ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် အကောင်းဆုံး ဘယ်လို တုံ့ပြန်ကြမလဲ


စာရေးသူအနေနဲ့ ဒီရက်ပိုင်းမှာပဲ The Voice Daily မှာ ရခိုင်မြောက်ပိုင်း၊ ဘင်္ဂါလီကိစ္စအပေါ် ဆောင်းပါးလေးပုဒ် ရေးခဲ့ပါတယ်။ နောက်ဆုံးရေးတဲ့ ဆောင်းပါးကတော့ ဒေသခံတွေနဲ့ ဖွဲ့ထားတဲ့ ရဲတပ်ရင်းတွေဖွဲ့ဖို့၊ ဥပဒေအရ ကျောထောက် နောက်ခံပေးတဲ့ ပြည်သူ့ စစ်တပ်ဖွဲ့တွေ ဖွဲ့ဖို့ပါပဲ။

ယခုလ ၁၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ယနေ့ ၁၅ ရက်နေ့ ည CNN သတင်းဌာနကနေ အမေရိကန်သမ္မတ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲကို ရိုက်ပြပါတယ်။ ထူးခြားတာက အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ သမ္မတအိမ်ဖြူတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ အမျိုးသမီး တစ်ယောက်တည်းမဟုတ်ဘဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ဟယ်လီနဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမက်ကမာစတာတို့ပါ ပါလာပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး အလေးထား ပြောနေတာကတော့ မြောက်ကိုရီးယားရဲ့ ဒုံးပျံနဲ့ အဏုမြူဗုံးကိစ္စပါပဲ။ သတင်းထောက်က မေးတဲ့အခါမှာတော အမေရိကန်အနေနဲ့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု ကိစ္စတွေမှာလည်း အလေးထားပါကြောင်းလို့ ပြောပါတယ်။ Burma ကိစ္စဆိုပြီး ဆီးရီးယားနှင့် အီရတ်ကိစ္စ ပြောရင်း ပါလာပါတယ်။ မြန်မာမြောက်ပိုင်းက ဘင်္ဂါလီကိစ္စလို့တောင် မပါပါဘူး။ ဆီးရီးယားက ဒုက္ခသည် ထောက်ပံ့ရေးကိုတော့ အလေးထားပြီး ပြောခဲ့ပါတယ်။ ဆိုလိုတာက အမေရိကန် ပြည်ထောင်စုဟာ မြန်မာကိစ္စကို သိပ်ပြီး အလေးအနက် မထားဘူးဆိုတာ ပေါ်လွင်နေပါတယ်။ လုံခြုံရေးကောင်စီမှာ ဗြိတိန်က တင်ခဲ့တဲ့အဆိုအပေါ် ဝတ္တရားကျေ “အင်း”လုပ်တာ ဆိုတာ သိသာပါတယ်။

အဲဒီသတင်းရဲ့ရှေ့မှာ လန်ဒန်က ရထားပေါ်မှာ ဗုံးကွဲမှုသတင်းအပေါ် သမ္မတထရမ့်က ဗြိတိသျှတို့ရဲ့ စကော့တလန်ယာဒ်ဆိုတဲ့ စုံထောက်ဌာနချုပ်ကြီးရှေ့မှာ ဖြစ်ရလားလို့ ပြောခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ ဒီလိုပြောလို့ ဘာအကူအညီမှ မရဘူးလို့ပြောခဲ့တာကို ရုပ်မြင်သံကြားမှာ စာတန်းထိုးပြပါတယ်။ စာရေးသူရဲ့ သုံးသပ်ချက်ကတော့ ဘင်္ဂါလီအကြမ်းဖက်မှုအပေါ် ဗြိတိန်နဲ့ ဆွီဒင်က လုံခြုံရေးကောင်စီမှာ အဆိုတင်ခဲ့တယ်။ ဒီအဆိုအပေါ် အမေရိကန်ပြည်ထောင်စုက ဝတ္တရားကျေသာ ဆိတ်ဆိတ်နေ ထောက်ခံခဲ့တယ်လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် လေးလေးနက်နက် အပြစ်မမြင်ဘူးဆိုတဲ့ ယူဆချက်ပါ။

