အက်ပ်ရေးလို အိုသည်မရှိ – ၈၂နှစ်အထိ အက်ပ်ရေးနေဆဲ ဂျပန်ဖွားဖွား


သြဂုတ် ၈ – အသက် ၈၂ နှစ်အရွယ် မာဆာကို ၀ါကာမီယာ အလုပ်စ၀င်တဲ့အချိန်တုန်းက သချာင်္တွက်မယ်ဆိုရင် ပေသီးကိုပဲ ခေါက်ရပါတယ်။ အခုတော့ သူဟာ အိုင်ဖုန်းအက်ပ်ရေးဆွဲသူတွေထဲမှာ အသက်ကြီးဆုံးသူတစ်ဦးဖြစ်နေပြီး သက်ကြီးရွယ်အို တွေ သုံးနိုင်တဲ့ စမတ်ဖုန်းအက်ပ်တွေ ရေးနေပါပြီ။

သက်ကြီးရွယ်အိုတွေနဲ့ ဆက်ဆံဖို့ နည်းပညာလုပ်ငန်းက စိတ်မ၀င်စားတာကို မကျေနပ်တဲ့အတွက် သူဟာ ကုတ်ရေးနည်း သင်ပြီး သက်ကြီးရွယ်အိုတွေအတွက် ကိုယ်တိုင်လုပ်ဖို့ စဉ်းစားခဲ့ပါတယ်။
အသက် ၆၀ နဲ့အထက်ရောက်လာရင် ဦးနှောက်ထက်မြက်ဖို့အတွက် ပညာရပ်အသစ်တွေကို တက်တက်ကြွကြွ သင်နေဖို့လိုတယ်လို့ သူက ပြောပါတယ်။
“အသက်ကြီးလာရင် ဆုံးရှုံးရတာတွေ အများကြီးပဲ။ ယောက်ျား၊ အလုပ်အကိုင်၊ ဆံပင်၊ အမြင်အာရုံပေါ့။ အနုတ်လက္ခဏာ တွေက သိပ်များတယ်။ ဒါပေမယ့် ပရိုဂရမ်းမင်းဖြစ်ဖြစ်၊ စန္ဒယားတီးတာဖြစ်ဖြစ် အသစ်တစ်ခုခုကို လေ့လာနေမယ်ဆိုရင် ဒါက ကောင်းကွက်ပဲ။ လှုံ့ဆော်မှုပေးနေတယ်”လို့ သူက ပြောပါတယ်။

သူဟာ ဘဏ်စာရေးအဖြစ်ကနေ အငြိမ်းစားယူပြီးနောက် ၁၉၉၀ နှစ်များမှာ ကွန်ပျူတာတွေကို စတင်စိတ်ဝင်စားခဲ့ပါတယ်။
သူ့ရဲ့ပထမဆုံးစနစ် BBS messaging ကို စတင်တည်ထောင်ဖို့ လပေါင်းများစွာကြာပြီးနောက်မှာ မိုက်ခရိုဆော့ဖ်ကွန်ပျူတာ နဲ့ အကျွမ်းတ၀င်ရှိအောင် လုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အက်ပဲလ်ရဲ့ မက်နဲ့ အိုင်ဖုန်းတွေကို ကျွမ်းကျင်အောင် လုပ်ပါတယ်။

သူက ဆော့ဖ်ဝဲရေးသူတွေကို အဘိုးအဘွားတွေအတွက် ပိုလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှုမရတာကြောင့် သူကိုယ်တိုင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဝါကာမီယာဟာ အခြေခံကုတ်ဒင်းကို လေ့လာပြီး ဟီနာဒန်ကို ရေးဆွဲခဲ့ပါတယ်။ ဒါက အသက် ၆၀ ကျော်တွေကို ရည်ရွယ်တဲ့ ဂျပန်ရဲ့ ပထမဆုံးဂိမ်းပါ။ ဂိမ်းဟာ အလွန်အောင်မြင်တဲ့အတွက် အက်ပဲလ်က ဖိတ်ခေါ်ပြီး သူတို့ရဲ့ ဂုဏ်သတင်းကြီးတဲ့ ကမ္ဘာ့ကုတ်ရေးဆွဲသူများကွန်ဖရင့်မှာ ပါဝင်စေခဲ့ပါတယ်။ ကွန်ဖရင့်မှာ တက်ရောက်သူတွေထဲမှာ သူက အသက်ကြီးဆုံးပါ။
ဟီနာဒန် – “အရုပ်စင်” ဟာ မတ်လတိုင်းကျင်းပတဲ့ ဟီနာမာဆူရီအရုပ်ပွဲတော်ကနေ မြစ်ဖျားခံပြီး ဧကရာဇ်၊ သူ့မိသားစုနဲ့ ဧည့်သည်တော်တွေကို ကိုယ်စားပြုတဲ့ အလှတန်ဆာဆင်ထားတဲ့အရုပ်လေးတွေကို ဆိုင်ရာနေရာမှာ နေရာချထားပေးရပါတယ်။

ဝါကာမီယာရဲ့ အက်ပ်မှာ ကစားသူတွေဟာ အရုပ်တွေကို မှန်ကန်တဲ့နေရာမှာ ထားရပါတယ်။ ဒါက ထင်တာထက် ခက်တဲ့အလုပ်ဖြစ်ပြီး မှန်ကန်တဲ့နေရာတွေကို မှတ်မိဖို့လိုပါတယ်။
လက်ရှိမှာ ဂျပန်ဘာသာစကားနဲ့သာ ထုတ်ဝေထားတဲ့ ဒီအက်ပ်ကို အကြိမ်ပေါင်း ၄၂၀၀၀ ဒေါင်းလုပ်ချထားပြီး ကစားသူတွေဆီက သဘောကျတဲ့မှတ်ချက် ရာနဲ့ချီ ရရှိထားပါတယ်။
ဂျပန်မှာ တကယ်ပေါက်တဲ့အက်ပ်ကို သန်းနဲ့ချီ ဒေါင်းလုပ်ချတာနဲ့စာရင် ဒီကိန်းဂဏန်းက နည်းပါးပေမယ့် ဟီနာဒန်ဟာ နာမည်ကျော်တဲ့အတွက် နောက်နှစ်ပွဲတော်ရက်မတိုင်ခင် အင်္ဂလိပ်၊ တရုတ်နဲ့ ပြင်သစ်ဘာသာတို့နဲ့ ထုတ်ဝေဖို့ရှိပါတယ်။

ဂျပန်လူဦးရေ လေးပုံတစ်ပုံကျော်က အသက် ၆၅ နှစ်အထက်တွေဖြစ်ပြီး ၂၀၅၅ ကျရင် အဲဒီအသက်ရှိသူက ၄၀ ရာခိုင်နှုန်း အထိ တိုးလာပါလိမ့်မယ်။
အစိုးရက ပြည်သူလူထုဆက်လက်ပြီးတက်ကြွကျန်းမာနေအောင် ကြိုးစားလုပ်ဆောင်နေပြီး သွက်လက်တက်ကြွတဲ့ အသက် ၈၀ ကျော်အဘွားကို စိတ်အားတက်ကြွစရာအဖြစ် ရှုမြင်ပါတယ်။
“ဂျပန်အဘိုးအဘွားအားလုံး ဒီလိုစိတ်ပြင်းပြမှုရှိစေချင်လိုက်တာ” လို့ တာဝန်ရှိသူတစ်ယောက်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

စုပြည့်စုံ
ref: AFP, Aug 8th
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.