မတော်လောဘနှင့် အထပ်မြင့်အန္တရာယ် || မရွှေမိုး ||




တောင်ကိုးရီးယား၏ သန်းကြွယ်သူဌေးမိသားစုသည် ဆွေစဉ်မျိုးဆက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသော ဘဝသို့ ရောက်ရှိ သွားတော့ သည်။

၁၉၈၇ ခုနှစ်

ဝူးဆန်း (Woosung) ဆောက်လုပ်ရေးအဖွဲ့သည် ၄ ထပ်တိုက်တစ်ခုကို တာဝန်ယူ ဆောက်လုပ်နေခဲ့သည်။ အဆောက်အအုံ ၃ ပုံ ၁ ပုံ ပြီး သလောက် ဖြစ်နေစဉ် ရီဂျွန်းဆိုသော ပုဂ္ဂိုလ်ရောက်လာပြီး အဆောက် အအုံ အင်ဂျင်နီယာချုပ်ကို ဒီလိုပြောလိုက်သည်။

"၄ ထပ်တိုက်ကနေ ကုန်တိုက်ကြီး ပြောင်းဆောက်မယ်ဗျာ" အင်ဂျင်နီယာ က ရှင်းပြသည်။

"မဖြစ်နိုင်ပါဘူး ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ လူနေအိမ်နဲ့ ကုန်တိုက်၊ ဒီနှစ်ခု အောက်ခြေတိုင် အုတ်မြစ်ချရတဲ့ သတ်မှတ် စံချိန်စံညွှန်းဟာ အလွန်ကွာခြားလှပါတယ်။ အစကနေ ပြန်ဆောက်ရပါမယ်ခင်ဗျာ"

"ဪ၊ ဟုတ်လား ဒါဆိုခင်ဗျားတို့ အကုန်လုံး အလုပ်ဖြုတ်တယ်ဗျာ မနက်ဖြန်က စပြီးမလာနဲ့တော့"

သန်းကြွယ်သူဌေး ရီဂျွန်းသည် ဆမ်းပွန်းဟူသော အမည်ဖြင့် ဆောက် လုပ်ရေးလုပ်ငန်း ကုမ္ပဏီကြီးတစ်ခုကို ကိုယ်ပိုင် ထူထောင်လိုက်လေ သည်။ သူကိုယ်တိုင် ဥက္ကဋ္ဌလုပ်ပြီး ကုန်တိုက်ကြီးကို ဆက်ပြီး ဆောက် လိုက်တော့သည်။ သူ့သားကို ကုန်တိုက်ပိုင်ရှင် အဖြစ်ခန့်အပ်သည်။

သူသည် အင်ဂျင်နီယာကိုအမိန့်ပေး၍ အဆောက်အအုံ၏ အသေးစိတ် အဆောက်အအုံပုံစံစာရွက် (blueprints)ကို သူ့စိတ်ကြိုက်ပြောင်းသည်။

" ၅ ထပ်ဆောက်ကွာ"

အင်ဂျင်နီယာများအား ဘာမှပြောခွင့်မပေး။ လေးထပ်တိုက်ဆောက်ရန် အတွက်သာ အုတ်မြစ်ချထားသော အဆောက်အအုံကို ၅ ထပ် ကုန် တိုက်ကြီးသို့...။ စက်လှေကားများ ထည့်သွင်း မစဉ်းစားထားသော လေးထပ်တိုက် အဆောက်အအုံကို အလွန်လေးသော စက်လှေကား များစွာပါသည့် ကုန်တိုက်ကြီးသို့...။

"၂ ထပ်ကို စာကြည့်တိုက်အကြီးကြီး လုပ်မယ်"

အလွန်လေးသော စာအုပ်များအတွက် ခိုင်မာသော ကြမ်းခင်းလိုအပ်သည် ကို ရီဂျွန်းဂရုမစိုက်ခဲ့။ အစိုးရဘက်က စစ်ဆေးရေးဝင်လျှင် လာဘ်ထိုး လိုက်သည်။ ငွေရှိသော ရီဂျွန်းသည် ပို၍ပို၍ ချမ်းသာချင်ကာ လောဘ မသတ်နိုင်ဘဲ ထင်တိုင်းကြဲနေတော့သည်။ ထို့နောက် သူသည် သူ့ကုန်တိုက်ကြီး၏ နံဘေးတွင် သူ၏ ဆောက်လုပ်ရေးအဖွဲ့ ဆမ်းပွန်း အမည်ဖြင့် လူနေတိုက်ခန်း အဆောက်အအုံအမြင့်များ ထပ်ဆောက် လိုက်သည်။

ထိုစဉ်က တောင်ကိုးရီးယားနိုင်ငံ တိုးတက်ချမ်းသာခါစ အချိန်ဖြစ်သည်။ ပြည်သူတို့သည် ဈေးကြီးကြီး တိုက်ခန်းမြင့်မြင့်တွင် ကြွားကြွားဝါဝါ နေလိုကြသည်။ နိုင်ငံခြားမှ တိုက်ရိုက်လာသည့် ဈေးကြီးပစ္စည်းတို့ဖြင့် ပြည့်နှက်နေသော ကုန်တိုက်ကြီးတွင် ဈေးတက်ဝယ်ချင်ကြသည်။ ဈေးမဝယ်နိုင်ပင် လျှင်တောင် လမ်းသလား၍ ပိုက်ဆံရှိချင်ယောင် ဆောင်ချင်ကြသည်။

ရီဂျွန်းသည် ထိုအချက်ကို ကောင်းစွာနားလည်၍ အသုံးချလိုက်သည်။ ချမ်းသာသောသူများဆီသို့ ခမ်းနားသော အိမ်တိုက်ခန်းများနှင့် ဇိမ်ခံပစ္စည်းများ ရောင်းချခြင်းအားဖြင့် သူတို့၏ငွေ ခြူချရမည်ဖြစ်သည်။

ရီဂျွန်းသည် ဒေါ်လာနှင့်ပြောမည်ဆိုလျှင် ဒေါ်လာသန်းကြွယ်သူဌေး ဖြစ်ပါသည်။ သို့သော် သူသည် ကပ်စီးနည်း၍ လောဘကြီးသော လူယုတ်မာသူဌေး ဖြစ်သည်။ ထိုသူဌေးတို့၏ ထုံးစံအတိုင်း ငွေတဖို့သာကြည့်ခဲ့သည်။

