မောင်တောအရေးအခင်း သို့မဟုတ် နိုင်ငံရေးသတ်ကွင်း "


သီဟသွေး

၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ မဖြေရှင်းနိုင်ခဲ့တဲ့ အပြင် တအုံနွေးနွေး နဲ့ ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲဖို့ အားယူနေခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားနယ်စပ်ဒေသ က လူမျိုးရေး ပြဿနာ ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီပာနန် ကို အကြံပေးကော်မရှင်ဖွဲ့စည်းစေပြီး တစ်နှစ်ကြာ လေ့လာစူးစမ်းမှုတွေ လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ် ။ ဒီပြဿနာ ဟာ နိုင်ငံတကာ ပြဿနာ အဖြစ် ကြီးထွားလာနိုင်တယ်လို့ မြော်မြင်သုံးသပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်လေးစားတဲ့ ကိုဖီအာနန်ကို ဒီပြဿနာ အပေါ် လေ့လာသုံးသပ်စေပြီး ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို အကြံပြုတင်ပြပေးဖို့ တာဝန်ပေးအပ်ခဲ့တဲ့အပေါ်မှာ ယခင်အာဏာရ ကြံ့ခိုင်ရေး ပါတီ အပါအဝင် အထင်ကရ ရခိုင်နိုင်ငံရေးပါတီ တွေကပါ ဒါဟာ ပြည်တွင်းရေးဖြစ်တာကြောင့် ပြည်ပ က ပုဂ္ဂိုလ် တစ်ဦးကို ခုလိုတာဝန်ပေးဖို့ မသင့်လျော်ဘူးဆိုပြီး ကန့်ကွက်ဝေဖန်ရုံမက ဆန္ဒပြ ဆန့်ကျင်ခဲ့ကြပါတယ် ။ လက်ရှိ တပ်မတော် ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း ကိုဖီအာနန်အနေနဲ့ ဒီ ရခိုင် ပြဿနာနဲ့ စိမ်းနေတဲ့ အတွက်မှားယွင်းစွာ ယူဆဆုံးဖြတ်မိမှာကို စိုးရိမ်မိတဲ့ အကြောင်း သံတူကြောင်းကွဲလေးပြောခဲ့ပါသေးတယ် ။

ဒီလို အချိန်မှာ မောင်တော အကြမ်းဖက်တိုက်ခိုက်မှု အတွက် အချိန်ယူလေ့ကျင့်ပြင်ဆင်ထားတဲ့ ARSA အကြမ်းဖက် အဖွဲ့ဟာလည်း သူရဲ့ စတင်တိုက်ခိုက်မယ့် နေ့ ရက်ကို ရွေးချယ်ရာမှာ ကိုဖီအာနန်အကြံပေးအဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာထုတ်ပြန်တဲ့ နေ့ကို ရွေးချယ် ပြီး ဆုံးဖြတ်ပြီးတိုက်ခိုက်ခဲ့ပါတယ် ။ ဒါကြောင့် ARSA ဟာ မောင်တောမြို့နယ် အလယ်သံကျော် နယ်ခြားစောင့် ရဲစခန်းအပါအဝင် စခန်းပေါင်း ၃၀ ကို သြဂုတ်လ ၂၅ ရက်နေ့ စတင်တိုက်လိုက်ခြင်းအားဖြင့် ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေကို မလိုလား ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေမှာ နောက်ဆုံးအဖွဲ့အစည်း တစ်ခုဖြစ်လာခဲ့ပြီး မောင်တောအကြမ်းဖက်မှု ဟာလည်း နိုင်ငံတကာ နဲ့ ကုလသမဂ္ဂ မှာပါ ဆူညံပွတ်လောရိုက်သွားစေတဲ့ မောင်တောအရေးအခင်းဖြစ်ပေါ်လာခဲ့ပါတယ် ။ အားလုံးမြင်ကြတဲ့ အတိုင်းပါပဲ ရခိုင်ပြည်နယ် မြောက်ပိုင်း လူမျိုးရေး ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည်တွေးပူ သလို နိုင်ငံတကာ ပြဿနာကြီးဖြစ်သွားခဲ့ပါတယ် ။ ထို့ အတူပဲ လွတ်လပ်ရေးကာလ မတိုင်ခင်ကတည်းက အခြေတည်လာခဲ့တဲ့ ရခိုင် ဘင်္ဂလား နယ်စပ်ဒေသက လူမျိုးရေး ပြဿနာဟာ ဒီကနေ့ အရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီဖြစ်သလို ၂ နှစ်သားသာ ရှိသေးတဲ့ အရပ်သား အစိုးရ က အဖြေရှာပြီး ရှင်းဖို့ ကြိုးစားနေပေမယ့် ဒီပြဿနာထဲမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတဲ့ လူ့အဖွဲ့အစည်းတွေ နိုင်ငံရေး အဖွဲ့ အစည်းတွေကတော့ ပြဿနာရဲ့ အဖြေကို ကိုယ်တိုင်လည်းထုတ်ယူဖို့ စိတ်မဝင်စားသလို လုပ်သမျှဟာလည်း ပြဿနာ ကို ဘယ်လို ပိုပြီးကြီးထွားအောင်လုပ်ရမလဲဆိုတာကိုသာ စိတ်ဝင်စားသလိုဖြစ်နေတာကိုတွေ့ရပါတယ် ။

