တရုတ်ပြည်က လျှပ်စစ်ဓါတ်အား မြန်မာ ဝယ်ဖို့ညှိနိုင်း


မြန်မာအစိုးရက တရုတ်ပြည်ကနေ လျှပ်စစ်ဓါတ်အားဝယ်ယူဖို့ စတင်ညှိနိုင်းနေကြောင်း မနေ့က သတင်းရပါတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် ယူနန်ပြည်နယ်က ပိုလျှံနေတဲ့ လျှပ်စစ်ဓါတ်အားတွေကို မြန်မာပြည်ရောင်းချဖို့ တရုတ်အစိုးရပိုင် ကုမ္ပဏီ ၃ ခုက မြန်မာအစိုးရကို အဆိုပြုထားကြတယ်လို့ သိရပါတယ်။

ယူနန်ပြည်နယ်ဟာ ပိုလျှံနေတဲ့ ဓါတ်အားတွေကို လက်ရှိမှာ တရုတ်နိုင်ငံ အရှေ့ပိုင်းက စက်မှုဇုံတွေအပြင် ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကိုပါ ပို့ဆောင်ရောင်းချ နေပါတယ်။

တရုတ်ပြည်ဖက်က တင်ပြချက်တွေကို မြန်မာအစိုးရက လေ့လာလျှက်ရှိကြောင်း၊ ဈေးနှုံး၊ ဝယ်ယူမယ့်ကာလ စသဖြင့် အသေးစိပ် ညှိနိုင်းရမှာဖြစ်ကြောင်း မြန်မာအစိုးရလျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန အရာရှိတဦးက ရိုက်တာကို ပြောကြားပါတယ်။

မြန်မာအစိုးရကို အဆိုပြုထားတဲ့ တရုတ်ကုမ္ပဏီ ၃ ခုအနက် တခုက မူဆယ်ကနေ မိတ္ထီလာကို ဓါတ်အားလိုင်းတည်ဆောက်ဖို့ ကမ်းလှမ်းထားပြီး နောက်ကုမ္ပဏီ ၂ ခုကတော့ ယူနန်ပြည်နယ်ကနေ မိတ္ထီလာအရောက် ဓါတ်အားလိုင်းတွေတည်ဆောက်ဖို့ တင်ပြထားကြတယ်လို့ သိရပါတယ်။

အဲဒီလို ဓါတ်အားသွယ်ယူမယ်ဆိုရင် လုပ်ငန်းကာလ ၅ နှစ်ခန့်ကြာမြင့်မှာဖြစ်ပြီး ရေကာတာ တည်ဆောက်ရေးထက် ပိုပြီးမြန်ဆန်မယ်လို့ ပညာရှင်တဦးက ပြောပါတယ်။ ဒါပေမယ့် လုပ်ငန်းအောင်မြင်ဖို့အတွက် တရုတ် မြန်မာနယ်စပ်ဒေသတွေ တည်ငြိမ်မှု ရှိဖို့လိုတယ်လို့ ဆိုပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန အရာရှိတဦးကတော့ မြန်မာပြည်မှာ ရေအားလျှပ်စစ်ထုတ်နိုင်တဲ့ အရင်းအမြစ်တွေ အများကြီးရှိပါလျှက်နဲ့ အခုလို တရုတ်ပြည်က ဝယ်ယူမယ်ဆိုတာဟာ အတော်မိုက်မဲတဲ့ စိတ်ကူးပါပဲလို့ ပြောပါတယ်။

ဒါပေမယ့် ဝေဖန်သူတချို့ကတော့ အဲဒီလို ပြည်တွင်းရေအား လျှပ်စစ်ဓါတ်လုပ်ရေးဟာ ပိုပြီးတွက်ချေကိုက်တဲ့ နည်း ဟုတ်မှန်ပေမယ့် အချိန်ကာလ ကြာမြင့်မှာဖြစ်တယ်၊ မြန်မာပြည်က အခုချက်ခြင်း လိုအပ်နေတာဖြစ်တဲ့အတွက် တရုတ်ပြည်ကဝယ်တာဟာ ပိုကောင်းတဲ့ရွေးချယ်မှုပါပဲလို့ ပြောပါတယ်။

တချို့ကလည်း အခုလိုဝယ်မယ်ဆိုရင် တိုင်းပြည်မှာရှိတဲ့ အရန်ငွေနည်းနည်းလေး ကုန်သွားတော့မှာပဲလို့ စိုးရိမ်နေကြကြောင်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.