၎င်းကုန်တိုက် အဆောက်အအုံ အန္တရာယ်ရှိသည် မရှိသည်ကို အလေး မထားပါ။ ကုန်တိုက် ၅ ထပ်ကို မြန်နိုင်သမျှ မြန်မြန်နှင့်ပေါပေါ ဆောက်မည်။ အပေါ်ယံကိုမူ အလွန်ကြည့်ကောင်းသော ခမ်းနားသည့် အဆောင်အယောင်တို့ဖြင့် တန်ဆာဆင်မည်။ သူ့စီးပွားရေးဆိုင်တွေ ဖွင့်မည်။ ကျန်ဆိုင်များကို ငှားစားမည်။

***

ဆမ်းပွန်း ကုန်တိုက်ကြီးကို ၁၉၈၉ ခုနှစ်တွင် အပြီးဆောက်လုပ်၍ ၎င်းကို ၁၉၉၀ ဇူလိုင် ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကုန်တိုက်၏ ငါးလွှာအပေါ် အမိုးတွင် ကုန်တိုက်တခုလုံးကို အအေးဓာတ် ပေးသော ကြီးမားလေးလံသော အဲယားကွန်းပန်ကာပုံးကြီး (ကွန်ပရက် စာ) ၃ ခု ရှိသည်။ ( ၎င်းတို့ကို air conditioner ၏ compressor ဟုလည်း ခေါ်ကြသည်။) ထိုစက်ကြီး ၃ ခု သည် စုစုပေါင်း ၃၆ တန်လေးသည်။ ထိုစက်ကြီး ၃ ခု လည်ပတ်လိုက်လျှင် ၈၇ တန်အထိ အလေးချိန် မြင့်တက် သည်။

ထိုအလေးချိန်သည် ၅ လွှာခေါင်မိုးက ထမ်းဆောင်နိုင်သည့် အလေးချိန် ထက် ၄ ဆ ပို၍လေးနေပါသည်။ ကုန်တိုက် ငါးလွှာရှိ ထိုအဲယားကွန်း ပုံးကြီးများသည် အသံကျယ်လောင်စွာမြည်၍ နံဘေးမှ ရီဂျွန်း ဆောက် လုပ်ထားသည့် အဆင့်မြင့် တိုက်ခန်းမှလူတို့သည် စိတ်ဒုက္ခ ရောက်ကြ သောကြောင့် ပြသ၁နာ တက်လေတော့သည်။ ဒီလို ပြသ၁နာ တက်လျှင် သူ့တိုက်ခန်းတွေ အရောင်းထွက်မည် မဟုတ်။

"အဲယားကွန်းစက်ကြီးတွေကို အမိုးရဲ့ တစ်ဖက်ကိုရွှေ့" ရီဂျွန်းက ပြော လိုက်သည်။ "အလွန်လေးတဲ့အတွက် ကျွန်တော်တို့ ကရိန်းငှားရပါမယ်။ ကရိန်းနဲ့မရွှေ့ရင် ကုန်တိုက်ကြီး ဒဏ်ဖြစ်သွားပါလိမ့်မယ်" ဟု အင်ဂျင် နီယာအဖွဲ့က ပြောသည်။

ကပ်စေးနည်းသော သူဌေးသည်...

"ဘာလို့ ကရိန်းငှားရမှာလဲ မင်းတို့တွေ ခြေတွေလက်တွေ ရှိနေတာပဲ.. ဒလိမ့်တုံးတွေနဲ့ခံပြီး လူအင်အားနဲ့ရွှေ့"

နဂိုထဲက မတောင့်တင်းသော ခေါင်မိုးသည် အဲယားကွန်းစက်ကြီးများ ရွှေ့ပြီးသောအခါ အက်ကြောင်းများ စတင်ပေါ်လာတော့သည်။ ဤအချက်သည် ကုန်တိုက်ကြီး တစ်ခုလုံးကို ၂၂ စက္ကန့်အတွင်း ပြိုကြစေ ကာ အမှိုက်ပုံအဖြစ် ပြောင်းလဲလိုက်သော အဓိကအချက်ဖြစ်လေသည်။

***

ကုန်တိုက်ကြီးမပြိုကျခင် လအနည်းငယ်ကစပြီး ကုန်တိုက်ကြီး၏ ၅ လွှာသည် အောက်ကို နိမ့်ဝင်လာခဲ့သည် ဆိုသည်ကို ဥက္ကဋ္ဌကြီး ရီဂျွန်းသိနေခဲ့သည်။ ကုန်တိုက်အုပ်ချုပ်ရေးမှုးက မကြာခဏတင်ပြခဲ့သည်။

ရီဂျွန်းသည် ၅ လွှာခေါင်မိုးပေါ် မကြာခဏ တက်ကြည့်ခဲ့သည်။ အောက်ကမော့ကြည့်လျှင် မသိသာပေမယ့် ခေါင်မိုးပေါ်တက်ကြည့်လျှင် အမိုးကြီး၏ ဘေးပတ်လည်တိုင်များသည် အပေါ်ကို ထိုးထွက်နေသည်ကို မြင်ရပြီး အမိုးကြီးက တဖြည်းဖြည်း နိမ့်ဝင်နေသည်ကို ထင်ရှားစွာတွေ့လိုက်ရသည်။

ပြင်သင့်ပြီ။ ဒီ အမိုးလေးပဲပြင်လို့ ပြီးမည်မဟုတ်၊ ဒီအဆောက်အအုံနှင့် ပတ်သက်ပြီး သူ ဘာတွေလုပ်ခဲ့သည်ကို သူအသိဆုံး။ အစအဆုံး ပြန်ဆောက်ရမည်။ သုံးထားသည့် အပေါ်ယံ အဆောင်အယောင် ပစ္စည်းတွေကလည်း အလွန်ဈေးကြီးသည်။ ဒါတွေ အကုန်ဆုံးရှုံးတော့ မည်။ ကပ်စေးနည်းသော သူဌေး တုန်လှုပ်သွားသည်။ ချွေတာကာမှ နှစ်ဆကုန်တော့မည့် အဖြစ်။

