မုန်တိုင်းစဲသော် -သရ၀ဏ်(ပြည်)


ယခုကာလသည် ပုဂံခေတ်က အနော်ရထာမင်းလက်ထက် အရည်းကြီး များကိုနှိမ်နှင်းပြီးကာစအခြေအနေနှင့်တူပေသည် ။ ဟိုကတမှောင့်သည်ကတမှောင့်နိုင်ငံတော်ကို ထိပါးခြောက်ချားနေသော အယူဝါဒများကို ပြတ်ပြတ်သားသားနှိမ်နှင်းသည့် အနော်ရထာမင်းလက်ထက်ပုဂံပြည်လို မြန်မာပြည်သည်ဖြစ်လာနေသည် ။ မဘသ အသင်းသည် နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးကလက်ခံထားသည့် သံဃာဂိုဏ်းကြီး ကိုးဂိုဏ်းတွင်မပါဝင်သဖြင့်တရားမ၀င်ကြောင်း မဟန အဖွဲ့သံဃနာယကဆရာတော်ဘုရားကြီးများကြေငြာချက်ထုတ်ပြန်ခြင်း ၊ မဘသ ဆိုင်းဘုတ်များကိုဆက်လက်အသုံးပြုခြင်း၊ထိုနာမည်ဖြင့် လှုပ်ရှားဆောင်ရွက်ခြင်းမပြုရန် တားမြစ်ချက်ထုတ်ပြန်ခြင်း၊ မလိုက်နာကအရေးယူမည်ဟု ထုတ်ပြန်ကြေငြာခြင်းတို့သည် မဘသဆိုသူများ၏အရှိုက်ကိုဒူးနှင့်ပင့်တိုက်လိုက်သလိုအထိနာသွားစေသည် ။ ဆက်တိုက်ဆိုသလိုပင် ဟိုကသည်က ဆူပူမှုဖြစ်ပေါ်စေရန် လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်ခဲ့ကြသူ လူဝတ်ကြောင်များနှင့် ရဟန်းအချို့အား နိုင်ငံတော်အကြည်ငြိုပျက်စေမှုပုဒ်မ များဖြင့်တရားစွဲဖမ်းဆီးမှုများပြုလုပ်ခဲ့သည် ။ မင်္ဂလာတောင်ညွန့်အရေးအခင်းတွင် ရှေ့ဆုံးမှပါဝင်ခဲ့သူများ ၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြစုဝေးခဲ့သူခေါင်းဆောင်များကို အစိုးရက တရားစွဲအရေးယူခဲ့သည် ။ ထိုအချက်သည် မဘသ အဖွဲ့နှင့် မိမိကိုယ်ကိုမျိုးချစ်ဟု ဇွတ်တံဆိပ်ကပ်ထားသူများကိုအတော်အထိနာစေခဲ့ဟန်ရှိသည် ။ ဤအချက်များကိုအခဲမကြေသော မျိုးချစ်ဆိုသူများက လူစုလူဝေးနှင့် နေပြည်တော်အထိချီတက်ကာ သာသနာရေးဝန်ကြီးသူရဦးအောင်ကိုနှုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည် ။ သို့သော် ဆန္ဒပြသမားတို့အကြံအစည်မအောင်မြင်ခဲ့ပေ ။ ထိုဆန္ဒပြသမားများအား မထောက်ခံကြောင်း။ထိုသူများနှင့်ပါတ်သက်မှုမရှိကြောင်း၊ထိုသူများလာရောက်နေထိုင်တည်းခိုပါကလညးလက်ခံမည်မဟုတ်ကြောင်း နေပြည်နယ်ကောင်စီနယ်မြေအတွင်းရှိဘုန်းကြီးကျောင်းများက တရားဝင်စာထုတ်ပြန်ခဲ့သည် ။ သာသနာရေးဝန်ကြီးလည်းမနုတ်ထွက် ၊ သူတို့ကိုလည်းလက်ခံမည့်ဘုန်းတော်ကြီးကျောင်းမရှိတော့ခြင်းက မျိုးချစ်တို့၏ကျဆုံးခန်းဖြစ်သည် ။ သူရဦးအောင်ကိုတုန့် ပြန်ချက်ကလည်းရှင်းသည် ။

“ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့အစိုးရက ကျွန်တော့်ကိုတာဝန်ပေးခန့်အပ်ထားတာ ၊ အခုအော်နေတဲ့သူတွေခန့်အပ်ထားတာမဟုတ်ဘူး ။ လူအများကြီးနဲ့ထွက်အော်တိုင်းလိုက်လျောရမယ်ဆိုရင် ကျွန်တော်တို့ စီစဉ်နိုင်တယ် ၊ လူတစ်သောင်းလိုချင်လား၊ တသိန်းလိုချင်လား၊တစ်သန်းလိုချင်လား ထက်ပြီးဆန္ဒပြမယ် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးမလား ၊ပြင်ပေးမယ်ဆိုရင် ကျွန်တော့်စည်းစိမ်ဥစ္စာ ကိုပုံပြီးပေးလိုက်ဦးမယ် “

ထိုအပြောများကြောင့်သာသနာရေးဝန်ကြီးကို မျိုးချစ်ဆိုသူများကလည်းကောင်း၊မျိုးချစ်တို့နောက်ကွယ်မှ ကြိုးကိုင်ဆရာကြီးတို့လည်းကောင်းမုန်းတီးခြင်းဖြစ်ပေလိမ့်မည် ။ ယခင်ကြံ့ခိုင်ရေးပါတီ၏ခေါင်းဆောင်ပိုင်းအဖြစ်မှ ဒေါ်အောင်ဆန်းစုကြည်အစိုးရဘက်သို့  ဘက်ပြောင်းသွားသော ဦးရွှေမန်းနှင့် သူရဦးအောင်ကိုအပေါ် ယခင်ရှင်ပြုတုန်းရွှေထီးဆောင်းခဲ့ရသူများက အခဲမကြေ ၊ တတ်နိုင်လျှင်အစိမ်းလိုက်ဝါးစားချင်ကြသည် ။ ကြုံလျှင်ကြုံသလိုတိုက်ခိုက်ကြသည် ။ ကျွန်တော်ထင်သည်က သူတို့၏လျှိုးဝှက်ချက်များ၊နောက်ကြောင်းအရှုပ်အထွေးများကို ဦးရွှေမန်းတို့ ၊ဦးအောင်ကိုတို့သိထားသဖြင့်နောက်ကြောင်းမလုံပဲအခဲမကြေဖြစ်နေကြဟန်တူသည် ။ သူတို့ ၏အတွင်းရေးများကိုသိထားသူနောက်တယောက်မှာ ထောက်လှမ်းရေးပြုတ်ဗိုလ်ချုပ်ကြီးခင်ညွန့်  (ခေါ်) ဦးခင်ညွန့် ဖြစ်သော်လည်း ဦးခင်ညွန့်က အရူးကွက်နင်းနေသည် ။ ပြည်သူ့ အစိုးရလက်ထက်သို့ ရောက်သည့်တိုင် ဒီမိုကရေစီဘက်တော်သားများဘက်သို့ ကူးပြောင်းလာခြင်းမရှိပဲ တောင်လိုလိုမြောက်လိုလိုဖြင့် စာဖတ်နေသူကြီးအားသစ္စာရှိသယောင်ယောင်ပြုမူနေဆဲရှိသည် ။ ဤကဲ့သို့  အဘကြီးဘက်သို့ လှည့်၍ ဦးညွှတ်အရိုအသေပြုနေမှုကြောင့် ဗိုလ်ချုပ်ခင်ညွန့်အား မျိုးချစ်တို့ပြသနာရှာသည်ဟုမကြားမိပါ ။