တရုတ်ပြည်ကတော့ မြန်မာနိုင်ငံကို အနောက်ဥရောပနဲ့ အမေရိကန်တို့ ဝင်စွက်လာရင် လက်ခံမှာ မဟုတ်တဲ့သဘောက အခိုင်အမာရှိပါတယ်။ သူ့ရဲ့အနားသတ် မျဉ်းတစ်လျှောက် အခြား အင်အားကြီးနိုင်ငံတွေ ဝင်စွက်တာကို လက်ခံလိုမည် မဟုတ်ပါ။ အမေရိကန်သမ္မတ မွန်ရိုးကလည်း ၁၈၂၃ ခုနှစ်မှာ အမေရိကတိုက်က နိုင်ငံတွေအပေါ် ဥရောပက ဝင်စွက်တာကို လက်မခံဘူးဆိုတဲ့ Monroe Doctrine ခေါ် မွန်ရိုးမူဝါဒကို ချမှတ်ခဲ့ပါ တယ်။ တရုတ်ကလည်း အမေရိကန်သမ္မတ မွန်ရိုးမူဝါဒအတိုင်းပါပဲ။ မြန်မာကို ကာကွယ်ပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်ရင်တော့ တရုတ်မှာ အခက်အခဲရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်ဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ လေတပ်လေယာဉ် တော်တော်များများဟာ တရုတ်လုပ်လို့ သိရပါတယ်။ ထင်ထင်ရှားရှား တွေ့ရတာကတော့ BBC ရဲ့ ရုပ်သံပြကွက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဟာ တရုတ်နိုင်ငံလုပ် M21 ခေါ်တဲ့ တစ်ချက်မောင်းပြန် ရိုင်ဖယ်တွေ တပ်ဆင်ထားခြင်းပါပဲ။ ဒါကြောင့် လုံခြုံရေး ကောင်စီမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ကြည့်ပေးရတဲ့ တရုတ်ရဲ့ ရပ်တည်ချက်အပေါ် ကျွန်တော်တို့ နားလည်ပေးရမှာဖြစ်ပါတယ်။ အနောက်ဥရောပကနေ အန္တရာယ် အဆိုတွေ တင်ပြလာရင်တော့ တရုတ်က တားဆီးပေးပါလိ့မ်မယ်။

သန်းခေါင်ကျော်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ထဲကို ဝင်လာချိန်မှာတော့ History Channel က အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်ပွဲအကြောင်း (New age of terror) ဆိုတဲ့အစီအစဉ် ဆက်လွှင့်နေတာကို ကြည့်မိပါတယ်။ ကိုယ်ကိုယ်တိုင်က သမိုင်းသမား တစ်ဦးဖြစ်လို့ ဒီအစီအစဉ်တွေကို မကြာမကြာ ကြည့်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်သမားတွေဖြစ်တဲ့ အိုက်ဆစ် (ISIS) တွေရဲ့ မီဒီယာတိုက်ပွဲ ဘယ်လောက်ထိ ရောက်တယ်ဆိုတာ ပြသပါတယ်။ အမေရိကန်သတင်းထောက် James Foley ကို လည်ပင်းလှီးသတ်တဲ့ ဗီဒီယိုဖိုင်ကိုပြပြီး အနောက်ဥရောပက ကွပ်ကဲမှုမဲ့တဲ့ တစ်ကိုယ်တော် အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေအနေနဲ့ ကျောက်တုံး၊ ဓား၊ လှံကအစ ကိုင်ဆွဲတိုက်ခိုက်ဖို့၊ နောက်ဆုံး လက်နက် မရှိတောင် တံတွေးနဲ့ထွေးဖို့ ညွှန်ကြားတာကအစ ပါလာပါတယ်။ ရက်စက်တဲ့ပြကွက်တွေကိုပြသပြီး ဘာသာရေး အစွန်းရောက်နေတဲ့ ဆိုက်ကိုပက်သစ် (Psycho Pathic) ခေါ်တဲ့ စိတ္တဇလူသတ်သမားတွေ ပြန့်ပွားဖို့၊ လူတွေ ရက်ရက်စက်စက် အသတ်ခံနေရချိန်မှာ ခံစားမှုကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ ကြည့်နေနိုင်ဖို့၊ ရက်စက်ကြမ်းကြုတ်မှုကို အရသာခံဖို့ ဗီဒီယိုတွေ ဓာတ်ပုံတွေနဲ့ပြသပြီး စည်းရုံးတဲ့နည်းဟာ ဒစ်ဂျစ်တယ် နည်းပညာနဲ့အတူ အောင်မြင်စွာ ပေါက်ဖွားလာတယ်လို့ ဇာတ်လမ်းတင်ဆက်သူက ပြောသွားပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စည်းရုံးမှုကို အနောက်ဥရောပက အစ္စလာမ် ဘာသာဝင် လူငယ်တွေက အများဆုံး လက်ခံပြီးတော့ ဒီလူတွေဟာ လူ့အသိုင်းအဝိုင်းမှာ အကြဉ်ခံရသူတွေ၊ ပညာမတတ်သူတွေ၊ အလုပ်လက်မဲ့တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို လူမှုရေး အခြေအနေတစ်ခုဟာ တူညီစွာပဲ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေကြားထဲမှာ ဖြစ်နေခဲ့ပြီလို့ ယူဆနိုင်ပါတယ်။