သူ့အား တားမြစ်ခဲ့သော အင်ဂျင်နီယာများ၏ စကားများကို ကြားယောင်မိသည်။

"အရှက်ကွဲပြီ"

ဒီအတွေးကိုတွေးမိသည့် မာနကြီး၍ ကပ်စေးနည်းသော သူဌေးသည် ဒီကုန်တိုက်ကြီးကို အစ အဆုံး ပြန်ဆောက်ရမည်ကို မေ့ပစ်လိုက် တော့သည်။

"၅ လွှာက လေးပင်တဲ့ပစ္စည်းတွေ အောက်ကအလွှာတွေကိုရွှေ့"

၅ လွှာသည် စားသောက်ဆိုင်များရှိသော စားသောက်တန်းဖြစ်သည်။

***

ကုန်တိုက်ကြီးမပြိုကျခင် တစ်လအလို...။

ရီဂျွန်းသည် ၅ လွှာခေါင်မိုးကို ထပ်၍တက်ကြည့်ခဲ့သည်။ အက်ရာတွေ တော်တော်များနေလေပြီ။ ထိုအခါ ရီဂျွန်းသည် အင်ဂျင်နီယာများကိုခေါ်၍ ခေါင်မိုးတစ်ခုတည်းကိုသာ ပြင်ဆောက်ရန် ပြသခဲ့သည်။

"အန္တရာယ်အလွန်ကြီးပါတယ် သူဌေးမင်း။ ခေါင်မိုးတစ်ခုတည်း ပြင်လို့ မရပါဘူး။ ဒီအဆောက်အအုံ ပြိုကျနိုင်ပါတယ်"

အန္တရာယ် ရှိတာတော့ သေချာပြီ။

"အင်း၊ ချက်ချင်းတော့ မပြိုကျသေးပါဘူး။ ပြိုကျတဲ့အထိစောင့်ပြီး ရသမျှငွေ ရှာလိုက်ဦးမယ်။ လူနည်းနည်းပါးပါးထိခိုက် သေဆုံးတော့လည်း ငွေနှင့်ဖြေရှင်းလိုက်မယ်"

ကုန်တိုက်ကြီး မပြိုခင် တစ်ရက်အလို...။

"ခင်ဗျားတို့ ထမင်းသုပ်က သဲတွေနဲ့ပါလားဗျ... "

စားသောက်ဆိုင် တာဝန်ခံရောက်လာသည်။

"တောင်းပန်ပါတယ်ရှင် အသစ်ပြန်လုပ်ပေးပါ့မယ်။ ကျသင့်ငွေလဲမယူပါဘူး"

စားသောက်ဆိုင် တာဝန်ခံ စဉ်းစားရကျပ်နေသည်။ ဒီနေ့ဒီလို ပြသ၁နာ မျိုးကြုံတာ ဒါပါနဲ့ဆို ၃ ကြိမ်ရှိပြီ။ သူမ စိတ်ဆိုးမာန်ဆိုးနှင့် နောက် ဖေးဆောင်ထဲသို့ ဝင်သွားသည်။ ဟင်းရွက်ဆေးနေသော အဒေါ်ကြီးက အမိုးကို လက်ညှိုးထိုးပြရင်း

"အပေါ်က သဲတွေ ဘိလပ်မြေမှုန့်တွေ ဆက်တိုက်ကျနေတယ်။ ဟင်းသီး ဟင်းရွက်တွေ ပြန်ဆေး အုပ်ထားလည်း ထပ်ကျနေတော့ ကျွန်မတို့ အခက်အခဲရှိပါတယ်"

စားသောက်ဆိုင်တာဝန်ခံက ကုန်တိုက်အုပ်ချုပ်ရေးမှူးကို တင်ပြလိုက် သည်။

"မင်း ဘယ်သူ့ကို ပြောလိုက်သေးလဲ"

"ဘယ်သူ့ကိုမှ မပြောပေမယ့် အောက်ခြေဝန်ထမ်းတွေ အရင်သိနေပါ တယ် အုပ်ချုပ်ရေးမှူးကြီးရှင့်.."

"အေး၊ မင်းတို့ဆိုင်ကို ဒီနေ့ကစပြီး ပိတ်လိုက်တော့။ ဘာမှ မဟုတ်ပါဘူး ကွာ။ ခေါင်မိုးပေါ်က အဲယားကွန်းတွေ ဖွင့်ထားတော့ တုန်နေလို့ ဒီလိုဖြစ်တာ"

ထို့နေ့က ထမင်းစားနေသော သူများအပေါ်သို့ပင် သဲမှုန်များ ဟိုနည်းနည်း ဒီနည်းနည်း ကျလာတော့သည်။ သို့သော် ဘယ်သူမှမရိပ်မိခဲ့။ အဲဒီအခြမ်း က ထမင်းသုပ်ဆိုင် ပိတ်လိုက်သည်။

***

၁၉၉၅ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့...။
ညနေ ၂ နာရီ...။
ကုန်တိုက်ကြီး ပြိုကျသောနေ့ဖြစ်သည်။

ဥက္ကဋ္ဌကြီး ရီဂျွန်းသည် ကုန်တိုက်ကြီး၏ ရုံးခန်းတွင် သူ့သား ( ကုန်တိုက် ပိုင်ရှင်) နှင့်အတူရှိနေခဲ့သည်။ ကုန်တိုက် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ ရီဂျွန်းနှင့် သူ၏သားကို မနေ့ကအကြောင်း တင်ပြသည်။

"ဒီနေ့ ပိုပြီးဆိုးလာတယ် အမိုးတွေအက်ပြီး သဲတွေကျလာပြီ သူဌေး။ အဲယားကွန်းကြီး ကျွံကျလာတော့မယ်"

"အရေးပေါ် အစည်းအဝေးလုပ်ကြမယ်" ဟု ရီဂျွန်းကပြောလိုက်သည်။ အထက်လူကြီး အနည်းငယ်သာ အစည်းအဝေး တက်ရောက်ခွင့်ရခဲ့သည်။