ဗိုလ်ချုပ်ခင်ညွန့်မှာလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာကာစက သူသည်အလွန်ဆင်းရဲနေကြောင်း ၊ စားဝတ်နေရေးအတွက်ပန်းရောင်း၍စားနေရပါကြောင်း စသည်ဖြင့် နတ်သံနှော၍မျက်ရည်ခံထိုးသည်မှာအကြောင်းမသိသူများအတွက် ကရုဏာသက်ဖွယ်ဖြစ်သည် ။ ထိုဆင်းရဲနေပါပြီဆိုသူကြီးသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းနေရာကောင်းသောခြံကွက်ကြီးတခုကိုပိုင်ဆိုင်ထားရာ ထိုခြံကွက်ကြီးမှာ ဦးခင်ညွန့်တပ်မတော်တွင်အမှုထမ်းစဉ် ချွေးနည်းစာ လခများကိုစုဆောင်း၍၀ယ်ထားနိုင်ခြင်းတော့မဟုတ်တန်ရာ ။ ဘယ်ကဘယ်လိုရသလဲဆိုတာ ပြည်သူလူထုကိုရှင်းပြလျှင်ဗဟုသုတရနိုင်မည်ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းသည်အိမ်ပိုင်မရှိသဖြင့် ဗိုလ်နေ၀င်းပေးခဲ့သောတာဝါလိန်းလမ်းအိမ်ပေါ်တွင်နေရ၏ ။ ဗိုလ်ချုပ်အောင်ဆန်းသေဆုံးသွားပြီး နောင်အခါတွင်မှ တက္ကသိုလ်ရိပ်သာလမ်းခြံအမှတ် ၅၄ ကိုဦးနုအစိုးရမှ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်အားအလဲအလှယ်သဘောဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည် ။ တာဝါလိန်းလမ်း (ယခုဗိုလ်ချုပ်ပြတိုက်လမ်း)အိမ်ကိုမူနိုင်ငံတော်ပိုင်ပြတိုက်အဖြစ်အသုံးပြုခဲ့သည် ။ ဗိုလ်ချုပ်ခင်ညွန့်သည် ပန်းရောင်း၍၀မ်းကျောင်းရသည်ဟုပြောသော်ငြား ဘယ်ကဘယ်လိုရမှန်းမသိသောခြံကြီးတွင်ဇိမ်ကျကျနေထိုင်နိုင်ဆဲဖြစ်၏ ။ ပုဂံရှိဓမ္မရာဇကဘုရားကြီးအားရွှေချနိုင်၏ ။ ဟိုအခမ်းအနားသည်အခမ်းအနားများသို့ တက်ကာ ငွေများထည့်ဝင်နိုင်ပေ၏ ။ ပန်းရောင်း၍စားသောက်ရာမှ ကော်ဖီဆိုင် ၊ပန်းချီပြခန်းစသည်ဖြင့် စီးပွားရေးနာလန်ထူလာပုံမှာ မြန်ဆန်လှပေ၏ ။ အမျိုးသားနိုင်ငံရေးကိုပဲဆောင်ရွက်မည်ဟုသံဓိဌာန်ချထားသူပီပီ ဦးစံလင်းညွှန်ပြသော နဂါးကြီးးပေါ်ထွန်းလာမည့်ချင်းတွင်းမြစ်ကမ်းနဖူးသို့ ပင် သွားရောက်ကာအမျိုးသားရေးဆောင်ရွက်ပေ၏ ။ ဦးခင်ညွန့် ၏ဘ၀ဇာတ်ကြောင်းကိုစာအုပ်နှစ်အုပ်ရေးသားထုတ်ဝေခဲ့သော်လည်း အဓိကပင်မဖြစ်သော အချိန်တိုအတွင်းပြန်လည်ချမ်းသာလာနည်းနိဿရည်းကိုမူ ဆရာစားချန်ကာမဖော်ပြပဲထားခဲ့၏ ။ထိုနည်းစနစ်ကိုစာအုပ်တစ်အုပ်သီးသန့်ရေးသားခဲ့ပါက