အခုလို မောင်တော ပြဿနာကို ဒီအကြောင်း နဲ့ အစချီပြီးပြောရတာကတော့ ဒီပြဿနာဟာ သာမန်ထက်ထူးခြားတဲ့ လက္ခဏာရှိနေလို့ပါပဲ ။ အဲဒါကတော့ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ လူ့ အသိုင်းအဝိုင်းလူအဖွဲ့ အစည်းခေါင်းဆောင်တွေ ရဲ့ စဉ်းစားချက်အရ ပြဿနာထဲမှာ အကျိုးစီးပွားရှိနေလို့ပါပဲ။ ဒါကြောင့် ပြဿနာတွေရှိလာမှ ပြဿနာတွေကြီးလာမှ အဲဒီပြဿနာတွေကနေ ကိုယ်စီမျှော်လင့်ထားတဲ့ အကျိုးစီးပွားကို ပုံဖေါ်နိုင်ကြမှာဖြစ်လို့ပါပဲ ။ တကယ်ဆိုရင် ပြဿနာကို တကယ် ဖြေရှင်းဖို့ အဖြေရှာနေခဲ့တဲ့ အရပ်သား အစိုးရ နဲ့ သာမန်ဒေသခံ တိုင်းရင်းသားပြည်သူတွေ ကသာ ဒုက္ခတွေ ပူပန်မှုတွေ နဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ် ။ တကယ်တော့ ရခိုင် မြောက်ပိုင်း လူမျိုးရေး ပြဿနာ ၊" ရိုဟင်ဂျာမရှိ ၊ခိုးဝင် ဘင်္ဂါလီ သာရှိ "ဆိုတဲ့ ပြဿနာ တွေဟာ ဖြေရှင်းဖို့ ပိုပြီး ခက်သည်ထက်ခက်ခဲလာနေပါတယ် ။ အဲဒီ ပြဿနာတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ လူ့အဖွဲ့အစည်းတွေ နိုင်ငံရေး အဖွဲ့အစည်းတွေ ရဲ့တွေးခေါ်ရှုမြင်မှုတွေ ၊ လိုလားချက်တွေဟာလည်း နားလည်ရခက်စရာဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော့ ရဲ့ ရခိုင်ပြည်နယ် မောင်တော ခရီးစဉ်အပါအဝင် ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပြဿနာနဲ့ပတ်သက်ပြီး ကျွန်တော်တွေ့မိ ၊ မြင်မိ၊ ကြားမိ နားလည်သဘောပေါက်မိ သမျှ ကို ရေးသားတင်ပြပါ့မယ်။ အားလုံး ဒီပြဿနာရဲ့ အတိမ်အနက်ကို တွေးဆမိကြရအောင် ၊ နိုင်ငံသားတွေ အနေနဲ့ ရှေ့ဆက် ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားမိကြရအောင်ဖြစ်တယ်။

" မောင်တော ၂ ရက်ခရီးစဉ်ကပေးတဲ့ သင်ခန်းစာ "

တကယ်တော့ မောင်တော တိုက်ခိုက်မှု ရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေအပေါ် နိုင်ငံတကာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ အဖြစ် ကင်ပွန်းတပ်ပြီး စိုးရိမ်ပူပန်မှုတွေ ပြသပြောဆိုနေကြပေမယ့် မောင်တောဒေသကနေ မိမိတို့ရပ်ရွာကို စွန့်ပစ်ပြီး တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခိုလှုံတဲ့ ဘင်္ဂါလီ လူဦးရေအရေအတွက်ဟာ ၁သိန်းခွဲကနေ ၂ သိန်းကြားသာရှိတာကြောင့် ၈သိန်း လောက်ရှိတဲ့ ဘူးသီးတောင် မောင်တော ဒေသ တစ်ဝိုက်မှာ နေထိုင် ဘင်္ဂါလီ လူဦးရေ နဲ့ တွက်ကြည့်မယ်ဆိုရင် ၄ပုံတစ်ပုံ အောက်မှာပဲရှိပါတယ် ။ ကျန်ရှိနေတဲ့ ဘင်္ဂါလီ များဟာ စိုးရိမ်ပူပန်မှုတွေ ကြောက်လန့်မှုတွေရှိနေကြပေမယ့် သူတို့ ဟာအကြမ်းဖက်မှုတွေ မှာ ပါဝင် အားပေးကူညီမှုတွေ မလုပ်ကြတဲ့အတွက် ဒီပြဿနာ က နေ့ ကင်းလွတ်နိုင်တယ်ဆိုတဲ့ အတွေး နဲ့ ဆက်လက်နေထိုင်နေကြတာပဲဖြစ်ပါတယ် ။ သို့သော်လည်း ၂၀၁၂ ခုနှစ် မသီတာထွေးအရေးအခင်း နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပြီးကတည်းက ကြုံတွေ့နေခဲ့ရတဲ့ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ခံရတာကိုတော့ ညီးတွားနေကြဆဲပဲဖြစ်တယ်။ အေးချမ်းစွာ နေထိုင်လျှက်ရှိတဲ့ ဘင်္ဂါလီ မွတ်စလင်ရွာတွေက ရွာသားတွေ ရွာလူကြီးတွေ ရဲ့ ပြောပြချက်အရ ကနဦး တိုက်ခိုက်မှုဖြစ်တဲ့ အလယ်သံကျော် နယ်ခြားစောင့် ရဲ ဌာနချုပ် တိုက်ခိုက်မှုကို မစတင်မီ ARSA က ရွာအလိုက် လျှို့ဝှတ်စည်းရုံးဖွဲ့စည်းမှုတွေရှိခဲ့ပြီး အဲဒီဖွဲ့စည်း ပြင်ဆင်မှုတွေကို ဆန့်ကျင်တဲ့ ရွာလူကြီးတွေ ကို လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ခဲ့တာဖြစ်ပါတယ် ။ ARSA အနေနဲ့ အဲဒီလို အကြောက်တရားနဲ့စည်းရုံး လှုံ့ဆော်ခဲ့ပေမယ့် အချို့သော ဘင်္ဂါလီ ရွာတွေဟာ အစိုးရအုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ ပိုမို နီးစပ် ရင်းနှီး တဲ့ ဆက်ဆံရေးရှိပြီး တစ်ရွာတည်း အတူတကွ နေထိုင်ကြတဲ့ ရခိုင်လူမျိုးများ နဲ့ ဘင်္ဂါလီ မွတ်စလင်များအကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ကြတာဖြစ်လို့ ARSA အနေနဲ့ အဲဒီ ရွာတွေမှာ အောက်ခြေ အမာခံကျောရိုးတည်ဆောက်မှု မလုပ်နိုင်ခဲ့သလို တိုက်ခိုက်မှုတွေမှာလည်း အဲဒီရွာတွေက ပါဝင်ခြင်းမရှိခဲ့တာဖြစ်ပါတယ် ။သို့သော်လည်း အဲဒီ ဘဂါင်္လီ ရွာသားတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားဖြစ်မှုကို အသိအမှတ်ပေးဖို့ နဲ့ အဲဒီအတွက် အာမခံချက်ကို လိုလားနေပြီး နိုင်ငံမဲ့ ဖြစ်မှာကို စိုးရိမ်ပူပန်နေကြဆဲဖြစ်ပါတယ် ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ အလယ်သံကျော်ရွာကြီးမှာ နေထိုင်ပြီး တိုက်ခိုက်မှုတွေကို ကိုယ်တိုင်ကြုံခဲ့ ရတဲ့ ဒေသခံ ရခိုင်လူမျိုးများအနေနဲ့တော့ သူတို့ ဟာ ဘင်္ဂါလီ လူ့အဖွဲ့ အစည်းတွေ နဲ့ အတူ ယှဉ်တွဲနေထိုင်ဖို့ကို အယုံအကြည်လုံးဝ ကင်းမဲ့သွားခဲ့ပြီလို့ဆိုပါတယ်။