"အုပ်ချုပ်ရေးမှူး။ အခု အချိန်ကစပြီး ကျုပ်ပြောတဲ့အတိုင်း ခင်ဗျားလုပ်၊ ခဏကြာရင် အဲယားကွန်း ပိတ်လိုက်တော့"

"ဗျာ၊ ဒီလို နွေရာသီကြီးမှာ ကုန်တိုက်ကြီးတစ်ခုလုံး အဲယားကွန်းပိတ်ရမယ် လို့ သူဌေးပြောလိုက်တာလား ခင်ဗျာ။ အဲယားကွန်း ပိတ်မယ့်အစား ကုန်တိုက်ကြီး ပိတ်လိုက်ရင် ကောင်းမလားလို့ပါ သူဌေးမင်း"

လောဘကြီး၍ ကပ်စေးနည်းသော သူဌေးသည် ကုန်တိုက်ပုံမှန် ပိတ်ချိန် အထိ ငွေရှာချင်သည်။ ကျန်သော နာရီအနည်းငယ် အတွင်းရရှိမည့် ငွေကိုအဆုံးအရှုံးမခံနိုင်ခဲ့။

" #%$ ပိတ်ဆိုပိတ် စကားမရှည်နဲ့ ။ လူတွေ ၅ လွှာကို မတက်နိုင်အောင် လှေကား၊ ဓာတ်လှေကား၊ စက်လှေကားတွေမှာ စောင့်ပြီး အပေါ် မတက်နိုင်အောင် တားဆီးကြ။ ဒီနေ့ ၅ လွှာက စားသောက်တန်း ပိတ်လိုက်ပြီလို့ အသံလွှင့်စက်က ကြေညာ"

အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ၅ လွှာတွင်ရှိနေသော သူများကို အောက် ဆင်းပေးရန် စတင်ရှင်းလင်းတော့သည်။

***

ညနေ ၃ နာရီ ၃၀ မိနစ်...။
အက်သံကြီးတွေ ဟိုနေရာဒီနေရာမှ ၁၀ မိနစ်ခြားခန့်ထွက်နေသည်။

"သူဌေး သူဌေး။ ၅ လွှာ ဟိုဘက်အခြမ်းက စပြိုနေပြီ။ တကယ်ပြိုကျတော့ မယ်ဗျ။ အက်ကြောင်းကြီးတွေ ၁၀ စင်တီမီတာအထိ ကွဲကုန်ကြပြီး ကျွန်တော် တို့အားလုံး သေတော့မယ်"

အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။

"အုပ်ချုပ်ရေးမှူး။ အရေးကြီးတဲ့ ပစ္စည်းတွေယူ။ ၄ လွှာက စိန်တွေရွှေတွေ ယူ။ ငါတို့ အရင်ထွက်နှင့်မယ်"

"အရေးပေါ် ခေါင်းလောင်း ဘယ်တော့ပေးရမလဲသူဌေး။ ကုန်တိုက်ထဲက လူတွေ ဘယ်လိုလုပ်ရမလဲ"

" အခုကြေညာလိုက်ရင် လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်မယ်။ ငါတို့ အပြင်ထွက်လို့ရမှာ မဟုတ်ဘူး။ ငါတို့ ပစ္စည်းတွေသိမ်းပြီး အပြင်ရောက်မှ အရေးပေါ်ခေါင်းလောင်းခေါက် "

ဥက္ကဋ္ဌနှင့် သူ့သား၊ အုပ်ချုပ်ရေးမှူး၊ အစည်းအဝေးတက်ခဲ့သော လူတချို့ သည် ရက်စက်ယုတ်မာစွာ ကုန်တိုက်ကြီးကို စွန့်ခွာသွားကြတော့သည်။

ရီဂျွန်းသည် ကုန်တိုက်ကြီးတွင် အလုပ်လုပ်နေသော သူ့သား၏ ဇနီး (ချွေးမ) ကိုပင် အကြောင်းမကြားခဲ့။ ယောက်ျား ဖြစ်သူကလည်း သူ့အဖေ အမိန့်မရဘဲ ဘာတစ်ခုမှမလုပ်ရဲခဲ့။ (သူမသည် ကုန်တိုက်ပြိုကျပြီး ၃ ရက်မြောက်နေ့တွင် ထိခိုက်ဒဏ်ရာ များစွာဖြင့် လွတ်မြောက်လာခဲ့သည်။)

***

ညနေ ၅ နာရီ ၄၅ မိနစ်...။
မိုးခြိမ်းသံလိုလို ကျယ်လောင်သော အသံကြီး ကုန်တိုက်ကြီးထဲမှ ပေါ်ထွက်လာ၍ သဲများ အမိုးပေါ်မှ တဖွဲဖွဲကျလာသည်။

လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

***

ညနေ ၅ နာရီ ၅၀ မိနစ်....။
အန္တရာယ်ရှိသည်ဟု အချက်ပေးသော အရေးပေါ် ခေါင်းလောင်းသံတို့ ကုန်တိုက်ကြီးတစ်ခုလုံး မြည်ဟီးသွားသည်။

"ပြေးကြဟေ့ ပြေးကြ"

လူတွေ သူထက်ငါလုပြီး အပြင်ပြေးထွက်ကြတော့သည်။

***

ညနေ ၅ နာရီ ၅၂ မိနစ်....။
အက်သံကြီး ဆက်တိုက်ပေါ်လာပြီး နောက်ဆုံးတွင်...