နိုင်ငံရေးအရ အကြဉ်ခံရပြီး စီးပွားရေးမှာလည်း မျှော်လင့်ချက်မရှိ၊ ရွှေ့ပြောင်းလို့လည်း မရတဲ့ အနေအထား၊ သမိုင်းတစ်လျှောက်လုံးမှာလည်း လူသတ်ပြီး နယ်ချဲ့ဖို့ပဲ စိတ်ကူးခဲ့ပြီး ပညာနဲ့ ဆင်ခြင်တုံ ကင်းမဲ့ချိန်မှာ အကြမ်းဖက်ဝါဒီတွေရဲ့ စည်းရုံးခံရပြီး အကြမ်းဖက်သမားတွေအဖြစ် ပီပီပြင်ပြင် ဖြစ်သွားတာပါပဲ။

ဒီဘင်္ဂါလီတွေက တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ ရက်ရက်စက်စက် သတ်နေတဲ့အချိန် ကျွန်တော်တို့က အကြမ်းဖက်သမားတွေကို တိတိကျကျ မထောက်ပြခဲ့နိုင်ပါဘူး။ ဩဂုတ်လ ၂၅ နောက်ပိုင်းက ယခုအထိ လွှင့်သမျှ နိုင်ငံခြားရုပ်မြင်သံကြား အစီအစဉ်တွေမှာ “မြန်မာတိုင်းရင်းသားတွေနဲ့ ရဲစခန်းတွေအပေါ် ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်”လို့ဆိုတဲ့ စာသားလောက်ပဲ ပြောကြားခဲ့ပါတယ်။ မြန်မာတွေ ခံစားခဲ့ရတဲ့ အကြောက်တရားကို မဖော်ထုတ်ခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဘင်္ဂါလီ မိန်းမနဲ့ ကလေး လူအုပ်ကြီးစုနေတာကိုတော့ ထပ်တလဲလဲ ပြသခဲ့ပါတယ်။ မြစ်တစ်ဖက်ကမ်း ဘင်္ဂလားဒေ့ရှ်ကနေ ကင်မရာနဲ့ရိုက်နေချိန်မှာ ကမ်းခြေက လူအုပ်ကြီးနဲ့ နောက်မှာ၊ မြန်မာတပ်မတော်က တပ်စုတစ်ခုလောက် အေးအေးဆေးပဲ ဖြတ်သွားနေတာကို တွေ့ရပါတယ်။ တပ်မတော်သားတွေအပေါ် ကြောက်လန့်ပုံလည်း မရှိပါဘူး။ ပြောချင်တာကတော့ ဒီလူအုပ်ကြီးဟာ မိန်းမနှင့် ကလေးတွေဖြစ်ပြီးတော့ အကြမ်းဖက်သမားတွေက ဝန်ပေါ့အောင် စေလွှတ်လိုက်တဲ့ပုံနဲ့ တူပါတယ်။ မြန်မာ့တပ်မတော်သား ရဲဘော်တွေက သူတို့ကို ဒုက္ခမပေးဘူးဆိုတာလည်း သိပုံပါပဲ။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်ကို ခိုးဝင်နေတဲ့လူတွေကို ပြန်လက်ခံဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးတာကို လက်ခံစေဖို့ပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလူတွေကို ပြန်လက်ခံရင် ဘင်္ဂလားဒေ့ရှ်က လူတွေ မြန်မာပြည်ကို ထပ်ပြီးခိုးဝင်ကြမလားဆိုတဲ့ စိုးရိမ်စိတ်ဟာ တာဝန်ရှိသူတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ ရှိနေပါတယ်။ ကျွန်တော်လည်းပဲ အဲဒီစိတ် ရှိခဲ့ပါတယ်။ ယခုတော့ အဲဒီအချက်ပေါ် သံသယဝင်ပါတယ်။ အဲဒီလိုဖြစ်သွားရတဲ့ အကြောင်းရင်းတစ်ခု ရှိပါတယ်။ စာရေးသူရဲ့ မိတ်ဆွေတစ်ဦး ရှိပါတယ်။ သူက ယခုစကားစပ်လို့ ပြောမိတဲ့အခါ ယခင် နဝတ/နယက အစိုးရလက်ထက်ကစပြီး အာဆီယံနဲ့ ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းမှာ စီးပွားရေးဆိုင်ရာ စာရင်းဇယား မမှန်ကန်တဲ့နိုင်ငံနှစ်ခု ရှိပါတယ်။ တစ်ခုက မြန်မာ၊ တစ်ခုက ဘင်္ဂလားဒေ့ရှ်ပါ။ မြန်မာက ဖွံ့ဖြိုးမှုကို လူအထင်ကြီးအောင်ပိုပြပြီး ဘင်္ဂလားဒေ့ရှ်ကတော့ အထောက်အပံ့တွေရအောင် ဆင်းရဲပြနေခဲ့တာပါ။ အမှန်က ဘင်္ဂလားဒေ့ရှ်ဟာ ကျွန်တော်တို့ ထင်သလောက် မဆင်းရဲတော့ပါဘူး။ ကျေးရွာတွေရဲ့ ၉၀ ရာခိုင်နှုန်း လျှပ်စစ်မီးရနေရင် ဆင်းရဲတယ်လို့ မဆိုနိုင်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေမှာ ပင်လယ်ရေမျက်နှာပြင်မြင့် မတက်မချင်း၊ ကြီးမားလွန်းတဲ့ သဘာဝဘေးဒဏ်တွေ မကျရောက်မချင်း မောင်တောကို ခိုးဝင်လာမယ့် အနေအထား မရှိတော့ပါဘူး။ ဒီဘက်ရောက်ရင် ဘူးသီးတောင်၊ မောင်တောထဲမှာ ချောင်ပိတ်ခံရမယ့်ဘဝကို သူတို့နေချင်မှာ မဟုတ်တော့ပါဘူး။ နိုင်ငံမဲ့တဲ့လူတွေ ဘဝကိုလည်း ခံယူမှာမဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်ဟာ၊ စားနပ်ရိက္ခာရှားပါးလို့ ထမင်းရည်ကိုတောင် ဝယ်သောက်ရတယ်လို့ ငယ်ငယ်တုန်းက ကြားဖူးပါတယ်။ နောက်ပိုင်းတော့ အိန္ဒိယဟာ အစိမ်းရောင် တော်လှန်ရေးဆိုတဲ့ စားနပ် ရိက္ခာဖူလုံရေး လှုပ်ရှားမှု အောင်မြင်ခဲ့ပါတယ်။ ယနေ့ မငတ်မွတ်တော့ပါ။ တရုတ်ပြည်လည်း လူဦးရေ များလွန်းလို့ ထမင်းငတ်တယ်လို့ ကြားဖူးပါတယ်။ ကွန်မြူနစ်တော်လှန်ရေး အောင်မြင်ပြီး ၁၉၆၀ ပတ်ဝန်းကျင်မှာလည်း အတော်ပြဿနာ ကြုံခဲ့ပါတယ်။ ယနေတော့ မငတ်မွတ်တော့ဘဲ ပေါများနေပါပြီ။ ဘင်္ဂလားဒေ့ရှ်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မှာ ငတ်မွတ်တုန်းပါပဲ။ သမ္မတဦးနေဝင်းလက်ထက် ကျွန်တော်တို့ငယ်ငယ်မှာ ဟင်္သာစီမံချက်လို့ မှတ်မိပါတယ်။ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ထဲကို ပြေးသွားပါတယ်။ နောက်တော့ နိုင်ငံတကာရဲ့ ဖိအားအရ ပြန်ပြီး လက်ခံရပါတယ်။ အဲဒီလို ပြန်လက်ခံရာမှာ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ ပိုလို့တောင် ဝင်လာခဲ့ပါတယ်။ အဲဒီတုန်းက “There is no beggar in Decca. Where are they? They are in Burma now” ဒက္ကာမှာ သူတောင်းစား မရှိတော့ဘူး၊ ဘယ်ရောက်သွားလဲ၊ မြန်မာပြည်မှာလို့ ဆိုပါတယ်။ ယခု အဲဒီလို ဟုတ်သေးရဲ့လားလို့ သုတေသနပြုရပါမယ်။ ဒီတော့ နယ်စပ်ခြံစည်းရိုးကို ဖောက်နေတဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်အခြမ်းက ဖောက်တာလား၊ အတွင်းဘက်ကနေ ဖောက်တာလား၊ ဖောက်တဲ့လူတွေကရော အကြမ်းဖက်သမားတွေလား၊ ဘင်္ဂလားဒေ့ရှ်ထဲမှာ ပုန်းအောင်းနေတဲ့ အကြမ်းဖက်အုပ်စုလား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ လားဆိုတာတော့ စုံစမ်းထောက်လှမ်း သုတေသနပြုစေလိုပါတယ်။ ခြံစည်းရိုး ခတ်တာကတော့ ကွန်ဒုံးသုံးသလို မလုပ်မဖြစ် အကာအကွယ်ပါပဲ။ ဘင်္ဂလားဒေ့ရှ်က ဆင်းရဲသားတွေဘဝနဲ့ မောင်တောက ဘင်္ဂါလီတွေရဲ့ဘဝ ဘယ်သူက ပိုသာသလဲ။ မောင်တော ဘင်္ဂါလီက ပိုသာနေတယ်ဆိုရင်တော့ ကျွန်တော်တို့ စိုးရိမ်သင့်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ လူနေမှုဘဝက ဒီထက်သာတယ်ဆိုရင်တော့ ကျွန်တော်တို့ အစိုးရိမ်မလွန်သင့်ပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲက ပြန်လက်ခံရမယ်ဆိုတဲ့ အချက်လို့ အသာအယာ လိုက်နာရုံပါပဲ။ မကြောက်သင့်တာ ကြောက်ပြီး လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရင်လည်း နောက်ဆက်တွဲ နိုင်ငံရေး/စီးပွားရေးပြဿနာတွေ ဒဏ်ခတ် အရေးယူမှုတွေ မဖြစ်စေလိုပါ။