ဒေသအတွင်း ဘင်္ဂါလီလူဦးရေ ဟာ ရခိုင်လူမျိုးတွေထက် အဆမတန်များပြားနေမှုအပေါ်မှာ စိုးရိမ်ထိတ်လန့်မှုတွေ လည်းရှိနေပါတယ် ။ အခုလို စီးနင်းတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်တွေရှိတယ်ဆိုတာကို ကြိုတင် သတင်းရရှိထားပေမယ့်လည်း တကယ်တန်းဖြစ်လာချိန်မှာ လုံခြုံရေး အဖွဲ့တွေအနေနဲ့ လုံလောက်ထိရောက်တဲ့ တားဆီးဟန့်တားမှုတွေမလုပ်နိုင်ခဲ့တာဟာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ ပိုပြီး မလုံခြုံမှုကိုခံစားရမိစေခဲ့တာဖြစ်ပါတယ် ။ ARSA ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာလည်း ရင်နှီးစွဲရှိတဲ့ ဘင်္ဂါလီမူစလင် အိမ်နီးချင်းတွေ ၊ ဆယ်ကျော်သက်အရွယ် ခလေးတွေပါပါဝင်ခဲ့တာကိုတွေ့ရှိခဲ့ရတဲ့အတွက်လည်း လူအဖွဲ့အစည်း နှစ်ခုအကြား ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဆိုတာဟာ အချိန်ကာလအားဖြင့် မျှော်မှန်းဖို့တောင်ခက်ခဲသွားတဲ့သဘောရှိပါတယ် ။

လက်တလော တွေ့မြင်ခဲ့ရတဲ့ နောက်ဆက်တွဲပြဿနာတစ်ခုကတော့ လူတွေ စွန့်ခွာပြေးသွားလို့ လူသူကင်းမဲ့နေတဲ့ ကျေးရွာတွေ နဲ့ ပိုင်ရှင့်မဲ့ သွား တဲ့ နွား ၊ ဆိတ်၊ ကြက်၊ ဘဲ စတဲ့ တရိစ္ဆာန်တွေပဲဖြစ်ပါတယ် ။ လမ်းမတွေပေါ်မှာ ရာနဲ့ချီတဲ့ နွားအုပ်တွေ ဆိတ်တွေ ဟာ နေရာအနှံ့မှာ ပြန့်ကျဲ သွားလာနေကြပါတယ်။ လူသူကင်းမဲ့နေတဲ့ ရွာတွေ မှာရှိတဲ့ အိမ်တွေ ဈေးဆိုင်တွေ ကုန်လှောင်ရုံတွေ အထဲမှာလည်း တန်ဖိုးရှိ ပစ္စည်းတွေ အများအပြားကျန်ရှိခဲ့တာတွေ့ရပါတယ် ။ ဒီအခြေအနေဟာ တောကြောင်လို့ခေါ်တဲ့ အချောင်သမားတွေ ခိုးဆိုး လုယက် ဒုစရိုက်သမားတွေအတွက် ပွဲတော်ကြီးလိုဖြစ်နေပါတယ် ။ ဒေသတွင်း အခြေအနေ ကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဒါတွေကိုတော့ စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက်နေတာမျိုးကို မတွေ့ခဲ့ရပါဘူး ။ အဲဒီလို လူသူမဲ့ ရွာတွေ နဲ့ နီးစပ်တဲ့ လမ်တွေပေါ်မှာ ဓါးတွေ ကျောမှာကိုယ်စီလွယ်ပြီးသွားလာနေသူတွေ အများအပြားတွေ့ခဲ့ရပါတယ်။ အချို့လည်း အိမ်ထောင် ပစ္စည်းတွေ ၊ အိမ်သုံးပစ္စည်းတွေကို သယ်ယူသွားလာနေကြတာတွေ့ရပါတယ် ။ တကယ်တော့ အုပ်ချုပ်ရေးအဖွဲ့ တွေ လုံခြုံရေး အဖွဲ့ တွေ အနေနဲ့ ဒီပစ္စည်းတွေကို တားဆီးမေးမြန်းစိစစ်ဖို့လိုပါတယ်။ အခုအချိန်မှာ နှစ်ဖက်သော လူ့အဖွဲ့ အစည်းများက ကိုယ့်ရွာကိုယ်စွန့်ခွါထွက်ပြေးလျှက်ရှိနေပါတယ် ။ ဒါကြောင့် လုံခြုံရေး အဖွဲ့တွေအနေနဲ့ အဲဒီလိုရွာတွေ ကို စည်းတား ပိတ်ဆို့ ကာကွယ်ပေးထားခြင်းမရှိဘူးဆိုရင် နေညက်ဆက်တွဲရာဇဝတ်မှုတွေ အများအပြားဖြစ်ပွားလာမှာဖြစ်ပါတယ် ။ ပိုဆိုးတာက အဲဒီလို ရွာတွေမှာမီးလောင်မှုတွေဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အခုလို မီးလောင်မှုတွေထဲမှာ တောကြောင်တွေ ခိုးဆိုးလုယက်တွေရဲ့လက်ချက်ရောမရှိနိုင်ဘူးလားဆိုတာလည်းမေးခွန်းထုတ်စရာရှိနေပါတယ် ။ မည်သို့ပင်ဖြစ်စေ မောင်တော စစ်ဆင်ရေးနယ်မြေမှာ ကျန်ရှိနေခဲ့တဲ့ ရုပ်ဝထ္တုဆိုင်ရာ အနေအထားတွေအပေါ်မှာ စစ်ဆင်ရေးနောက်ဆက်တွဲ ထိန်းသိမ်းစောင့်ရှောက်မှု အစီအမံတွေ အရေးတကြီး လိုအပ်နေတာတော့ အမှန်ပဲဖြစ်ပါတယ် ။

" မောင်တောအရေးအခင်းရဲ့ မာယာ "

