H1N1 အရေးကြီးအဆို ပြည်သူ့လွှတ်တော် မှတ်တမ်းတင်



ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းအသုံးပြုသူများလာနေတာကို တွေ့ရစဉ်။ Photo: Thant Zin Oo/RFA
ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပတ်သက်ပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိဖို့ နဲ့ အသေအပျောက်နည်းဖို့အတွက် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူများတာကြောင့် အတည်မပြုဘဲ မှတ်တမ်းတင်လိုက်ပါတယ်။

ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းတင်သွင်းတဲ့ အရေးကြီးအဆိုကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က H1N1 ရောဂါကို ထိန်းချုပ်မှုတွေ ဆောင် ရွက်နေတဲ့အတွက် အဆိုကို မှတ်တမ်းတင်ထားရှိဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီကိစ္စတွေအားလုံးက ယခင်ထဲက ကျနော်တို့တွေလုပ်နေပါတယ်။ တောက်လျှောက် ကြည့်ရှုနေတယ် ဒါတွေအကုန်လုပ်နေတယ်။ အခုလဲ အားလုံး လုပ်နေပါတယ်။ အခုလဲ ကျနော်အနေနဲ့ ကျေနပ်တယ်။ ဆက်လက်ပြီးတော့လည်း ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို သိတဲ့အတွက် ကျနော်အနေ နဲ့ လေးစားစွာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးကနေတစ်ဆင့် ဒီအဆိုကို မှတ်တမ်းတင်သင့်ကြောင်း ကျနော်အနေနဲ့ တင်ပြအပ်ပါတယ်"

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိမှာ ကုသရေးပိုင်းကို ကြပ်မတ်ဆောင်ရွက်နေသလို ကာကွယ်ရေးအတွက် အသိပညာပေးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆီကလည်း အကူအညီတွေရယူဆောင်ရွက်နေတယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေးရာမှာ ၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ၂ ဦးကတော့ အဆိုကို မှတ်တမ်းတင်ဖို့သာ ဆွေးနွေးခဲ့သလို ကျန်တဲ့ ၃ ဦးကတော့ အကြံပြုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဆိုကို မှတ်တမ်းတင်ထားရှိဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က တင်ပြပေမယ့် အဆိုတင်သွင်းတဲ့ ဦးသိန်းထွန်းက အတည်ပြုပေးဖို့ တင်ပြခဲ့ တာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၄၆ မဲ ၊ ကန့်ကွက်မဲ ၂၃၁ မဲ၊ ကြားနေမဲ ၄ မဲနဲ့ အဆိုကို မှတ်တမ်းတင်လိုက်တာဖြစ်ပါတယ်။

အဲဒီအဆိုကို ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.