မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ဗုဒ္ဓဟူးနေ့ခေါ်မည်

ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Matthew Rycroft
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ August လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ကျရင် အရေးပေါ် အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။ အရေးပေါ်အစည်းအဝေးလုပ်ဖို့ ဗြိတိန်နိုင်ငံရဲ့ တောင်းဆိုချက်ကို လုံခြုံရေးကောင်စီက သဘောတူခဲ့တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mattew Rycroft က New York မြို့ ကုလသမဂ္ဂဌာနချုပ်မှာ အင်္ဂါနေ့က ခုလိုပြောကြားခဲ့ပါတယ်

“ မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ မနက်ဖြန် အရေးပေါ်အစည်းအဝေးခေါ်ဖို့ တောင်းဆိုချက်ကို လုံခြုံရေးကောင်စီက သဘောတူပါတယ်။ စစ်တပ်ရဲ့ ရန်လိုတဲ့ဆောင်ရွက်ချက်တွေ။ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေများလာတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ကျွန်တော်တို့က အများအာရုံစိုက်မှုရအောင် လုပ်ချင်တာပါ။ ဒီကိစ္စတွေနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီဖက်က တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အရေးပေါ် အစည်းအဝေးခေါ်တာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်နဲ့ပါတ်သက်လို့ ကာလကြာရှည်ထဲကရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်ဖို့လိုအပ်ကြောင်းနဲ့ သက်ဆိုင်နေသူအားလုံး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းကြောင်းလည်း သံအမတ်ကြီး Rycroft ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ August လ ၂၅ ရက်နေ့ မနက်အစောပိုင်းကစလို့ လုံခြုံရေးစခန်းပေါင်း ၃၀ ထက်မနည်းအပေါ် လက်နက်ကိုင်စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့သလို ရွာတွေလဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီနောက် ရခိုင်ရွာတွေက ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရသလို။ မွတ်ဆလင်ရွာတွေဖက်ကလည်းBangladesh နိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ Bangladesh ဖက်ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်တွေက တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံဖက်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို Bangladesh နိုင်ငံထဲမှာ လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က Bangladesh အာဏာပိုင်တွေကို ပန်ကြားခဲ့ပါတယ်။ Bangladesh ဖက် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ ၅ ထောင်ကျော်ရှိနေပြီး သူတို့ကို လိုလိုလားလားလက်ခံဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid al’ Hussein ကတော့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေကို အားလုံးက အပြည့်အ၀လေးစားလိုက်နာဖို့အတွက် တိုက်တွန်းထားပါတယ်။ လတ်တလောဖြစ်ခဲ့တဲ့ လုံခြုံရေးစခန်းတွေအပေါ် အစွန်းရောက် မွတ်ဆလင်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတပ်တွေရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေအပေါ်လည်း သူက အပြစ်တင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို တရားဥပဒေနဲ့အညီ တုံ့ပြန်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ စွန်းရောက်ဘဂါင်္လီအကြမ်းဖက် အဖွဲ့အစည်းတွေဟာ ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ နယ်မြေပိုင်ဆိုင်နိုင်ဖို့အထိ ရည်မှန်းလုပ်ဆောင်နေတာဖြစ်တယ်လို့ တပ်မတော်တာဝန်ရှိသူတယောက်က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အခုတခေါက် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေဟာ အရင်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ မတူဘူးလို့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကလည်း အင်္ဂါနေ့ကပဲ သီးခြားသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အေးချမ်း တည်ငြိမ် သာယာဝပြောရေးအတွက် အစိုးရနဲ့ နိုင်ငံတကာရဲ့ အားထုတ်ဆောင်ရွက်မှုတွေ ထိခိုက်ပျက်စီးစေဖို့ အကွက်ချ စီစဉ်ဆောင်ရွက်နေတာ ထင်ရှားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးမှု မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေတယ်လို့လည်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ၂၀၀၅ ခုနှစ်ကပထမဆုံး အကြိမ် ခေါ်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးအပြီးတကြိမ် ကျင်းပခဲ့ပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.