တကယ်တော့ ဆူပူတဲ့ ဘင်္ဂါလီတွေဟာ အကြမ်းဖက်သမားတွေဆိုတာ လုံခြုံရေးကောင်စီနဲ့ အမေရိကန်သမ္မတကြီးထရမ့်ကို ရှင်းပြစေလိုပါတယ်။ သမ္မတထရမ့်သာ အခြေအနေမှန်သိရင် ဒီလိုဆုံးဖြတ်ချက်ချမှာ မဟုတ်ပါဘူး။ အမေရိကန်ကို ရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ်က သမ္မတထရမ့်ကို အားရပါးရ ရှင်းပြနေတဲ့အခါ အကြမ်းဖက် တိုက်ဖျက်ရေးမှာ မလေးရှားက အမေရိကန်ကို ဘယ်လိုထောက်ခံမယ်ဆိုတဲ့အကြောင်း ရွှန်းရွှန်းဝေပါပဲ။ အမေရိကန်သမ္မတကလည်း ခေါင်းတညိတ်ညိတ်နဲ့ဆိုတာ CNN မှာတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ကမ္ဘာကိုဝါဒ ဖြန့်ချိရေးကို ယခုထက်ပိုပြီး လုပ်ရပါမယ်။ မီဒီယာတွေကို ဦးဆောင်ပေးရပါမယ်။ တပ်မတော်နဲ့ ညှိပေးရပါမယ်။ တပ်မတော် စစ်ကြောင်းတွေမှာ သတင်းထောက်တွေကို လိုက်ပါခွင့်ပြုပြီး ၎င်းတို့ဆောင်းရမယ့် သံခမောက်တွေမှာ မီဒီယာလို့ရေးပြီး ကျည်ကာအင်္ကျီပါ ဝတ်ဆင်ခွင့်ပေးပြီး ကမ္ဘာကို ရုပ်သံရိုက်ကူး တင်ပြစေလိုပါတယ်။ တကယ်တော့ ဘင်္ဂါလီတွေဟာ ၁၉၄၂ ခုနှစ် ဂျပန်အဝင်၊ အင်္ဂလိပ်အပြေး၊ အုပ်ချုပ်ရေး ကင်းမဲ့ချိန်မှာ တိုင်းရင်းသားတွေကို သတ်ဖြတ်အနိုင်ကျင့်ပြီး နယ်မြေ သိမ်းခဲ့တာကစပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ဆန့်ကျင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့ အရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့အချက်ဟာ အဓိကပါပဲ။

