အိမ်အကူကို မနှိပ်စက်ခဲ့ကြောင်း အင်းဝမိသားစုဝင်တစ်ဦး တရားရုံးတွင်ထွက်ဆို


၂ဝ၁၆ စက်တင်ဘာလက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ နေအိမ်အနီးတွင် တွေ့ရသော မစန်းကေခိုင်နှင့် မသဇင် (ဓာတ်ပုံ - Myanmar Now)
ကလေးအလုပ်သမား ၂ ဦး ကာလကြာရှည်စွာ အပြင်းအထန် နှိပ်စက်ခံရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုကို သြဂုတ် ၁ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးရာ အပ်ချုပ်ဆိုင် မိသားစုဝင်တစ်ဦးဖြစ်သည့် ဒေါ်စုမွန်လတ်က အိမ်အကူ မစန်းကေခိုင်ကို နှိပ်စက်ခြင်း မပြုလုပ်ခဲ့ကြောင်း ထွက်ဆိုလိုက်သည်။

ရန်ကုန်တစ်ဘက်ကမ်း ကော့မှူးမြို့နယ်မှ ကလေးအလုပ်သမားများတွင် တွေ့ရသည့် ဒဏ်ရာတို့မှာ လုပ်ငန်းခွင်သို့ မရောက်မီကပင် ရရှိထားပြီးဖြစ်သည့် ဒဏ်ရာများ ဖြစ်သည်ဟု သူက ထွက်ဆိုသည်။

ရန်ကုန်၊ ကျောက်တံတားမြို့နယ် လမ်း ၄ဝ ရှိ အပ်ချုပ်ဆိုင်တွင် မစန်းကေခိုင် ၅ နှစ်ကြာ လုပ်ကိုင်စဉ် ပိတ်လှောင်ထားခြင်းမရှိသလို ရိုက်နှက်နှိပ်စက်ခြင်းလည်း မပြုလုပ်ခဲ့ဟု သူက ဆိုသည်။

လုပ်ခလစာများကို မိဘအုပ်ထိန်းသူတို့က လာရောက် ထုတ်ယူလေ့ရှိသည်ဟု သူက စစ်ဆေးချိန် ၄ နာရီနီးပါးခန့်ကြာမြင့်သည့် တရားခွင်တွင် ထွက်ချက်ပေးသည်။

ဒေါ်စုမွန်လတ်က သူနှင့် မစန်းကေခိုင် တွဲလျက် ရိုက်ထားသည့် ဓာတ်ပုံအများအပြားကို သက်သေခံပစ္စည်းအဖြစ် တရားရုံးသို့ တင်သွင်းခဲ့သည်။

တရားသူကြီး နှစ်ယောက် ပြောင်းလဲ စစ်ဆေးခဲ့သည့် ဤအမှုကို ယမန်နှစ်က စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးသည် အိမ်အကူမိန်းကလေးနှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ကာလကြာရှည်ပိတ်လှောင်ထားခြင်း၊ ရိုက်နှက်ညှင်းပန်းခြင်း၊ လုပ်ခလစာအပြည့်အဝမပေးခြင်း စသည့် စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

အမှုမှာ ၁ဝ လ အတွင်း ရုံးချိန်းပေါင်း ၅ဝ ကျော်လာပြီဖြစ်သည်။ အမှုကို ပြန်လည် ကြားနာသည့် သြဂုတ် ၃ ရက်နေ့တွင် စွပ်စွဲခံရသူများထဲမှ တစ်ဦးကို စစ်ဆေးသွားမည်ဟု သိရသည်။

အောင်ငြိမ်းချမ်း/Myanmar Now
Myanmar Now
https://www.facebook.com/myanmarnownews
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.