"ဝုန်း"

ရုတ်တရက် အလွန်ကျယ်လောင်သော အသံကြီးထွက်လာပြီး ကုန်တိုက်ကြီး တခုလုံး ပြိုကျသွားတော့သည်။ ကုန်တိုက်ထဲမှ လူတွေ ပြိုင်တူထိတ်လန့်စွာ အော်ဟစ်လိုက်သံကြီးက ကြောက်စရာ ကောင်းလှသည်။ အဆောက်အအုံထဲရှိ လူပေါင်း ၁,၅၀၀ ကျော်သည် တစ်ပြိုင်နက် အုတ်ခဲပုံကြီးအောက်သို့ စုန်းစုန်းမြုပ် သွားလေတော့သည်။

၂၂ စက္ကန့် အတွင်း ဘယ်နှယောက် လွတ်မြောက်နိုင်မည်နည်း။

***

"ဒီအချိန်မှာ ကျွန်တော်တို့ ၃ ဦး ကုန်တိုက် အပေါက်ဝနားမှာရှိနေလို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်" ဟု အမျိုးသားတစ်ဦးက ပြောပြခဲ့သည်။

ကုန်တိုက် အပေါက်ဝနားတွင် ဖြစ်သည်။

ရုတ်တရက် ဝုန်းဆိုသော အသံကြီးကို ကြားရသောကြောင့် အသက် ၂၀ ကျော် အမျိုးသားလေးသည် သူ့အမေ လက်ကို ဆွဲ၍ ခုန်ထွက်လိုက်သည်။ ပါးစပ်မှလည်း သူတို့နှင့်အတူပါလာသော ညီတစ်ဝမ်းကွဲလေးကို "အမြန်ခုန်ထွက် ညီလေး" ဟု သတိပေး အော်ဟစ်လိုက်သည်။

အမျိုးသားလေးသည် အမေကိုဖက်၍ လှိမ့်ချလိုက်သည်။ ညီဝမ်းကွဲလေးက အနောက်က လိုက်ခုန်ထွက်လာသည်။ သို့သော် ညီဝမ်းကွဲခေါင်းတွင် သွေးများဖြာခနဲထွက်လာသည်။ ကုန်တိုက် ဝင်ဝင်ချင်းတွင် ခေါင်မိုးမှ တွဲလောင်း ချထားသည့် ခမ်းနားလှသော ဧည့်ခန်းမီးဆွဲကြီးရှိသည်။ ထိုမီးဆွဲကြီးသည် လူသတ်လက်နက်ကြီး အဖြစ် ပြောင်းလဲသွားသည်။

အုတ်အပိုင်း အစများနှင့် ဖန်အပိုင်းအစများ ညီဝမ်းကွဲလေး၏ ဦးနှောက် အတွင်းထဲအထိ ဝင်ရောက် နေရာယူတော့သည်။ သူ့ ညီဝမ်းကွဲလေးသည် ခွဲစိတ်မှုများ အကြိမ်ကြိမ်အခါခါ လုပ်ခဲ့ပြီး ဦးနှောက်အထဲမှ အပိုင်းအစ များကို ထုတ်ခဲ့သည်။ ယနေ့ထက်ထိလည်း ခွဲစိတ်နေရဆဲဖြစ်သည်။ မျက်လုံးတစ်ဖက်ကတော့ လုံးဝကွယ်သွားပြီ ဖြစ်သည်။ အခု ညီဝမ်း ကွဲလေး အသက် ၃၈ နှစ်ရှိပါပြီ။ အသက်ရှူနေတာနှင့် ပြုံးပြနိုင်တာက လွဲပြီး ဘာမှမလုပ်နိုင်တော့ပါ။

သူ့ဆီ ဧည့်သည်တွေ လာလည်ရင်တော့ သူပျော်သည်။ ပြုံးပြသည်။ သူလုပ်နိုင်တာ ဒါအကုန်ပဲဖြစ်သည်။

***

ကုန်တိုက်ကြီးတစ်ခုလုံးကို အအေးလွှတ်ပေးသော အလွန်ကြီးမားသော အဲယားကွန်းပန်ကာကြီး တစ်ခုပြီးတစ်ခု စတင်၍ "ဝုန်း"ဆိုသော အသံကြီးဖြင့် ၅ လွှာမြောက် ခေါင်မိုးမှ ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၄ လွှာ၊ ၃ လွှာ၊ ၂ လွှာ ... မြေအောက် ၄ လွှာအထိ အရှိန်ပြင်း စွာ ပြုတ်ကျသွားခဲ့သည်။ တစ်ပြိုင်နက်.... အဆောက်အအုံကြီး တစ်ခုလုံး သည် အဲယားကွန်း ပန်ကာကြီး ၃ ခု အနောက်မှ လိုက်၍ပြိုကျသည်။

၂၂ စက္ကန့်အကြာတွင် ကုန်တိုက်ကြီးတစ်ခုလုံး ဒေါသကြီးစွာ ပြိုကျသွား ကာ အဲယားကွန်းကြီး ၃ လုံးနှင့် လူပေါင်း ၁,၅၀၀ ကို ဖုံးအုပ်လိုက်ခြင်းဖြစ် သည်။

အဆောက်အအုံ တစ်ခုဆောက်ရာတွင် သတ်မှတ်ထားသော လုပ်နည်း လုပ်ထုံးအတိုင်း အလွှာတိုင်းတွင် ကြမ်းပြင်များအား ကွန်ကရစ်များ သံချည်သံကွေးများဖြင့်ယှက်၍ စံချိန်စံညွှန်းအတိုင်း ခိုင်ခိုင်မာမာ ဆောက် ခဲ့လျှင် အဲယားကွန်းပန်ကာ စက်ကြီးတို့သည် ခေါင်မိုးမှ ပြုတ်ကျခဲ့ပါက ၅ လွှာပေါ်တွင် တင်နေပေလိမ့်မည်။

၅ လွှာမှ ပြုတ်ကျလျှင် ၄ လွှာပေါ်တင်နေပေလိမ့်မည်။ အခုတော့ ၅ လွှာ ခေါင်မိုးမှ ဟိုးအောက်ဆုံးအထိ စက္ကူအရွက်များကို အပေါက်ဖောက်၍ ဖြတ်သွားသလို တိုးလျှိုးပေါက်ကျသွားသည်မှာ အလွန်ရှက်ဖွယ် ကောင်းလှတော့သည်။ ၎င်းကုန်တိုက်ကြီးသည် ဆောက်လုပ်ပြီး ၆ နှစ်အကြာတွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

***

ကိုရီးယား TV အင်တာဗျူးတစ်ခု ဖြစ်ပါသည်။

ယောက်ျားဖြစ်သူက ကုန်တိုက်ကြီးမနီးမဝေးရှိ ဘဏ်တစ်ခုမှ အရာရှိ တယောက်ဖြစ်သည်။ ထိုနေ့တွင် ယောက်ျားဖြစ်သူ အလုပ်ဆင်းချိန်နှင့် ကိုက်၍ မိန်းမဖြစ်သူသည် ၈ နှစ်အရွယ်သမီးလေး လက်ဆွဲကာ ၄ လ အရွယ် သားလေးအား ရင်ဝယ်ပိုက်ထားရင်း ကလေးတင်လက်တွန်း လှည်း ဝယ်ရန် ကုန်တိုက်ကြီးပေါ်သို့ တက်လာခဲ့သည်။