ဘင်္ဂါလီတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်တဲ့အကြောင်းနဲ့ နိုင်ငံသားပြုခွင့်အရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေမှုဟာ အဓိက အတားအဆီး ဖြစ်တယ်ဆိုတာရယ်၊ ဒီလူတွေဟာ လူအုပ်အားကိုးနဲ့ အကြမ်းဖက်ဝါဒကို ကျင့်သုံးနေတာဟာ ၁၉၄၂ ခုနှစ်ထဲက စခဲ့တယ်ဆိုတာ ကမ္ဘာကသိဖို့ လိုပါတယ်။ ဒါကြောင့် မီဒီယာနဲ့ တပ်မတော် ညီညွတ်စေလိုတယ်။ တပ်ကနေ “ဆင်ဆာ” လုပ်တာကိုလည်း ခံယူပေးပါ။ ဒါကြောင့် အစိုးရနဲ့ တပ်မတော်ကိုလည်း ညီညွတ်စေလိုပါတယ်။ ကာ/လုံ ခေါ်ချင်ခေါ် မခေါ်ချင်နေ အရေးမကြီးပါဘူး။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့တို့ ထိတွေ့ရဖို့ လိုပါတယ်။ အမိန့်ပေးလို့ စစ်တပ် ဝင်ရတယ်။ တောင်းဆိုလို့ ဝင်ရတယ်ဆိုတာထက် ညှိပြီး သဘောတူမှုနဲ့ လုပ်ကြတယ်ဆိုတာက ကောင်းပါတယ်။ နိုင်ငံက ဒုက္ခရောက်နေတဲ့အချိန် ]သူက အရင် ထဲကမဟုတ်တာ လုပ်ခဲ့လို့}၊ ]သူက အာဏာလိုချင်လို့ ဖန်တီးနေတာ}၊ ]သူတို့တော့ ပြဿနာဖြစ်မှာပေါ့။ လုပ်မှမလုပ်တတ်တာ” စသဖြင့် အပြန်အလှန် တရားခံရှာနေကြတာတွေကို စိတ်ပျက်လှပါတယ်။

ကျွန်တော်တို့ လူမျိုးတွေဟာ သာယာပြည့်စုံလှပတဲ့ ပတ်ဝန်းကျင်မှာ နှစ်ပေါင်းထောင်ချီပြီး နေခဲ့ကြပါတယ်။ အဲဒါကြောင့် ကိုယ့်အခြေ ပျက်မှာစိုးတယ်။ လုံခြုံမှုကို အလေးထားပါတယ်။ နဝတ အစိုးရလက်ထက် တိုင်း/ပြည်နယ်အဆင့် ဝမ်းစာဖူလုံရေးဆိုတာ တကယ်တော့ ဖောက်မထွက်လိုတဲ့ အတွေးတွေ အယူအဆတွေကို အခြေခံပြီး လုံခြုံမှု ရှာတာပါပဲ။ ဒါပေမဲ့ ဘယ်ဟာမဆို လွန်ကဲလွန်းအားကြီးရင် အန္တရာယ် ဖြစ်တတ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအပေါ် တုံ့ပြန်ရာမှာ ပညာပါသင့်ပါတယ်။ စဉ်းစားရပါမယ်။