ကျွန်တော်တို့ မောင်တောကို သတင်းယူဖို့သွားတဲ့အချိန်မှာ မောင်တော ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးနေတဲ့ သူတွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။ မောင်တော ကမ်းခြေပေါ်မှာ ယာယီ ရွက်ဖျင်တဲထိုးနေကြပြီး တစ်ဖက်နိုင်ငံဘက်ကနေ လှေနဲ့ လာရောက်ခေါ်ယူမှာကို စောင့်ဆိုင်းနေတဲ့ ဘင်္ဂါလီ ဒုက္ခသည် ရာချီပြီးရှိနေပါတယ် ။ အဲဒီ အထဲမှာ သက်ကြီးရွယ်အိုတွေ မိန်းမတွေ ခလေးတွေအများဆုံးပါဝင်ပါတယ် ။ အဲဒီ အချိန်မှာ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်းက ဒုက္ခသည် စခန်းတွေကို အခြေပြုထုတ်ပြန်တဲ့ ကုလသမဂ္ဂ အဖွဲ့ အစည်းတွေ ရဲ့ ခန့်မှန်းထုတ်ပြန်ချက်တွေ အရ မောင်တောက ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ဦးရေဟာ သောင်းဂဏန်းကနေ သိန်းဂဏန်းကိုရောက်လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာရောက်ရှိနေတဲ့ သတင်းဌာနတွေ လည်းရှိနေပြီဖြစ်တာကြောင့် ဒုက္ခသည်တွေရဲ့ သတင်းဓါတ်ပုံတွေဟာ နိုင်ငံတကာကို လူ့အဖွဲ့အစည်းကိုကိုင်လှုပ်နိုင်ခဲ့ပါတယ် ။ ဒါဟာ ARSA ရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်ပဲဖြစ်တယ်လို့ယူဆပါတယ် ။ ဒါကြောင့် များမကြာမှီမှာ သူတို့ဘက်က အပစ်အခတ်ရပ်စဲကြောင်း အောင်မြင်စွာကြေညာခဲ့ပါတယ် ။ အခု သြဂုတ်လအတွင်းစတင်ဖြစ်ပွားခဲ့ တဲ့ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ မဟာဗျူဟာ ဆောင်ရွက်ချက် နဲ့ အကျိုးဆက်တွေကိုလေ့လာကြည့်ရင် အောင်ပွဲဟာ လက်နက်ကိုင် အကြမ်းဖက်သူတွေဘက်မှာ ရှိနေပြီး ARSA အဖွဲ့ နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့တွေ အတွက် အကျိုးရလဒ်တွေဖြစ်ပေါ်ခဲ့တာကိုတွေ့ကြရပါတယ်။ ပထမဆုံး ပြည်တွင်း ARSA နဲ့ပြည်ပ ပူးပေါင်းကြံစည်သူတွေ ရဲ့ ဗျူဟာကိုကြည့်မယ်ဆိုရင် သြဂုတ် ၂၅ ရက်နေ့ စီးနင်း တိုက်ခိုက်မှုတွေ ရဲ့နောက်မှာ

သတင်းမှားတွေ သတင်းအတုတွေ လုပ်ကြံသတင်းတွေ ကို နိင်ငံတကာ အသိုင်းအဝိုင်းမှာ အင်တာနက်လူမှုကွန်ယက်တွေကနေတဆင့် ပြောင်ပြောင်တင်းတင်း ကျယ်ကျယ်ပြန့်ပြန် ထုတ်လွှင့်ဖြန့်ဖြူးခဲ့ကြပါတယ် ။ ဒီသတင်းတွေ စစ်မှန်ခြင်းမမှန်ခြင်းထက် အများအပြား အချိန်မလပ်ထုတ်ပြန်မှုတွေကြောင့် နိုင်ငံတကာ လူ့အဖွဲ့အစည်း နဲ့ အထူးသဖြင့် မွတ်စလင်နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေ၊ အထင်ကရ ခေါင်းဆောင်တွေ ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ရဲ့ အာရုံစိုက်မှုကိုရရှိသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မောင်တောဒေသတွင်း တပ်မတော် နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတန်ပြန် စစ်ဆင်ရေး ဆောင်ရွက်မှု ဂယက်ကြောင့် အစုလိုက်အပြုံလိုက်တစ်ဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်ပေါ်လာပြီး ပဋိပက္ခဖြစ်ပွားရာဒေသတွင်း အခြေအနေမှန်တွေနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းထိ ပေါက်ရောက်တဲ့ သတင်းထုတ်ပြန် နိုင်မှုတွေ ၊ အားကောင်းပြီး ဗျူဟာမြောက်တဲ့ သတင်းထုတ်ပြန်နိုင်မှုတွေ သတင်းရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီး လုပ်ကိုင်ပေးနိုင်ခြင်းမရှိတာကြောင့် သတင်းတုတွေ လုပ်ကြံသတင်းတွေ ကိုထိထိရောက်ရောက်မချေဖျက်နိုင်တဲ့အပြင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ ပုံရိပ်တွေက သတင်းအတုတွေ နဲ့ မြှင့်ထားတဲ့ ဇာတ်ရှိန်ကိုဆက်ထိန်းထားနိုင်တဲ့ သဘောဖြစ်သွားပါတယ် ။

အခုဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုအပြီး ထွက်ပေါ်လာတဲ့ အစုအပြုံလိုက် သတ်ဖြတ်မှု လုပ်ကြံသတင်းအတုတွေအကြောင်း အားလုံးကမေ့သွားကြပြီဖြစ်ပါတယ် ။ လက်ရှိထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအကြောင်း ၊ သူတို့ ရဲ့ အနာဂတ် အရေး အကြောင်းကိုသာစပြီးပြောဆိုနေကြပြီဖြစ်ပါတယ် ။ ဒါကြောင့်လည်း ARSA က အပစ်အခတ်ရပ်စဲကြောင်းကြေညာပြီး သူတော်ကောင်းပုံစံ အချိန်မှီဖမ်းလိုက်တာပဲဖြစ်ပါတယ် ။ တကယ်တော့ သူ့ တာဝန်ဟာပြီးဆုံးသွားပြီဖြစ်ပြီးကျန်တာကို မူစလင်နိုင်ငံအချို့ ကခေါင်းဆောင်တွေ၊ အစိုးရတွေ၊ ကုလသမဂ္ဂနဲ့ INGO တွေ က ဆက်ပြီးလုပ်ကြတော့မှာဖြစ်လို့ပါပဲ။နောက်ထပ် မဟာဗျူဟာမြောက်မာယာတစ်ခုကတော AA ရဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ် ။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ရဲ့ ရည်ရွယ်ချက်ဟာ ရခိုင်လူမျိုးတွေ နဲ့ရခိုင်ဒေသကို ကာကွယ်စောင့်ရှောက် ဖို့ဆိုပေမယ့် ဒီမောင်တောအရေးအခင်းမှာ ငြိမ်သက်နေခဲ့ပါတယ်။ ARSA ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့အခုလိုပေါ်ပေါက်လာခဲ့ပေမယ့် တချိန်မှာ ARSA ဟာ ရခိုင်ပြည်နယ်အတွင်း AA ရဲ့ စစ်ရေး ချိန်ခွင်လျှာအပေါ်ဖိအား သက်ရောက်မှုတစ်ခုဖြစ်လာမှာကိုတော့ AA အနေနဲ့ စိုးရိမ်မှုမပြခဲ့တာကိုတွေ့ကြရပါတယ်။ ရခိုင်လူမျိုးတွေ အနေနဲ့ရခိုင်ဒေသကို မြန်မာနိုင်ငံရဲ့ အနောက်တံခါးလို့ သတ်မှတ်ခေါ်ဆိုကြပြီး ရခိုင်ပြည်နယ်အတွင်းဘင်္ဂါလီများ လူဦးရေ တိုးတက်များပြားလာခြင်းကို အနောက်တံခါးကျိုးပျက်ခြင်းဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိပါတယ် ။

သို့သော် ရခိုင့်တပ်မတော် လို့ အမည်ပေးထားတဲ့ AA အဖွဲ့အနေနဲ့ ဘင်္ဂါလီ လူမျိုးများမှာ အခုလို လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းလှုပ်ရှားလာပြီး စိုးမိုးနယ်မြေတည်ဆောက်လာတာကို စိုးရိမ်စိတ်မရှိတာဟာအတော်လေးထူးဆန်းနေပါတယ်။ ဒါဆို AA က ဒီ မောင်တောအရေးမှာဘာတွေတွေးနေလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ဖြစ်နိုင်တာကတော့ မြန်မာနိုင်ငံ အရှေ့မြောက်အခြမ်းမှာ အခြေပြုထားတဲ့ AA ဟာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်လည်းဖြစ်တာကြောင့် အောင်တောအရေးအခင်းဟာ မြန်မာ့တပ်မတော်အတွက်လအနောက်ဘက်စစ်မျက်နှာသစ်ဖွင့်လှစ်ခြင်းပဲဖြစ်ပါတယ် ။ ခုဆိုရင် လွန်ခဲ့တဲ့ ၄/၅ နှစ်ကာလအထိ လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှု လုံးဝမရှိခဲ့တဲ့ မြန်မာနိုင်ငံအနောက်ခြမ်း ၊ ရခိုင်ဒေသ အတွင်းမှာ အခုဆိုရင် စစ်မျက်နှာ၂ ခု အသစ်ဖွင့်လှစ်ပြီးဖြစ်သွားပြီဖြစ်ပါတယ် ။ စစ်ရေးအနေအထား အရကြည့်မယ်ဆိုရင် တပ်မတော်ကို ရှေ့နောက်ပတ်ဝိုင်းထားနိုင်တဲ့ သဘောရှိသွားပြီလို့ဆိုရမှာပဲဖြစ်ပါတယ် ။ တကယ်တော့ AA အနေနဲ့ ARSA ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့တို့ အဖွဲ့ချင်း မဟာမိတ် မဖြစ်နိုင်ကြသော်လည်း ARSA ရဲ့ ဒေသတွင်း စသ်ရေးလှုပ်ရှားမှုဟာ AA အတွက် စစ်ကူ အားတစ်ခုဖြစ်စေပါတယ် ။ ဒါကြောင့် မောင်တောဖြစ်စဉ်တစ်ခုလုံးကိုခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ကနေ ရရှိတဲ့ အကျိုးစီးပွားဖြစ်ထွန်းမှုဟာ နိုင်ငံတော်အစိုးရ ကို လက်နက်စွဲကိုင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်မှာ လက်တွေ့ဖြစ်ပေါ်နေတယ်ဆိုတာကိုတွေ့ကြရမှာဖြစ်ပါတယ် ။

" မောင်တော သို့မဟုတ် နိုင်ငံရေးသတ်ကွင်း "

အားလုံးသိကြတဲ့အတိုင်းပဲ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပဋိပက္ခပြဿနာဖြေရှင်းရေး နဲ့ အခုလက်တလော မောင်တော အရေးအခင်းပြဿနာ ကို တာဝန်ခံ ဖြေရှင်းနေရတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရပဲဖြစ်ပါတယ် ။ အစိုးရအဖွဲ့ ဟာ ရွေးကောက်ပွဲ အနိုင်ရ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ပြိုင်ဘက် နိုင်ငံရေးပါတီချင်းအားပြိုင်မှုတွေ နဲ့ အခြား သမိုင်းကြောင်းအခြေခံရှိတဲ့ နိုင်ငံရေး အင်အားစုတွေအကြားအားပြိုင်မှုတွေ ဟာလည်း မောင်တောအရေးအခင်း ကို နိုင်ငံရေး စစ်မြေပြင် (ဝါ) နိုင်ငံရေး သတ်ကွင်းဖြစ်စေခဲ့ပါတယ် ။ ကျွန်တော် အထက်မှာရေးသားခဲ့သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအရေး အဖြေရှာဖြေရှင်းဖို့ကြိုးစားမှုမှန်သမျှ ဟာ ငြင်းပယ်ခြင်း ကန့်ကွက်ခြင်းတွေ နဲ့သာရင်ဆိုင်ကြရပါတယ် ။ ၂၀၀၈ အခြေခံ ဥပဒေကပေးတဲ့ အားသာချက်တစ်ခုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကိုဖွဲ့စည်းပြီး ပြည်နယ်ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်နိုင်ခဲ့ပေမယ့် ရခိုင်ပြည်နယ် အနှံ့ အပြားမှာ ရခိုင်အမျိုးပါတီက အများစု အနိုင်ရခဲ့တာဖြစ်လို့ ပြည်နယ် လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီ က အများစု ဖြစ်ပါတယ်။ ဒီ အခြေအနေရဲ့ ပြဆိုမှုအရ ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီ နဲ့ သူ့ကိုထောက်ခံတဲ့ လူထုအင်အားဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်တာဝန်ပေးဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် အစိုးရအပေါ် အတိုက်အခံပြုနိုင်တဲ့ အင်အားမျှခြေတစ်ခုရှိနေတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ် ။

