ဘင်္ဂလားဒေ့ရှ်သည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်လုပ်ကိုင် စားသောက် နေကြသည်ဆိုသည့်အချက်ကို ပြန်လည်သုံးသပ်စေလိုဟု ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ပြော


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်တွင် လုပ်ကိုင်စားသောက်ရန် ၀င်ရောက်နေ ကြသည်ဆိုသည့်အချက်အပေါ် ပြန်လည်သုံးသပ်စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်သံမှူးက ပြောကြားသည်။

စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Gandamar Wholesale ၌ Discussions on Finding Solutions ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် နိုင်ငံတကာရေးရာသုတေသီ ဦးကိုကိုလှိုင်၊ ပြင်သစ်နိုင်ငံအရှေ့တိုင်းပညာရပ်များ သုတေသနဌာန ညွှန်ကြားရေးမှူးချုပ် Dr. Jacques P.Leider တို့က ပင်တိုင်ဆွေးနွေးခဲ့ကြပြီး ဗိုလ်မှူးကြီးသန်းအေးက Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲကို (၁) နိဒါန်း၊ (၂) ရိုဟင်ဂျာဟူသော အမည်ပေါ်ပေါက်လာပုံ၊ (၃) ပြဿနာဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ (၄) လူဝင်မှုနှင့် နိုင်ငံသားဖြစ်မူ၊ (၅) ရခိုင်အရေးတွင် ပြင်ပမှ ပါဝင်ပတ်သက်မှု၊ (၆) အခြားအာဆီယံနိုင်ငံများနှင့်ဆက်ဆံရေး၊ (၇) ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ စသည့်ခေါင်းစဉ် ၇ ခုဖြင့် ကျင်းပခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သီးခြားဖိတ်ကြား ထားသူများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်စစ်သံမှူး၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အကြံပေး ပုဂ္ဂိုလ်များ ဖြစ်ခဲ့သည့် ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာနေဇင်လတ်နှင့် သမိုင်းပညာရှင်ပါမောက္ခဒေါက်တာအေးချမ်းတို့ ကလည်း တဦးလျှင် ၅ မိနစ်ခန့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာတွင် ၂၂ ခုမြောက် စီးပွားရေးကြီးမားသော နိုင်ငံဖြစ်ကြောင်း၊ လူဦးရေအလွန်သိပ်သည်းသော်လည်းစီးပွားရေးတိုးတက်ကောင်းမွန်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရဘတ်ဂျက်သည် မြန်မာအစိုးရဘတ်ဂျက်ထက် ၈ ဆပိုများကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း နှစ်စဉ်တဦးချင်း ပျမ်းမျှဝင်ငွေသည် ဒေါ်လာ ၁၆၀၀ ဖြစ်ကြောင်း၊ နိုင်ငံ၏ဧရိယာ ၉၀ ရာခိုင်နှုန်းသည် လျှပ်စစ်မီးရရှိနေပြီး ကျေးလက်ဒေသများတွင်ပါ ကောင်းမွန်သည့် အင်တာနက်ချိတ်ဆက်မှုနှင့် မိုဘိုင်းဖုန်းကွန်ရက်ရှိကြောင်း ပြောကြားသည်။ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့်သတင်းအချက်အလက်များ မှားယွင်းနေသည်ဟုလည်း ၎င်းက ပြောကြားသည်။

''ကျွန်တော်တို့ ရိုဟင်ဂျာတွေ အကြောင်း မပြောပါဘူး။ ဒါက သမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာဖြစ်ပါ တယ်။ ဒါပေမဲ့ နိုင်ငံတကာဥပဒေအရ လွတ်လပ်စွာသွားလာခွင့်တော့ လူတိုင်းမှာ ရှိပါတယ်။ လစဉ် မြန်မာနိုင်ငံ သား ၂ သိန်း လောက် ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာဖွေကြတယ်လို့လည်း သိရပါတယ်။ ဒါဟာ နိုင်ငံတကာဥပေဒအရ လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း စစ်သွေးကြွအကြမ်းဖက်ဝါဒကို တိုက်ဖျက်နေပါတယ်။ အဲဒီတော့ ကျွန်တော် မေတ္တာရပ်ခံချင်တာက ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်မှာ လုပ်ကိုင်စားသောက်ဖို့ ၀င်ရောက်ကြတယ်ဆိုတဲ့အချက်အပေါ်မှာ ပြန်လည်သုံးသပ်စေလိုပါတယ်''ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ နိုင်ငံရေးသုတေသီများ၊ သမိုင်းပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများ၊ နိုင်ငံ့အရေး၊ အမျိုးသားရေး၊ ရခိုင်ပြည်နယ်အရေး စိတ်ပါဝင်စားသူများနှင့် သတင်းမီဒီယာသမားများ စုစုပေါင်း အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ သည်။
မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.