တက်ကျမ်းလောကတွင် သိမ့်သိမ့်တုန်အောင်၊အောင်မြင်သွားနိုင်ပေသည် ။ဆိုလိုရင်းမှာ အကြောင်းသိသူအချင်းချင်းဖြစ်သော်လည်း ပြည်သူလူထုဘက်သို့မကူးပြောင်းပဲ သူတို့ဘက်မှာပဲကျန်နေသူ ဦးခင်ညွန့်အပေါ်၌ မျိုးချစ်တို့နှင့်မျိုးချစ်ဆရာများတို့သည် ယခုအချိန်အထိ ဆန့်ကျင်ခြင်းမရှိခဲ့ဘူးဆိုသည့်အချက်ဖြစ်သည် ။

အကယ်စင်စစ် အမျိုးဘာသာသာသနာရှုထောင့်မှကြည့်လျှင်ဗိုလ်ချုပ်ခင်ညွန့်လက်ထက်တွင် သံဃာတော်များစွာဖမ်းဆီးထောင်ချခြင်းခံခဲ့ကြရာ ပိဋကတ်သုံးပုံဆောင်ဆရာတော်တိပိတကဓရ၊ တိပိတကကောဝိဓ ဘဒန္တသုမင်္ဂလာလင်္ကာရ ပင်ပါဝင်ခဲ့သည် ။ သီတဂူဆရာတော်ကြီးကိုလည်း လူဝတ်လဲမည်ကြံစည်ကြ၍ မင်းကွန်းဆရာတော်ဘုရားကြီးက၀င်ရောက်တားမြစ်မေတ္တာရပ်ခံခဲ့ရဖူးသည် ။န.၀.တ အစိုးရလက်ထက်တွင် မန္တလေးတွင်လည်းကောင်း၊ရန်ကုန်တွင်လည်းကောင်း စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ပါဝင်ပါတ်သက်သည်ဆိုပြီး သံဃာများစွာအဖမ်းခံရသည် ။ ဥပမာအားဖြင့် ၈.၈.၁၉၉၀ တွင်ရှစ်လေးလုံးနှစ်ပါတ်လည်ချီတက်ပွဲကိုမန္တလေးတွင်သံဃာတော်များဦးဆောင်လှည့်လည်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကပစ်ခတ်နှိမ်နှင်းသဖြင့် မိုးကောင်းကျောင်းတိုက်မှ ၁၇ နှစ်အရွယ်ကိုရင် ရှင်အာစိန္ဒအပါအ၀င် သံဃာ ၉ပါးပြင်းထန်စွာဒဏ်ရာရသည် ။ သံဃာ ၁၄ ပါးရိုက်နှက်ခံရသည် ။သံဃာ ၅ပါး ဖမ်းဆီးခံရသည် ။ ထိုအဖြစ်အပျက်သည် ဗိုလ်ချုပ်ခင်ညွန့်လက်ထက်တွင်ဖြစ်ပျက်ခဲ့သည် ။၁၉၉၀ နှင့် ၁၉၉၁ အတွင်းတပြည်လုံးတွင်အဖမ်းခံရသောကိုရင်နှင့် ဦးပဉ္ဖင်းစုစုပေါင်းမှာ အစိုးရဘက်မှထုတ်ပြန်ချက်အရ အသက် ၁၅ နှစ်မှ ၆၃ နှစ်အတွင်း ရှိကိုယ်တော် ၇၇ ပါးရှိခဲ့သည် (လက်တွေ့ တွင်ပိုများနိုင်သည်ဟု ခန့်မှန်းကြသည် ) ။ဒါသည်နမူနာလောက်သာရေးသားခြင်းဖြစ်ပြီးဗိုလ်ချုပ်ခင်ညွန့်လက်ထက်တွင် ဗုဒ္စဘာသာရဟန်းတော်များစွာ ဖမ်းဆီးခံရသည် ။ တိမ်းရှောင်ထွက်ပြေးရသည် ။ ဆန္ဒပြပွဲများကိုအကြမ်းဖက်နှိမ်နှင်းခံရသည် ။ထိုသို့ ဖြစ်ခဲ့ခြင်းများကို ယခုအခါ မျိုးချစ်ဟုမိမိဘာသာခေါ်နေကြသူများ ၊ အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ဝင်များ ၊ ၉၆၉ စသောအဖွဲ့ဝင်များသည် မေ့ပစ်လိုက်ကြလေပြီလောမသိ ။ ဗိုလ်ချုပ်ခင်ညွန့်အကြောင်းယောင်လို့မှဆန့်ကျင်ဘက်စကားမပြောတာထူးဆန်းလှသည် ။မ.