ဒါကြောင့် မောင်တောဖြစ်စဉ်မှာကြည့်မယ်ဆိုရင် ရခိုင်အမျိုးသားပါတီက မောင်တော ပြဿနာကိုဖြေရှင်းဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့တွေ့ဖို့ကြိုးစားခဲ့ပြီး တိုင်းပြည်မှာ အစိုးရ နှစ်ရပ်ရှိနေတယ်ဆိုတဲ့ သဘောတရားကို ထင်ရှားအောင်အားပေးတဲ့ နိုင်ငံရေး သရုပ်ပြကွက်ကို လုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကလည်း ရခိုင်အမျိုးသား ပါတီနဲ့ တွေ့ဆုံပြီးနောက်နေ့မှာပဲ တပ်အချို့ကို လေယာဉ်ပျံ နဲ့ပို့ဆောင်ခဲ့ပြီး အဲဒီ တပ်လှုပ် သတင်းဓါတ်ပုံကိုလည်း ဆိုရှယ်မီဒီယာတွေကနေ ထုတ်ပြန်ပေးခဲ့ပါတယ် ။ တကယ်တော့ မောင်တောအပါအဝင် ရခိုင်ပြည်နယ်ထဲက နေရာအနှံအပြားမှာ အခြေပြုထားတဲ့ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေ အမြောက်အများရှိပြီးဖြစ်ပါတယ် ။ သို့သော်လည်းရခိုင်အမျိုးသားပါတီ နဲ့ တပ်မတော်အကြား မောင်တောအကျပ်အတည်းကိုအကြောင်းပြုပြီး နိုင်ငံရေး အပေးအယူတည့်ခဲ့ပါတယ် ။ ဒါပေမယ့် ပြဿနာက အဲဒီလိုတပ်တွေပို့ခဲ့ပေမယ့် အဲဒီလိုအင်အားပြမှုဟာ ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ကို ဖြုံပြီး ကြံစည်ထားတဲ့ တိုက်ခိုက်မှုတွေ မလုပ်ရဲအောင်အထိတော့ မစွမ်းခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ် ။ တပ်တွေပို့ပြီး များမကြာမီမှာပဲ တပ်မတော် တပ်ရင်းတစ်ခုအပါအဝင် ရဲစခန်း၃၀ ကို ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ် ။ ဒါတွေကိုကြည့် ရင် မောင်တောတိုက်ခိုက်မှု ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ ရုံမက သတင်းလည်းကြိုတင်ရရှိခဲ့ပါလျက်နဲ့ မြေပြင်မှာ ကြိုတင်ပြီး လုံလောက်တဲ့ ခုခံကာကွယ်နိုင်မှုတွေ မလုပ်နိုင်ခဲ့ဘူးဆိုတာတွေ့ကြရပါတယ်။ သို့သော်မောင်တောအရေးကိုအကြောင်းပြုပြီး နိုင်ငံရေး အရတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အစိုးရကို ဖိအားပေးနိုင်ခဲ့ပါတယ် ။

မောင်တောဂွင်ထဲမှာပဲ အမျိုးသားဒီမိုကရေစီ အစိုးရအနေနဲ့ နောက်ထပ်ကြုံရတဲ့ သတ်ကွက်တစ်ခုကတော့ သံပုံးတီးပြီး မောင်းထုတ်ခံရတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး ဟောပြောပွဲဖြစ်ပါတယ်။ မောင်တော ဒေသ ထဲမှာ အကြမ်းဖက်မှုကို အကြောင်းပြုပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခပြဿနာတွေဟာ ပြင်ပ ကမ္ဘာက ထင်သလို ဘာသာရေး ဖိနှိပ်မှု ပြဿနာမဟုတ်ဖူးဆိုတာကို သက်သေပြနိုင်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ ကိုစေလွှတ်ပြီး ဘာသာရေး ပြယုဂ်ကောင်းကို ပြသနိုင်ဖို့ အစိုးရအနေနဲ့ ကြိုးစားခဲ့ပေမယ့် ဒေသခံရခိုင်တွေ က သံပုံးတီးပြီး မောင်းထုတ်တဲ့အထိ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြပါတယ် ။ အခုလို အစိုးရရဲ့ စီမံဆောင်ရွက်ချက်အပေါ် ဒေသခံ ရခိုင်တွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်လှုပ်ရှားမှု ကိုလုပ်ပြခဲ့တာဟာ ရခိုင်ဒေသတွေ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအပေါ် ထောက်ခံမှုမရှိဘူး ၊ လက်ရှိ အစိုးရဟာ ရခိုင်ဒေသအပေါ်မှာ သြဇာ မညောင်းဘူးဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ် ။ ဒါတွေကိုကြည့်မယ်ဆိုရင် မောင်တောဒေသ အပါအဝင် ရခိုင်ဒေသတွင်း ပြဿနာမှန်သမျှ အစိုးရ ကကိုင်တွယ်လိုက်တာ နဲ့ နိုင်ငံရေး အရ သတ်ကွင်းသတ်ကွက်မှန်သမျှကို ရှာဖွေထိုးနှက်ကြတဲ့သဘောကိုတွေ့ရပါတယ် ။ ရခိုင်ပြည်နယ်ထဲက လူမျိုးရေးပဋိပက္ခတွေဟာ ရခိုင်အမျိုးသားရေး ပြဿနာ၊ မြန်မာနိင်ငံရဲ့ ပြဿနာ အဖြစ် ရခိုင်အများက ရှုမြင်ထားကြပေမယ့် လက်တွေ့မှာ မြန်မာနိုင်ငံ အစိုးရ နဲ့ ပူးပေါင်း၍ ဖြစ်စေ ကူညီ၍ဖြစ်စေ ဒီ ပြဿနာတွေကို ဝိုင်းဝန်း ဖြေရှင်းဖို့တော့ လက်ရှောင်နေကြတာတွေ့ရပါတယ် ။ ဒါ့အပြင် မောင်တောအရေးကိုအကြောင်းပြုပြီး အစိုးရအပေါ် ဘက်ပေါင်းစုံက နိုင်ငံရေး ထိုးနှက်မှုတွေ တရက်စက်ကျလာနေပါတယ် ။ ရခိုင်ပြင်ပမှာရှိတဲ့ ရန်ကုန် အပါအဝင် အခြားမြို့ကြီးတွေမှာ ဘာသာရေး ဆူပူအကြမ်းဖက်မှုကို ဦးတည်စေတဲ့ လှုံဆော်သွေးထိုးမှုတွေ ဖြစ်ပွားလာနေပါတယ်။ အစိုးရက မောင်တော အရေးကိစ္စကို စပြီးကိုင်တွယ်လိုက်တယ်ဆိုရင်ပဲ နိုင်ငံတကာ အသိုင်းအဝိုင်း ၊ပြည်တွင်း နဲ့ ဒေသတွင်းနိုင်ငံရေး အင်အားစုများ ၊ လက်နက်ကိုင်ဆန့်ကျင်သူများ စတဲ့ အဘက်ဘက်က အစိုးရ အပေါ် နည်းအမျိုးမျိုး နဲ့ ထိုးနှက်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ဟာတနေ့တခြားအရှိန်မြင်တက်လာနေပါတယ် ။ ဒါကြောင့် နိုင်ငံရေးရှုဒေါင့်ကကြည့်မယ်ဆိုရင် ရခိုင်အရေး - မောင်တောအရေးဟာ အမျိုးသားဒီမိုကရေစီ အဖွဲချုပ် အစိုးရ အတွက် နိုင်ငံရေး သတ်ကွင်း တစ်ခုထဲရောက်ရှိ ဖြတ်သန်းနေရသလိုဖြစ်နေတယ်ဆိုတာကိုတွေ့ကြရပါတယ် ။