ကလေးတွန်းလှည်းဝယ်ပြီး သူမသည် ကုန်တိုက်ကြီး အောက်ဆုံးထပ်ရှိ အများသုံးဖုန်းဖြင့် ယောက်ျား၏ရုံးသို့ ဖုန်းဆက်လိုက်သည်။ (ထိုစဉ်က လက်ကိုင်ဖုန်းများ မပေါ်သေးပါ။)

"မောင်ရေ.. ကျွန်မတို့ ကလေးတွန်းလှည်းဝယ်ပြီးပြီး ဘယ်မှာတွေ့မှာလဲ"

"အလုပ်ကမပြီးသေးဘူး မိန်းမရေ။ ကုန်တိုက်ထဲက မထွက်နဲ့ဦး။ နာရီ ဝက်လောက်ကြာရင် မောင် ကားနဲ့လာခေါ်မယ်"

သူမတို့ သားအမိ ၃ ယောက်သည်လည်း ကုန်တိုက်အပေါက်ဝနားတွင် ယောက်ျားဖြစ်သူကို စောင့်နေခဲ့သည်။

***

၈ နှစ်သမီးလေးသည် ဟိုပြေး ဒီပြေးနှင့်ဆော့နေသည် အမေ့စကားကို နားမထောင်။ ၄ လ အရွယ် သားလေးကငို၍ နို့ဘူးထုတ် တိုက်လိုက်သည်။

ထိုစဉ် နွေလယ်ခေါင်မှ မိုးခြိမ်းသံကြီးလို ကြားလိုက်ရ၍ အမေသည် တုန်လှုပ်သွားသည်။

"သမီးလေး!!!!"

ရုတ်တရက် အမှောင်ကမ္ဘာကြီးထဲကို သူမရောက်သွားသည်။ ကံကောင်း ထောက်မစွာဖြင့် သားအမိနှစ်ယောက်အား ကုန်တိုက်အဝရှိ မီးဆွဲကြီးရှိ မီးစလောင်းဖုံးကြီးက အမိုးကြီးသဖွယ် ဖုံးအုပ်ထားလိုက်တော့သည်။ သားလေးကို ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်သည်။ သားလေးကငို သည်။ နို့ဘူးသည် ဖုန်အလိမ်းလိမ်းနှင့်…။ အမေသည် နို့ဘူးထိပ်မှ ဘိလပ်မြေမှုန့်တို့ကို စုပ်ယူ မျိုချလိုက်သည်။ သန့်ရှင်းသွားသော နို့ဘူး ထိပ်ကို သားလေးပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ကလေး အငိုတိတ်သွားသည်။

"သမီးရေ… သမီးလေး"

ခဏကြာတော့ သမီး အသံလေး ထွက်လာသည်။ သူမ ဝမ်းသာသွားသည်။

"အမေ!!!! ဘာမှမမြင်ရဘူး"

"အမေ့ ခြေထောက်ကို လိုက်စမ်းသမီး။ အမေ့ ခြေထောက် မဟုတ်ရင် အမေ မဖြေဘူးနော် နားလည်လား"

သမီးလေးက သူမဆီ တွားသွား၍ လိုက်ရှာတော့သည်။

"ဒါအမေ့ ခြေထောက်လား" သမီးလေးက လိုက်စမ်းနေသည်။

နောက်ဆုံး အမေ့ခြေထောက်ကို ရှာတွေ့သွားတော့သည်။ အမေသည် ကလေးနို့ဘူးလေးဖြင့် ဟိုထိုးဒီထိုးလုပ်ရင်း ဖန်သားတစ်ခု ကွဲသွားကာ အလင်းတန်းလေးတခု တွေ့သွားသည်။ နို့ဘူးဖြင့် ဖန်သားဖြင့် ဆက်ခွဲသည်။ သူ့သမီးကို လက်ဆွဲခေါ်၍ ထိုးထွက်လိုက်သည်။ ထိုစဉ် အောက်မှ မီးဆိုင်းကြီးပိ၍ မထနိုင်သောသူတို့၏ လက်အစုံပေါင်းများစွာက သူမခြေထောက်ကို ဖက်ထားလေသည်။ လုံးဝမလွှတ်ပေးကြ။

"ကယ်ပါ ကယ်ပါ။ ကျမ ခြေထောက်ပိနေလို့ ဆွဲထုတ်ပေးပါ"

သူမ အော်ငိုတော့သည်။

"ကျွန်မမှာ ကလေးနှစ်ယောက် ရှိပါတယ်။ သနားကြပါ။ လွှတ်ပေးကြပါ ရှင်။ ကျွန်မ ကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်ပေးပါ့မယ်"

ကလေးတွေကလည်း ငိုလှပြီ။ နောက်ဆုံးတွင် အောက်မှလူများက သနား ၍ လွှတ်ပေးလိုက်ကြသည်။

သူမသည် အပြင်ရောက်သောအခါ ဒုက္ခသည်တို့အား ပေးခဲ့သည့် ကတိ အတိုင်း ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့သည်။ သို့သော် ထိုသူတို့၏ ကိုယ်ခန္ဓာတို့ကို မီးစလောင်းဖုံးကြီး ဘေးနှုတ်ခမ်းစောင်းများက ဓားတစ်လက်လို ပိုင်းဖြတ်ထားပြီး ဖြစ်နေလေသည်။ ခေါင်းပြတ်နေ သူများ၊ ကိုယ်တပိုင်း ပြတ်နေသူများ၊ ခြေပြတ်၊ လက်ပြတ် ဖြစ်သွားသူ အတော်များသည် ဟုဆိုသည်။

သူမတို့ သားအမိ ၃ ယောက် မီးစလောင်းဖုံးကြီး အလယ်တွင် ရောက်နေ ခဲ့သည်မှာ အလွန်ကံကောင်းလှသည်။ ဒီတခါတော့ ၎င်းမီးဆွဲကြီးသည် သူမတို့ကို ကယ်ခဲ့လေပြီ။ သမီးလေးမှာ ခြေထောက် တွင်တွင်ကျိုး သွားသော်လည်း အသက်ရှင် လွတ်မြောက်ခဲ့လေသည်။

