦးကိုနီ လုပ်ကြံခံရသည့်နေ့တွင် ဖခင်ဖြစ်သူ အစိုးရခရီးစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ပြန်အလာကို စောင့်ကြိုနေသူဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်တွင် မျက်မြင်သက်သေ တစ်ဦးလည်း ဖြစ်သည်။

ဒေါက်တာယဉ်နွယ်ခိုင်အား တရားရုံးတွင် စစ်ဆေးမေးမြန်းသည့် အခါက သူမက သူမ၏ဖခင်ဖြစ်သူ ဦးကိုနီနှင့် လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း တို့သည် အဆက်အစပ်မရှိကြောင်းနှင့် ဦးကိုနီတွင် ရန်ညှိုးရန်စများလည်း မရှိကြောင်း ထွက်ဆိုသွားသည်ဟု ဦးကိုနီ၏ တရားလိုများဖြစ်သည့် ဦးနေလနှင့် ဦးခင်မောင်ဌေး တို့က ပြောကြားသည်။

`ဒေါသကြောင့် ဖြစ်တယ်။ ရန်ညှိုးရန်စကြောင့် ဖြစ်တယ်။ ရုတ်တရက် ပေါ်ပေါက်လာတဲ့ အခြေနေတစ်ခုကြောင့် ဖြစ်တယ် စသည့်ဖြင့် လူသတ်ရတဲ့ ကိစ္စတွေ အကုန်လုံးက ရှိတယ်။ သို့သော် အခု ဒီလူသတ်တဲ့အခြေအနေမှာ ကိုကြည်လင်းရဲ့ ရှေ့နေကိုယ်တိုင် မေးတာက ကိုကြည်လင်းနဲ့ ဦးကိုနီနဲ့ ဘာမှမသိဘူး၊ ဘာအစပ်အဆက်မှလည်း မရှိဘူး။ ဘာကိစ္စမှလည်း မရှိဘူး။ တွေ့ဖူးမြင်ဖူးတာလည်း မရှိဘူး။ အရင်တုန်းက ဦးကိုနီရဲ့ ပတ်ဝန်းကျင်ထဲမှာ ကြည်လင်းဆိုတဲ့ လူ တစ်ယောက် သွားတယ်လာတယ် စသည်ဖြင့် အဲဒါမျိုးတွေ မရှိဘူး။ မရှိဘဲနဲ့ ဦးကိုနီ ရောက်လာတဲ့နေရာမှာ ကိုကြည်လင်း ရောက်လာပြီး ဦးကိုနီကို ကိုကြည်လင်းက သတ်လိုက်တယ်ဆိုတဲ့ ကိစ္စဟာ ဘယ်ကနေ ရောက်လာတာလည်း ဆိုတဲ့ကိစ္စ၊ လူသတ်ရန် အကြောင်းတရားပေါ်မှာ စေ့စော်မှုသည် မသိတဲ့လူ တစ်ယောက်က သူနဲ့ ဘာမှမပတ်သတ်တဲ့လူ၊ သူနဲ့ ဘာမှ ရန်ညှိုးရန်စ မရှိတဲ့လူ ဒေါသထွက်ဖို့ အကြောင်းမရှိတဲ့ လူတစ်ယောက်ကို သတ်လိုက်တယ်ဆိုတဲ့ ကိစ္စပေါ်လာပြီဖြစ်တဲ့ အတွက် ဒီထဲမှာ စေ့စော်မှုက ဘာလဲဆိုတဲ့ ကိစ္စ ပေါ်လာတော့မယ်` ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။

ယနေ့ ၁၉ ကြိမ်မြောက် ရုံးချိန်တွင် တရားလိုပြ သက်သေများဖြစ်သည့် ဒေါက်တာယဉ်နွယ်ခိုင်၊ အခင်းမဖြစ်ပွားမီ အချိန်တွင် ကြည်လင်း တည်းခို ခဲ့သည့် မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ ရှိသည့် ဘုန်တော်ကြီးကျောင်းမှ ဆရာတော် ဦးဝီဇယ၊ အဆိုးပါ ဘုန်တော်ကြီးကျောင်းတွင် ကျန်ရှိခဲ့သည့် ကြည်လင်း၏ အသုံးဆောင်များကို သိမ်းဆည်းခဲ့သည့် ရဲအုပ်သန်းဝင်း နှင့် ရဲအုပ်သန်းဝင် သိမ်းဆည်းသည့် ရှာဖွေပုံစံပေါ်တွင် သက်သေအဖြစ် လက်မှတ်ရေးထိုးပေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထူးကျော် တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

================

အောင်ရဲနောင်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.