တကယ်တော့ ရခိုင့်အရေးဟာ ကျွန်တော်တို့ မြန်နိုင်ငံသားတိုင်းရဲ့အရေးဖြစ်ပါတယ် ။ အခုလို နိုင်ငံတကာ နဲ့ရင်ဆိုင်ဖြေရှင်းကြရပြီဆိုတဲ့ အခါမှာ ဒီကိစ္စဟာ အားလုံးအပေါ်မှာသက်ရောက်မှုရှိနေပြီး အားလုံးအပေါ်မှာ တာဝန်ရှိနေတယ် ဆိုတာ ထင်ရှားလာပါတယ်။ ရခိုင်အရေး ကိုအသေအချာလေ့လာကြည့်တဲ့အခါ လူမျိုးရေး ပြဿနာ၊လူဦးရေပေါက်ကွဲမှုပြဿနာ၊ နယ်ခြားလုံခြုံရေး ပြဿနာ ဆိုတာထက်ပိုတဲ့ ရှုပ်ထွေးမှုတွေ ရှိနေပါတယ် ။ လူမျိုးရေး မုန်းတီးမှု ဆိုတဲ့နေရာ မှာ ဗမာ ဆိုတဲ့ လူမျိုးစုလည်း မုန်းတီးခံရမှုကနေ မလွတ်တာကိုတွေ့ရပါတယ် ။ ဒီလိုပဲ မွတ်စလင်ဘာသာ ကို ကိုးကွယ်ကြတဲ့ အခြားတိုင်းရင်းသားတွေလည်း တနည်းတဖုံ ဒီ ပြဿနာ စက်ကွင်းကနေ မလွတ်တာလည်း စိတ်မကောင်းစရာတွေ့မြင်နေရပါတယ် ။ တကယ်တော့ ရခိုင်ပြဿနာဟာ လူမျိုးကွဲ ၂ခုအကြား လူဦးရေအားပြိုင်မှု ၊ ဒေသအတွင်း တရားမဝင် ဝင်ရောက်အခြေချနေထိုင်မှု ဆိုတဲ့ တရားဝင်ထုတ်ဖေါ်ပြောဆိုနေကြတဲ့ အကြောင်းပြချက်တွေထက်ပိုပါတယ် ။ ဒီကိစ္စဟာ ဖယ်ဒရယ် နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး အခြေခံပြင်ဆင်မှု ဆိုတဲ့ နိုင်ငံရေး ပြဿနာတွေ ခိုအောင်းနေပါတယ်။ အစိုးရအနေနဲ့ ရခိုင်နိုင်ငံရေး သမားတွေ နဲ့ ကျေလည်အောင် ညှိနိုင်းတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်မှုမလုပ်နိုင်ရင် ရခိုင်ဒေသထဲက ပြဿနာမှန်သမျှ ဟာ ရှင်ူလို့မနိုင် ၊ ရှင်းလို့မပြီး တဲ့ အနေအထားမှာရှိမြဲရှိနေပါလိမ့်မယ်။ နိဂုံးချုပ် အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ မီဒီယာစစ်ကို စနစ်တကျဆင်နွှဲနိုင်တဲ့အရည်အချင်းမရှိဘူးဆိုတာ ဒီမောင်တော ပြဿနာမှာ ထင်ထင်ရှားရှားပြခဲ့ပြီဖြစ်ပါတယ် ။ အင်တာနက်လူမှုကွန်ယက်တွေက အစ တိုင်းပြည်ရဲ့ သတင်းမီဒီယာ မဏ္ဍိုင်ကို ခိုင်မာကောင်းမွန်အောင်တည်ဆောက်ကြဖို့လိုပြီလို့ ထပ်ပြီးပြောချင်ပါတယ်။ နောက်တစ်ချက်က အခုချိန်မှာ တစ်ဘက်နိုင်ငံကိုထွက်ပြေးသွားတဲ့ ဘင်္ဂါလီများကို ပြန်လည်လက်ခံဖို့ ကြိုဆိုရေးစခန်း ၇ ခုကို မောင်တော နယ်စပ် တလျှောက်မှာဖွင်လှစ်ခဲ့ရပြီဖြစ်ပါတယ် ။ တစ်ဘက်ကထုတ်ပြန်မှုတွေမှာလည်း မူလက တစ်သိန်းခွဲလောက်ရောက်ရှိနေတယ်လို့ ထုတ်ပြန်ရာကနေ အခု ၃ သိန်းလောက်ရှိနေပြီလို့ဆိုလာပါတယ် ။ အဲဒီတော့ ဒီလူတွေအားလုံး ချွင်းချက်မရှိလက်ခံရမလားဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ရင်ဆိုင်ကြရပြီဖြစ်ပါတယ် ။