စာရေးသူကတော့ နိုင်ငံတော်အစိုးရ အပါအဝင် တစ်နိုင်ငံလုံးကို အောက်ပါအတိုင်း တိုက်တွန်းပါတယ်။

၁။ လူသားချင်း စာနာထောက်ထားမှု၊ အကူအညီ (Humanitarian Aids) ဆိုတာ ကမ္ဘာမှာ အလေးထားပါတယ်။ ပြန်ဖွင့်ပေးပါ။ ဘင်္ဂါလီမိန်းမတွေ၊ ကလေးတွေ စားသောက်နေတဲ့အခါ သူတို့ရဲ့ ခင်ပွန်း လင်/ သား/ အကြမ်းဖက်သမားကလည်း ဝင်စားမှာပါ။ စားပါစေ။ အပြစ်ရှိသူကြောင့် အပြစ်မဲ့သူ မခံရပါစေနဲ့ဆိုတဲ့ ဥပဒေသဘောထား (Legal Concept) ရှိတယ်။ ထားလိုက်ပါ။

၂။ ကိုဖီအာနန်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို လုံခြုံရေးကောင်စီက ထောက်ခံတယ်ဆိုပေမယ့် ဒါဟာ နိုင်ငံတော်ရဲ့ ပြည်တွင်းရေး ဥပဒေ ပြဿနာ၊ အုပ်ချုပ်ရေး ပြဿနာဆိုတာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အားလုံး သိပါတယ်။ ဒါကို ဖိအားပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘင်္ဂါလီတွေကို နိုင်ငံသားပြုရေး ကိစ္စဟာ ကိုယ့်ပြည်တွင်းရေးဖြစ်၍ ကိုယ်ကြိုက်သလိုလုပ်ပါ။

၃။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း ဆူပူသောင်းကျန်းမှုကို ပုံဖော်တဲ့ စကားရပ် ဝေါဟာရတွေ ရှိပါတယ်။ ဥပမာ ပြည်တွင်းစစ် (Civil War)၊ ငြိမ်ဝပ်ပိပြားရေး (Pacification)၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး (Counter Insurgency) စသည်တို့ ဖြစ်ပါတယ်။ တပ်မတော် ဝင်လာခဲ့ရင် အလွန်ကြီးမားတဲ့ ပြဿနာလို့ ကမ္ဘာက ရှုမြင်ပါတယ်။ ဘင်္ဂါလီတွေမှာ သေနတ်/လက်နက် လူတိုင်းကိုယ်စီ မကိုင်နိုင်တာမို့လို့ အင်အား အလွန်အကျွံ သုံးတယ်လို့ မြင်ကောင်း မြင်ကြမှာပါ။ တပ်မတော်ဝင်လို့ အခြေအနေ ထိန်းနိုင်တယ်ဆိုတာကလည်း အမှန်တရားပါ။ ဒါကြောင့် အိန္ဒိယက Nesserlite ခေါ်တဲ့ အလယ်ပိုင်းက ကွန်မြူနစ်လယ်သမားသူပုန်တွေကို တပ်ကမဝင်ဘဲ ရဲကပဲ နှိမ်နင်းနေပါတယ်။ လက်ရှိ အခြေအနေမှာ တပ်မတော်က မဝင်မဖြစ်တဲ့ အနေအထားပါ။ နောင်ဆိုရင်တော့ စာရေးသူ မကြာမီကပဲ The Voice Daily မှာ ရေးခဲ့သလို တပ်မတော်က ဖွဲ့စည်းတဲ့ နယ်မြေခံ ပြည်သူ့စစ်နဲ့ ဒေသခံ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ပုလိပ်တပ်ရင်းတွေကပဲ တပ်မတော်ရဲ့ ကွပ်ကဲမှုနဲ့ လုံခြုံရေး ယူစေချင်ပါတယ်။ အေးချမ်းသွားရင်တော့ တပ်ကရှေ့ကို မထွက်ဘဲနဲ့ အသင့်နေစေချင်ပါတယ်။