အဖေက ဝမ်းသာအားရ ငိုကြီးချက်မဖြင့် လမ်းမလျှောက်နိုင်သည့် သမီးလေးကို ကောက်ချီလိုက်သည်။ သမီးမျက်နှာက ဘိလပ်မြေမှုန့်များနှင့် ဖြူဖွေးနေသည်။ လက်ဖြင့် ပွတ်သော်လည်း ဖယ်မရ။ အဖေသည် ငိုယိုရင်း သမီးမျက်နှာကို ကြိုးစား၍ သုတ်ပေးနေတော့သည်။

***

ရေခဲသေတ္တာ၊ အစားအသောက်တို့ အနီးတွင် ပိတ်မိနေသောသူတို့သည် သူ့ထက်ငါ အစားအသောက်များကို လုယူကြတော့သည်။ ဒီကုန်တိုက်ကြီး တွင် ဘယ်နှရက် ပိတ်မိနေမည်မသိ၍ ဖြစ်သည်။ ထိုသူတို့သည် စားသောက်ကြသည့်အခါ မစင်စွန့်ဖို့ လိုအပ်လာသည်။ ပိတ်မိနေကြ သဖြင့် ထိုနေရာ၌ပင် မစင်စွန့်ကြရလေသည်။ ၃ ရက်ခန့်ကြာသောအခါ အစားအစာများပုပ်သိုးကာ အနံ့ အသက်များမှ အဆိပ်ဖြစ်ကာ အားလုံး သေဆုံးကုန်ကြသည်။

အစားအစာအပုပ်များ၊ လူသေကောင် အပုတ်များ အညစ်အကြေး အနံ့ အသက်တို့ကြောင့် ကုန်တိုက်ကြီးဘေးမှ အဆောက်အအုံတို့မှ လူများပင်မနေနိုင်ဘဲ ထွက်ပြေးကြရပါသည်။ သို့သော် ကယ်ဆယ်ရေး အဖွဲ့ဝင်များက ဒုက္ခသည်များကို မစွန့်ခွာခဲ့ကြပေ။ လုပ်အားပေးကြသည့် ကယ်ဆယ်ရေး အဖွဲ့ဝင်တို့၏ စေတနာသည် ကြီးမားလှပါပေသည်။

***

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကုန်တိုက်ကြီး၏ အဲယားကွန်းများကို ညနေပိုင်းတွင် ပိတ်ရန်အမိန့်ပေးခဲ့သည်။ ပူပြင်းလှသော နွေရာသီ အရှိန်အောက်ရှိ အဲယားကွန်းပိတ်ထားသော ကုန်တိုက်ကြီးထဲတွင် မနေနိုင်၍ လူတချို့ အပြင်ထွက်လာခဲ့ကြသည်။ ထိုလူများသည် အသက်ချမ်းသာရာရလေသည်။

***

ဆမ်းပွန်း ကုန်တိုက်ကြီးပြိုကျသော အမှုကို ဦးဆောင်၍ ထောက်လှမ်း စစ်ဆေးသူမှာ ဒန့်ဂေါ့ တက္ကသိုလ် (Dankook University) မှ ပါမောက္ခ အင်ဂျင်နီယာ လန်ချန်း (Lan Chung) ဖြစ်သည်။ ပါမောက္ခသည် ရီဂျွန်း၏ မတရားယုတ်မာမှု အစိုးရဝန်ထမ်းတို့ လာဘ်စားမှုတို့ကို အစအဆုံးဖော် ထုတ်ခဲ့သည်။ တရားခွင်တွင် ရီဂျွန်းအား မသေမချင်း အကျဉ်းထောင် ထဲတွင် ကျစေရန်အထိ ကြီးလေးသော အပြစ်ပေးဖို့ အသိသက်သေ လိုသည်။

ထို အကြောင်းအရာ အားလုံးကိုသိသော အသိသက်သေသည် ကုန်တိုက် အုပ်ချုပ်ရေးမှူး တစ်ယောက်သာရှိခဲ့သည်။ ကုန်တိုက်ပိတ်ရန် အကြံပေး ခဲ့သော ထိုအုပ်ချုပ်ရေးမှူးသည် ရုတ်တရက်ထူးဆန်းစွာ သေဆုံး သွားလေတော့သည်။

***

၁၉၉၆ သြဂုတ်လ ၂၃ ရက်
အသိသက်သေ မရှိသဖြင့် ပြစ်မှုများ လျော့ကုန်သည်။

• ရီဂျွန်း (ဥက္ကဋ္ဌ) - ထောင်ဒဏ် ၇ နှစ် ၆ လ(ပေါ့ဆမှု)

• ရီဟန်ဆန်း (ရီဂျွန်း ၏သား)- ထောင်ဒဏ် ၇ နှစ် (မတော်တဆဖြင့် လူသေစေမှု)

• အစိုးရဝန်ထမ်းနှစ်ယောက် - ထောင်ဒဏ် ၁၀ လ နှင့် ငွေဒဏ်သိန်း ၃၀ စီ (လာဘ်စားမှု)

အပြစ်မရှိသော အင်ဂျင်နီယာကြီးများသာ ကြီးလေးသော အပြစ်ဒဏ် ပေးခံရလေတော့သည်။

"လူတွေသေတာလည်း သေတာပေါ့ဗျာ။ ကျုပ်တို့ပိုက်ဆံတွေ ဆုံးရှုံးရတာ လည်း ပြောကြဦး"

ရီဂျွန်းသည် သူ့ကုမ္ပဏီမှ ပိုက်ဆံတွေ ဆုံးရှုံးသွားသည်ကိုသာ တရားရုံး တွင် နောက်ဆုံးအချိန်အထိ ပြောနေလေသည်။

***

ကုန်တိုက်ပြိုကျမှုကြောင့် သေဆုံးသူ ဒဏ်ရာရသူများကို ဒေါ်လာ သန်း ၃၀၀ ကျော် လျော်ကြေးပေးရသော ရီဂျွန်းကုမ္ပဏီ မိသားစုသည် ဆွေစဉ် မျိုးဆက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသော ဘဝသို့ ရောက်ရှိ သွားတော့သည်။