ဒါကြောင့် ကျွန်တော်တို့အားလုံး လူမျိုရင် လူမျိုးပျောက်မယ်လို့အော်ဟစ်ကြွေးကြော်လေ့ရှိပေမယ့် အခုတခါ ညီညွတ်မှုမရှိ အချင်းချင်းသွေးကွဲတိုက်ခိုက်နေရင်လည်း လူမျိုးပျောက်နိုင်တယ်ဆိုတာ လက်ခံပြီးနာယူပြီးပြုပြင်ကြဖို့ပဲဖြစ်ပါတယ် ။ ကိုယ်နဲ့ မတူတဲ့ သူတို့ အဖွဲ့ ကထုတ်တဲ့ အဖြေဖြစ်လို့ ငါတို့ကတစ်လှည့်ငြင်းပယ်လိုက် ၊ ငါတို့ ထုတ်တဲ့အဖြေဖြစ်နေလို့ သူတို့က တစ်ခါ ငြင်းပယ်လိုက်နဲ့ ဖြေရှင်းတဲ့ဆီမရောက်ပဲ အခြေအနေတွေ ပြဿနာတွေကရှင်းမရတဲ့ဆီရောက်ရှိလာခဲ့ပြီဆိုတာ အားလုံးမျက်မြင်ကြုံကြရပြီဖြစ်ပါတယ် ။ နောက်တခါ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးပေါ်မှာ အခြားနိုင်ငံများနဲ့ အတူတကွနေထိုင်တဲ့ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်နေပြီး တတိယ အုပ်စု လို့ခေါ်တဲ့ ကြားခံ ကြားနေ နိုင်ငံတွေ အဖွဲ့ အစည်းတွေ နဲ့အတူလက်တွဲဆောင်ရွက်နိုင်စွမ်းရှိဖို့လိုပါတယ် ။ သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံနိုင်စွမ်းရှိဖို့လိုပါတယ်။ တစိမ်းမို့လို့ အမျိုးမတူလို့ နိုင်ငံမတူလို့ သူတို့ပြောသမျှ နားမထောင်နိုင်ဘူး၊ သူတို့ပြောသမျှဟာ သူတို့အကျိုးစီးပွားအတွက်ပဲဖြစ်လိမ်မယ်ဆိုတဲ့ " လူတစိမ်းကြောက်စိတ် နဲ့ သံသယစိတ် " ကို အမြဲတန်း တရားသေထားရှိတဲ့ စိတ်ကိုပြင်ကြရပါလိမ့်မယ် ။အခုလို လူမျိုးကွဲအုပ်စုတွေအကြား ကြီးမားတဲ့ ပြဿနာကြီးဖြစ်တဲ့အခါမှာလည်း တတိယကြားနေအုပ်စုအပေါ် ကိုယ့်ဘက်ကတုန့်ပြန်သဘောထားတွေက " မင်းတို့ မယုံရင် လာကြည့်လို့ဖြစ်ရမယ့်အစား မင်းတို့ကို မယုံဘူး ထွက်သွား ဆိုတဲ့သဘောဖြစ်နေတယ် ။ ဒါကြောင့် ဒီလို တုန့်ပြန်မှု ရဲ့ အကျိုးဆက်က ကောလဟာလတွေ ကိုအမှန်ထင်စေပြီး ဒေသတွင်း ကိုင်တွယ်ဖြေရှင်းမှုတွေအပေါ် သံသယတွေကြီးထွားလာစေတာပဲဖြစ်ပါတယ် ။

ကြားနေ/ ကြားခံ အဖွဲအစည်းတိုင်း ယုံကြည်စိတ်ချရတယ်လို့မဆိုလိုပါ၊ သို့သော ဉာဏ်နဲ့ယှဉ်ပြီးသဟဇာတဖြစ်ဖြစ် ရင်ဆိုင်ဆက်ဆံပြီး ကိုယ့်တိုင်းပြည် ကိုယ့်အကျိုးစီးပွားအတွက် အသုံးချနိုင်ရမယ်ဖြစ်ပါတယ် ။ အချုပ်ဆိုရမယ်ဆိုရင် မောင်တောအရေးဟာ နိုင်ငံ့အရေးဖြစ်ပါတယ် ။တောက်လောင်နေတဲ့ ပြဿနာမီးတောက်တွေဟာလည်းကူးယူပြီး ကိုယ့် နိုင်ငံရေး အတ္တတွေ ကိုထွန်းညှိဖို့မဟုတ်ပါဘူး ။ ဒီမီးတောက်ကိုအားလုံး ဝိုင်းဝန်းငြိမ်းသတ်ဖို့တာဝန်ရှိပါတယ် ။ ဒီလို ကူညီ ငြိမ်းသတ်ပေးဖို့ နေနေသာသာ ဒီ မောင်တော ပြဿနာမီးတောက်ကနေ မီးစတွေ ကူးယူပြီးအခြား ဘာသာရေး နိုင်ငံရေး ဆိုင်ရာ တည်ငြိမ်မှုပျက်ပြားရေး ကို ပါကူးစပ်တောက်လောင်လာအောင်ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင်တော့ တစ်ဖွဲ့တစ်သင်း လူတစ်စုတစ်ဝေး အတွက်တော့ ဟီးရိုးဖြစ်ကောင်းဖြစ်ပါလိမ့်မယ် နိင်ငံ နဲ့ လူမျိုး အတွက်တော့ အဲဒီ လူပုဂ္ဂိုလ် အသင်းအဖွဲ့တွေဟာ " တိုင်းပြည်သစ္စာဖေါက်" တွေ ပါပဲ .......လို့ သာ ။

(၁၂-၉-၁၇)

The Speaker Vol.1 No.41[full-post]

COMMENTS

Name

art,1,article,1304,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7366,interview,220,knowledge,8,Live,8,LocalNews,15736,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,141,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: မောင်တောအရေးအခင်း သို့မဟုတ် နိုင်ငံရေးသတ်ကွင်း "
မောင်တောအရေးအခင်း သို့မဟုတ် နိုင်ငံရေးသတ်ကွင်း "
http://3.bp.blogspot.com/-nt5zxsr9ZpY/VSmI_nIqB2I/AAAAAAAAz3w/4X9HDL7zeQQ/s1600/maungdaw.jpg
http://3.bp.blogspot.com/-nt5zxsr9ZpY/VSmI_nIqB2I/AAAAAAAAz3w/4X9HDL7zeQQ/s72-c/maungdaw.jpg
dawnmanhon
http://www.dawnmanhon.com/2017/09/blog-post_335.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/09/blog-post_335.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy