ရဲရွာရေလှောင်တမံ ရေလျှံနေကြောင်း သတိပေး


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် အသုံးပြုနေ တဲ့ ရေလှောင်တမံမှာ စတင်ရေလျှံနေပြီဖြစ်တာကြောင့် ဒုဋ္ဌ၀တီမြစ်ဘေးတစ်လျှောက် နေထိုင်ကြသူတွေ သတိပြုနေထိုင်ကြဖို့ ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံက သတိပေး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကျေးရွာတွေထက် မြစ်ဘေးမှာ အစိုးရခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတဲ့ အပန်းဖြေဥယျာဉ်တွေက ပိုပြီးအန္တရာယ် ရှိတာကြောင့် စာပေးပို့သတိပေးထားတယ်လို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း က ပြောပါတယ်။

" ဆည်ပေါ်မှာတော့ ဘာမှမဖြစ်ပါဘူး၊ ဆည်က ၁၈၅ မီတာ ကျော်ပြီဆိုရင်တော့ သူက ရေလွှဲပေါက်ကြီး ၄ ပေါက် ရှိတယ်၊ ရေလွှဲပေါက်ကြီးကနေ ရေတွေ ထုတ်မှာပေါ့နော်၊ ထုတ်တဲ့အခါမှာ ခွင့်ပြုချက်အစိုးရ ကမပေးဘဲနဲ့ ရေကစားဥယျာဉ်တွေ ဖွင့်ထားတာတွေက ကြားမှာပါ၊ ၅ မိုင်တို့၊ ၇မိုင်တို့၊ ၆ မိုင်တို့၊ ၃ မိုင်တို့ အများကြီးပဲ၊ အန္တရာယ်ရှိစွာနဲ့ လုပ်ငန်းတွေကလည်း ပြောလို့မရဘူး၊ ဖွင့်ထားပြီးတော့ သူတို့တွေက အဓိကကျပါတယ်၊ ရွာတွေကတော့ အဲနားလေးတွေတိုးချဲ့ လာတဲ့ဟာလေးတွေ ရှောင်ထားဖို့ ပြောတဲ့ သဘောပါပဲ"

အဲဒီရေလှောင်တမံမှာရှိတဲ့ ရေလွှဲပေါက် တစ်ပေါက်ရဲ့ အကျယ်ဟာ ကုန်တင်ကားတစ်စီး ဖြတ်မောင်းလို့ရတဲ့ အတွက် ရေလွှတ်ချပြီဆိုရင် ဒုဋ္ဌ၀တီမြစ် တစ်လျှောက်က အပန်းဖြေစခန်းတွေဟာ ရေစီးနဲ့ မျောပါနိုင်တာကြောင့် အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။

မြစ်ကြောင်းနဲ့ ဝေးတဲ့ ကျေးရွာတွေကလည်း အပန်းဖြေဥယျာဉ်တွေနားမှာ ဈေးသွားရောင်းတာ၊ မြစ်ကမ်းဘေးမှာ ကျွဲ၊ နွားတိရစ္ဆာန်တွေ ကျောင်းတာမျိုးတွေ မလုပ်မိကြဖို့လည်း သတိပေးထား တယ်လို့ ပြောပါတယ်။

အဲဒီအပန်းဖြေဥယျာဉ်တွေဟာ အရင်အစိုးရလက်ထက်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်မှာ သတိပေးစာတွေ အကြိမ်ကြိမ်ပေးပို့ခဲ့ပေမယ့် ဆက်လက်ဖွင့်လှစ် နေဆဲဖြစ်တယ်လို့ ဦးအောင်မင်း က ပြောပါတယ်။

ရဲရွာရေလှောင်တမံရဲ့ အမြင့်ဆုံးရေလှောင်မှတ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၅ မီတာ (၆၀၇ ပေ) ဖြစ် ပြီး ရေပြည့်အမှတ်ကို ကျော်လွန်နေတာကြောင့် သြဂုတ်လ ၂၈ ရက် မနက် ၃ နာရီမှာ ရေလှောင်တမံ ကနေ ရေတွေစလျှံနေတာဖြစ်တယ်လို့ ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံက သတင်းထုတ်ပြန် ထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.