သေဆုံးသူ အလွန်များပြားသောကြောင့် သူတို့မိသားစု၌ရှိသော ငွေဖြင့် မလုံလောက်ပေ။ တောင်ကိုးရီးယား၊ ဆိုးလ်မြို့မှ ပြည်သူတို့ထံမှ ကောက်ခံထားသော အခွန်ငွေများနှင့် ဖြည့်ဆည်းခဲ့ကြရသည်။

လူပေါင်းများစွာ သေဆုံးဒုက္ခိတဖြစ်ခဲ့ရသည့်အပြင် ပြည်သူတို့၏ငွေများ အထိ ဆုံးရှုံးခဲ့ရသောကြောင့် ရီဂျွန်း မိသားစုသည် ပြည်သူ့အရွံဆုံး၊ အမုန်းဆုံး အပယ်ခံအဖြစ်သို့ ရောက်ရှိခဲ့ရသည်။

***

၂၀၀၃ ခုနှစ် အောက်တိုဘာ ၎

ရီဂျွန်းထောင်မှ ထွက်လာသည်။ ဆင်းရဲသည်ဆိုသည့် ဒုက္ခ သူ့အလှည့် ရောက်လာသောအခါ သူ မခံစားနိုင်တော့ပါ။

• ဆင်းရဲသားများကို အနိုင်ကျင့်ခဲ့သော ရီဂျွန်း

• လူပေါင်း ၅၀၀ ကျော်ကို သတ်ခဲ့သော ရီဂျွန်း

• လူပေါင်း ၉၀၀ ကျော်ကို ဒုက္ခိတဖြစ်စေခဲ့သော ရီဂျွန်း

• အသက်ရှင်၍ ကျန်ခဲ့သူတို့ကို ရူးသွတ်အောင် အိပ်မက်ဆိုးများပေး ခဲ့သော ရီဂျွန်းသည် ... ထောင်မှထွက်လာပြီး ရက်အနည်းငယ်တွင် နှလုံးသွေးရပ်၍ သေဆုံးခဲ့သည်။

***

ရီဂျွန်း၏ သားဖြစ်သူ ထောင်မှလွတ်လာသောအခါ တောင်ကိုးရီး ယားနိုင်ငံတွင် ဆက်နေရန် သတ္တိမရှိတော့ပေ။ မွန်ဂိုလီးယားနိုင်ငံသို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။ အလိုလောဘ ကြီးလွန်းသူတို့၏ ဘဝနိဂုံးသည် ရုပ်ဆိုးကျည်းတန် လှပါပေသည်။

***

၂၂ စက္ကန့်အလိုတွင် အသေဆိုးဖြင့် သေကြရမည်၊ ဒုက္ခိတဖြစ်တော့မည် စသည်တို့ကို လူပေါင်း ၁,၅၀၀ ကျော်သည် မသိခဲ့ကြ။

ထိုဖြစ်ရပ်ကိုကြည့်လျှင် လူ့ဘုံဘဝကြီးသည် ကာမဂုဏ်အာရုံတွင် ပျော်ရွှင်ကာ မေ့မေ့လျော့လျော့နေ၍ မရသော ဌာနတစ်ခု ဖြစ်ပါသည်။

ကုန်တိုက်ကြီးပြိုကျသည့် အဖြစ်အပျက်တွင် အသေဆိုးပုံအမျိုးမျိုးကို တွေ့ရပါသည်။ ငရဲပြည်သည် ဟိုးမြေအောက် အဝေးကြီးတွင်သာ ရှိနေသည်မဟုတ်။ မိမိ၏ အနီးဆုံးတွင်လည်း ရှိနေတတ်လေသည်။

ကျွန်မတို့သည် ကံကြမ္မာကို ခန့်မှန်း၍ဘယ်လိုမှ မရနိုင်ပါ။ ယခုပစ္စုပ္ပန်တွင် ဘယ်လောက်ပင် ပျော်ရွှင်နေပါစေ၊ ငွေကြေးအားဖြင့် ဘယ်လောက်ပင် ချမ်းသာနေပါစေ၊ ကျန်းမာသန်စွမ်းနေပါစေ လာမည့် ၂၂ စက္ကန့်အတွင်း၌ ပင် အရာအားလုံးသည် ဇောက်ထိုးမိုးမျှော် ပြောင်းပြန်ဖြစ် သွားနိုင်ပေ သည်။

ဘယ်အရာမှ မတည်မြဲခြင်းသည်သာ အမှန်တရားဖြစ်သည်။

ထိုအမှန်တရားကိုသာ သိနေမည်ဆိုလျှင် ကျွန်မတို့ လူသားများသည် အချိန်ကုန်ခံပြီး လောဘ ဒေါသ မောဟ အတ္တ မာန တည်းဟူသော မကောင်းစိတ်များ တောက်လောင်ပြီး အဓိပ္ပာယ်မဲ့ ဘဝကို ဖြတ်သန်းစရာ လိုတော့မည် မထင်ပါ။

***

ယခုအခါတွင် ကျွန်မတို့ မြန်မာနိုင်ငံသည်လည်း ထိုစဉ်က တောင်ကိုရီး ယားကဲ့သို့ ကုန်တိုက်ကြီးများ အဆောက်အအုံ မြင့်များကို ဈေးသက်သက် သာသာဖြင့် စတင် ဆောက်လုပ်လိုသည့် ကာလဖြစ်သောကြောင့် ဆောက်လုပ်သူများ နှင့် မြန်မာ ပြည်သူပြည်သားများ သတိရှိစေရန် ဤဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်ပါသည်။

***

မှတ်ချက် - (ကျွန်မရေးသော ဆောင်းပါးတိုင်းမှ အကြောင်းအရာများသည် ဖြစ်ရပ်မှန်များ ဖြစ်ပါသည်။)

စာအကိုးအကား (References- Korea TV news , Wikipedia, PD interviews, 1995 년 서울 삼풍 book Pictures from 'Naver')
မရွှေမိုး (ကိုရီးယား)
ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၇
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.