ဘ.သနှင့်မျိုးချစ်တို့ သည် ပိဋကတ်သုံးပုံးဆောင်ဆရာတော်ကိုထောင်ချခဲ့သောသူတွေအကြောင်းကိုလေသံမှဟသံမကြားခဲ့ဖူးပါ ။ ဘာသာသာသနာကိုတကယ်စောင့်ရှောက်ကြသူများဆိုလျှင်ထိုအဖြစ်များထက်ဘာသာသာသနာညှိုးနွမ်းခဲ့ရသည့်အဖြစ်သည်မရှိတော့ပါ ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်လည်းကောင်း ၊ ၂၀၁၂ လက်ပန်းတောင်းတောင်သပိတ်စခန်းတွင်လည်းကောင်း သံဃာတော်များကို ကိုယ်ထိလက်ရောက်ကန်ကျောက်ရိုက်နှက်ဖမ်းဆီး ၊ မီးလောင်စေသောလက်နက်နှင်ဖြိုခွဲခဲ့ကြသည်မှာ NLD အစိုးရလက်ထက်မဟုတ်ပေ ။

ထိုအချိန်များက အမျိုးဘာသာသမားတို့၏ကန့်ကွက်သ့တကြိမ်မှထွက်ပေါ်မလာခြင်းကလည်းထူးဆန်းသည် ။
အကယ်စင်စစ်မျိုးချစ်ဆိုသောစကားမှာအင်မတန်ကြီးကျယ်မြင့်မြတ်၍လူထူသည်းချေကြိုက်စကားလုံးဖြစ်သည် ။ ထိုစကား၏ကြီးကျယ်မြင့်မြတ်မှုကိုအခွင့်ကောင်းယူ၍မသူတော်များက ထိုစကားလုံးကိုဗန်းပြပြီး အကွက်ဆင်လူစုသည့်အဖြစ်မျိုးသည် မြန်မာ့ရာဇ၀င်မှာရော ကမ္ဘာ့ရာဇ၀င်မှာရောရှိခဲ့ကြသည် ။ ဂဠုန်ဦးစောကမျိုးချစ်ပါတီဟူ၍တည်ထောင်ခဲ့ရာ ဂဠုန်စောမျိုးချစ်ပြလိုက်ပုံမှာ ကြိုးစင်ပေါ်ရောက်သည့်အထိဖြစ်သည် ။ ပထမကမ္ဘာစစ်အပြီး ဒုတိယကမ္ဘာစစ်မဖြစ်မီဂျာမဏီနိုင်ငံတွင်လည်း ဟစ်တလာက နာဇီပါတီဟုအမည်ရသည့် မျိုးချစ်ပါတီကိုတည်ထောင်ခဲ့သည် ။အစွန်းရောက်မျိုးချစ်စိတ်ကိုရှေ့တန်းသို့တင်ကာ ဤကမ္ဘာတွင်ဂျာမန်လူမျိုးမှလွဲလျှင် ကျန်လူများအားလုံးသည်အလကား ။ ဂျာမန်တို့ကသာ ကမ္ဘာကိုဦးဆောင်အုပ်ချုပ်ရမည်ဟူသောမျက်ကန်းမျိုးချစ်စိတ်ဖြင့်ချီတက်ကြသောကြောင့်တကမ္ဘာလုံးစစ်မီးတောက်လောင်ရလေသည် ။ ဂျပန်တွင်လည်းထိုနည်းနှင်နှင်ပင် ။ ဂျပန်လူမျိုးသည် နေနတ်မင်းထံမှတိုက်ရိုက်ဆင်းသက်လာသော နေမျိုးနေနွယ်ဖြစ်သဖြင့် ကျန်သည့်လူမျိုးများထက်မြင့်မြတ်သည်ဟူသော မဟာလူမျိုးကြီးမျိုးချစ်ဝါဒကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ရလေသည် ။ မျိုးချစ်ဝါဒသည် သူ့ ဘာသာနေလျှင်ကောင်းလျက်နှင့် တလွဲဆံပင်ကောင်း မရောင်ရာဆီလူးသူတသိုက်နှင့်တွေ့ သောအခါ လူသားများဒုက္ခပင်လယ်ဝေရသည် ။ တကယ်တော့ လူတိုင်း၏ရင်ထဲတွင်မျိုးချစ်စိတ်ရှိပြီးသားဖြစ်သည် ။ ဗုဒ္စဘာသာဝင်များအားလုံးနှလုံးသားထဲတွင်ဘုရားတရားသံဃာ ရတနာသုံးပါးရှိနေပြီးသားဖြစ်သည် ။ အထူးအထွေဘာဝါဒ ညာဝါဒ စသည်ဖြင့် ကြွေးကြော်နေစရာစည်းရုံးနေစရာမလိုတော့ပေ ။ ထိုသို့ ကြွေးကြော်စည်းရုံးနေကြသူများမှာလည်းသွေးရိုးသားရိုးစည်းရုံးကြသည်မဟုတ် ၊ သူတို့ လိုလားသော နိုင်ငံရေးအရှုပ်ထွေးတခု ဆီသို့ မရောက်ရောက်အောင် ၊ သူတို့လိုလားသောအဖွဲ့ စီမံသည့်အတိုင်း ဖြစ်လာအောင်အကွက်ချ နှောက်ယှက်နေခြင်းဖြစ်သည် ။ လက်ရှိအစိုးရကိုနှုတ်ထွက်ပေးရန်ဆန္ဒပြကြသူများအား အစိုးရပြုတ်ကျခဲ့လျှင်ဘယ်အဖွဲ့ကိုအုပ်ချုပ်စေချင်သနည်းဟုမေးကြည့်လျှင် ရေရေရာရာဖြေနိုင်မည်မဟုတ် ။ သူတို့အဘများမှာလည်းတိုင်းပြည်ကလူကြိုက်နည်းကုန်ကြလေပြီ ။ခိုးထားသောပိုက်ဆံများကိုပြန်ပေးသူကပေး ၊ မြေကွက်မတရားရယူသူကရယူ ၊လာဘ်စားသူကစားနေကြသောသူများကိုပြည်သူလူထုကပြန်မလိုချင်တော့တာမဆန်းပေ ။

ထို့ကြောင့် ရန်ကုန်နှင့်မန္တလေးနှင့်တောင်ကြီးအေးသာယာရှိ ၂၀၁၇ သပိတ်စခန်းဆိုသည်များမှာ ကြက်ဝိုင်းလောက်ပင်လူမစည်ပဲပြည်သူလူထု၏နှာခေါင်းရှုံ့ ခြင်းကိုခံရခြင်းဖြစ်သည် ။ထိုလူများမိုက်ဇာတ်သိမ်းသွားသည်ကို နိုင်ငံကိုချစ်သူများအားလုံးက၀မ်းသာအားရကြလေသည် ။
ထို့ကြောင့်ယခုအခါ မြန်မာပြည်သည် အရည်းကြီးများဇာတ်သိမ်းကာစ ပုဂံပြည်နှင့်တူနေသည်ဟုဆိုရခြင်းဖြစ်သည် ။

ပြီးခဲ့သော စနေနေ့ (၅.၈.၂၀၁၇) က မန္တလေးသပိတ်စခန်းဖမ်းဆီးခံရ ၊တောင်ကြီးနှင့်ရန်ကုန်သပိတ်စခန်း သူ့ဘာသာပိတ်သိမ်းသွားကြသောနေ့နှင့်တနေ့ထဲတွင် သီတဂူဆရာတော်ကြီး က ကမ္ဘာ့ငြိမ်းချမ်းရေး၊ညီညတ်ရေးနှင့် လုံခြုံရေးဆိုင်ရာဘာသာပေါင်းစုံ ညီလာခံကို ရန်ကုန်မြို့  သီတဂူကမ္ဘာ့ဗုဒ္စတက္ကသိုလ်တွင်ကျင်းပခဲ့ပြီး ထိုအခမ်းအနားကို ရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွှင့်ပြသနေခဲ့လေသည် ။ အတုအယောင်နှင့်အစစ်အမှန်သည်တနေ့တည်းမှာပင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည် ။ အရည်းကြီးသာသနာကွယ်ပျောက်၍ ရှင်အရဟံခေါင်းဆောင်သော သာသနာစစ်သာသနာအမှန်ပေါ်လာသလို နှစ်ယောက်တပိုင်းကိုယ်တော်တို့၏မဖြစ်ညစ်ကျယ် သပိတ်စခန်းကွယ်ပျောက်သောနေ့တွင် သီတဂူဆရာတော်ကြီးနှင့် တပည့်သာဝကများ၏ အစစ်အမှန်ငြိမ်းချမ်းရေးနှင့်ဗုဒ္စဘာသာ ကိုထုတ်ဖော်ပြသသည့်ပွဲဖြစ်နေပါသည် ။ ထိုနေရာတွင်သီတဂူဆရာတော်ကြီးဦးဆောင်ကျင်းမခြင်းမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကသာကျင်းပခဲ့လျှင် ကုလားတွေကိုနေရာပေးပြီး စကားပြောခိုင်ေးနသည်တို့ ၊ ကုလားတွေနိုင်ငံထဲကိုသွင်းလာသည်တို့အပြောခံရမှာကျိန်းသေသည် ။ ယခုတော့ မျိုးချစ်အတုတို့ သပိတ်စခန်းမှမျက်နှာအောက်ချထွက်ခွာရာတွင် ပါတ်ဝန်းကျင်လူထုကအော်ဟစ်လှောင်ပြောင်တာခံရခြင်းဖြင့် မိမိအင်အားကိုမိမိ သိသင့်ပါသည် ။

ထိုနေ့နှင့်မတိမ်းမယိမ်း ။သြဂုတ်လ ၇ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ်မြေတိုင်ကန်ကျေးရွာတွင် ကျေးလက်နေပြည်သူများနှင့်ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပပြီး ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခဲ့သည် ။ကျေးလက်လူထုနှင့် ကြိုတင်ဇာတ်တိုက်မထားသောမေးခွန်းနှင့်အဖြေများကိုရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွှင့်ပြသပေးသဖြင့်ကြည့်ရသူပြည်သူပြည်သားအပေါင်းနှစ်ထောင်းအားရရှိခဲ့ကြသည် ။ ဤကဲ့သို့  စကားဝိုင်းမျိုး ၊ဤကဲ့သို့ တွေ့ ဆုံပွဲမျိုးကိုတိုက်ရိုက်ထုတ်လွှင့်ပြသရဲသောသတ္တိယခင်အစိုးရအဆက်ဆက်မှာတခါမှမရှိခဲ့ပါ ။ တင်းမာခက်ထန်သောအပေါ်စီးမျက်နှာများနှင့်ကျေးလက်သို့ ရောက်လာကာ ဟိုကြည့်သည်ကြည့်လျှောက်ကြည့်ပြီး လိုအပ်သည်များကိုမှာကြားသလိုလို သူ့ လုပ်စာကိုတလောကလုံးကစားနေကြသလိုလိုအပေါက်မျိုးနှင့်သာ ရောက်လာတတ်သောလူကြီးဆိုသူများကိုသာကျေးလက်ပြည်သူများကတွေ့ မြင်ဖူးပါသည် ။

ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ကဆိုလျှင် ရောက်လာသမျှနေရာများတွင် ဘာမေးခွန်းမှမမေးဖို့ ထောက်လှမ်းရေးက ကြိုတင်သတိပေးထားပါသည် ။ထို့ကြောင့်မေးလိုက်လျှင် အားလုံးကောင်းပါသည်ဆိုသောအဖြေသာရရှိစမြဲဖြစ်သည် ။ ဗိုလ်ချုပ်ခင်ညွန့်ကိုမဆိုထားဘိ ဗိုလ်ချုပ်ခင်ညွန့်ကတော်ဒေါက်တာဒေါ်ခင်ဝင်းေ၇ွှ(အမျိုးသမီးရေးရာဥက္ကဌ) ပြည်မြို့ အ.ထ.က(၁) သို့ရောက်လာပြီးဆရာဆရာမများနှင့်တွေ့ ဆုံရာတွင် နိုင်ငံရေးစီးပွားရေးနှင့်သက်ဆိုင်သောဘာမေးခွန်းမှမမေးဖို့ ထောက်လှမ်းရေးများက ဆရာဆရာမများကိုကြိုတင်လာရောက်ပြောကြားထားပါသည် ။ ထို့ကြောင့်ထိုတွေ့ ဆုံပွဲများမှာ ညရှစ်နာရီသတင်းတွင်ပါလာသော်လည်း ကြိုတင်ဇာတ်တိုက်ထားသည့်ဟန်ပြတွေ့ ဆုံပွဲများသာဖြစ်သည် ။ ယခုဒေါ်အောင်ဆန်းစုကြည်ပြုလုပ်သော ကျေးလက်စကားဝိုင်းလို တိုက်ရိုက်ထုတ်လွှင့်ဖို့ကတော့ စစ်အာဏာရှင်အဆက်ဆက်ဘယ်တုန်းကမှစိတ်ကူးမိမည်မဟုတ်ပါ ။ ကိုယ့်လိပ်ပြာကိုယ်လုံသူများသာလျှင်လုပ်ဝံ့သော နိုင်ငံရေးယဉ်ကျေးမှုဖြစ်ပါသည် ။

NLD တွင်လည်းကောင်း ဦးထင်ကျော်နှင့်ဒေါ်အောင်ဆန်းစုကြည်တွင်လည်းကောင်း ဦးဝင်းမြင့်နှင့် ဦးမန်းဝင်းခိုင်သန်းတွင်လည်းကောင်း အားနည်းချက် ၊လိုအပ်ချက် များရှိနိုင်ပါသည် ။ ဒါသည်သဘာဝကျပါသည် ။ သူတို့တွေအားလုံးကောင်းနေပါသည်ဟုတော့ကျွန်တော်တို့မပြောလိုပါ ။ လိုအပ်ချက် ၊ဟာကွက် များစွာရှိနေသည်မှာလည်းအမှန်ဖြစ်ပါသည် ။ ထိုလိုအပ်ချက်များကိုအပြစ်တင်နေမည့်အစား အပြုသဘောနှင့် ဝေဖန်ထောက်ပြပါမည် ။အကြောင်းပြချက်ကတခုတည်းပဲရှိပါသည် ။အရင်လူများပြန်ရောက်လာမှာစိုး၍ဖြစ်သည် ။ စစ်အာဏာရှင်စနစ်ကိုလည်းမလိုချင်တော့ ၊မျိုးချစ်အတုအယောင်တွေကိုလည်းမလိုချင်တော့ ပွင့်လင်းလွတ်လပ်၍ လူကိုလူလိုဆက်ဆံသော နိုင်ငံရေးစနစ်တခုကိုသာ လိုချင်ပါတော့သည် ။ အရည်းကြီးများကိုနှိမ်နှင်းပြီးသည့်အခါ တိုင်းပြည်တည်ခန်း ၊သာသနာပြုခန်း၊ဆန်ရေစပါးပေါများအောင်ဆောင်ရွက်ခန်း များ ဆက်လက်ဆောင်ရွက်နိုင်ပါစေသတည်း ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁၁.၈.၂၀၁၇
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.