၎။ ဆူပူမှုမှာ မပါဝင်တဲ့ သစ္စာရှိ ဘင်္ဂါလီတွေကို ချီးမြှောက်ပါ။ အသက်စွန့်သွားရတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ မိသားစုကို နိုင်ငံသားအဖြစ် ရဲရဲကြီးပေးပါ။ သူတို့ အသက်တောင် စွန့်ပြပြီးပါပြီ။ ဒါမှလည်း သစ္စာရှိမှုဟာ အကျိုးကျေးဇူး ရှိတယ်လို့ ခံစားရရုံမက အစ္စလာမ်ကို ဖိနှိပ်တယ်ဆိုတဲ့ စွပ်စွဲချက် ပျက်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ The Voice Daily က ဆောင်းပါးမှာ အကျယ်တဝင့် ရေးထားပါတယ်။ မိတ်ဆွေကြီး ကိုသန့်ဇင်ဆိုတဲ့သူ တစ်ဦးကတော့ ပြောပါတယ်။ ဥရောပမှာ အကြမ်းဖက်သမားတွေကို အစ္စလာမ် အကြမ်းဖက်သမားလို့ တွဲသုံးခဲ့တယ်ဆိုတဲ့အကြောင်းပါ။ ဘာသာရေးနဲ့ အကြမ်းဖက်သမားတွေကို ခွဲလိုက်တာပါ။ ဗြိတိန်ကတော့ သူရဲ့များပြားတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ငြိမ်ဝပ်အောင်လုပ်ဖို့၊ အစ္စလာမ် ဘာသာဝင်တွေကို စာနာကြောင်း မြန်မာပြည်မှာ လာပြနေကြတာပါလို့ ယူဆပါတယ်။

၅။ ဘင်္ဂါလီ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ၊ ဓား၊ လှံကိုင် ဘင်္ဂါလီသစ္စာရှိ လုံခြုံရေးအဖွဲ့ ဖွဲ့ပေးပါ။ ယခု ဘင်္ဂါလီအကြမ်းဖက်မူဟာ နိုင်ငံရေး မကျေနပ်မှု မဟုတ်ဘဲ အကြမ်းဖက်မှုဆိုတာ ကမ္ဘာ့သိအောင် ထိုးဖောက်ပါ။ အဲဒါကို ပြန်ကြားရေး ဝန်ကြီးဌာနကနေ မီဒီယာအားလုံးကို ရှေ့ဆောင်ရှေ့ရွက်ပြပါ။ အားပေးတိုက်တွန်းပါ။ ကိုယ်ကိုယ်တိုင်လည်း ထိုးဖောက်ပါ။

၆။ အဆုံးကတော့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကို မြန်မာနိုင်ငံ အစိုးရအဖွဲ့ကနေ သက်သေ အထောက်အထား စုံလင်စွာနဲ့ ရှင်းလင်းပြောကြားစေလိုပါတယ်။

၇။ ဗြိတိန်ဝန်ကြီးချုပ် ဒေါ်မေဟာ ဥရောပသမဂ္ဂကလည်း ထွက်လိုက်ပြီဖြစ်လို့ သမိုင်းအစဉ်အလာအရ အမေရိကန်က No ဆိုရင် သူမက Yes လုပ်မှာ မဟုတ်တော့ပါဘူး။

၈။ မြန်မာနိုင်ငံသား အချင်းချင်း အပြန်အလှန် စွပ်စွဲ/ရှုတ်ချ အပြစ်ပြောတာတွေ မလုပ်ကြစေလိုတော့ပါ။ သံသယနဲ့ လက်ညှိုးထိုးတာတွေဟာ အမုန်းကိုသာ ပွားစေပါတယ်။ ယခု ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရပ်တည်ချက်ဟာ အမျိုးသားရေးဖြစ်လို့ ဝိုင်းဝန်းရပ်ပေးကြပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “အမျိုးသားရေး ဟေ့”လို့ ကြွေးကြော်လိုက်ပါ။ စုစည်းတဲ့ ထင်းစည်းကြီး ဖြစ်သွားပါလိမ့်မယ်။

ဒေါက်တာအောင်မျိုး

===========

The Voice

http://thevoicemyanmar.com/opinion/12073-klt
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.