လက်နက်အစစ်တွေနဲ့ တောင်ကိုရီးယား စစ်ရေးကျင့်



အရှေ့ဘက်ကမ်းလွန်ကို ဦးတည်ပြီး ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဓာတ်ပုံတွေကို တနင်္လာနေ့မှာ တောင်ကိုရီးယား ထုတ်ပြန်
မြောက်ကိုရီးယားရဲ့ နျူကလီးယားစခန်းကို တိုက်ခိုက်တဲ့ ပုံစံတူ လေ့ကျင့်ပြင်ဆင်မှု တခုကို တောင်ကိုရီးယားက ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် စစ်လက်နက် စမ်းသပ်မှုကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယား စစ်တပ်ရဲ့ ကြေညာချက်မှာ မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှု လုပ်ခဲ့တဲ့ ဖန်ဂျီယီ စခန်းကို ပစ်မှတ်ထားပြီး ပုံစံတူ လေ့ကျင့်ခဲ့တယ်လို့ ဆိုထားပါတယ်။

တောင်ကိုရီးယားမှာ နျူကလီးယား လက်နက်မရှိတဲ့ အတွက် ဒီ စစ်ရေးပြ ပြင်ဆင်မှုတွေမှာ ထုံးတမ်းစဉ်လာ လက်နက်တွေပဲ ပါဝင်ပါတယ်။

ဆိုးလ်မြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင် ၄၀ (၆၅ ကီလိုမီတာ ) အကွာရှိ ဖူချန်မှာ ပြုလုပ်တဲ့ လက်နက် အစစ်တွေနဲ့ သရုပ်ပြ စစ်ရေးလေ့ကျင့်ခန်းမှာ ဂျက်တိုက်လေယာဉ်ပျံတွေက ဒုံးကျည်တွေ ပစ်လွှတ်တာ ပါဝင်သလို မြေပြင်ကနေ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်တာလည်း ပါဝင်ပါတယ်။

ပြုံယမ်းအစိုးရက အမေရိကန် ဒါမှမဟုတ် အမေရိကန်ရဲ့ မဟာမိတ်တွေကို ခြိမ်းခြောက် ရန်ပြုတာ တခုခု လုပ်ခဲ့ရင် စစ်ရေးအရ ကြောက်ခမန်းလိလိ တုံ့ပြန်တာ ခံရမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က သတိပေးအပြီးမှာ အခုလို တောင်ကိုရီးယားက စစ်ရေးပြင်ဆင်တာတွေ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

 တောင်ကိုရီးယားထုတ် ဟန်မူးအမည်နဲ့ မြေပြင်-မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့
တာဝေးပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတလုံးကို စမ်းသပ်ဖောက်ခွဲခဲ့တယ်လို့ မြောက်ကိုရီးယားဘက်က ကြေညာထားတာပါ။ ပြုံယမ်းအစိုးရဟာ ကုလသမဂ္ဂရဲ့ အရေးယူမှုနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကို အကြိမ်ကြိမ် အာခံပြီး နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တာတွေကို ပြုလုပ်နေပြီး တင်းမာမှုတွေ အရှိန်မြှင့်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ လ အတွင်းမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်တာ ၂ ခါ ပြုလုပ်ခဲ့ပြီး ၁ ကြိမ်က ဂျပန် ပိုင်နက် ပင်မ နယ်မြေထဲကို ဖြတ်ပြီး ပစ္စဖိတ်သမုဒ္ဒရာထဲကို ပစ်လွှတ်ခဲ့တာပါ။ ဒါ့အပြင် အမေရိကန်ပိုင် ပစ္စဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းကိုလည်း ဒုံးကျည်တွေ ပစ်လွှတ်မယ် ဆိုပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားအပေါ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာ အတွက် အရေးပေါ် အစည်းအဝေး ဒီနေ့ တနင်္လာနေ့မှာ ကျင်းပဖို့ ရှိပါတယ်။

ဒီ အစည်းအဝေး မတိုင်မီ မြောက်ကိုရီးအပေါ် ကုလသမဂ္ဂက ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်နိုင်ရေး ဖိအားပေးဖို့ တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင် နှစ်ဖက်ကြား သဘောတူညီခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတနန်းတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

သြဂုတ်လက ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ အရေးယူမှာတော့ မြောက်ကိုရီးယားရဲ့ ပြည်ပ ပို့ကုန်တွေကို ပစ်မှတ်ထား ပိတ်ဆို့ခဲ့ပါတယ်။

 မြောက်ကိုရီးယားအစိုးရ ထုတ်ပြန်ချက်မှာ ကင်ဂျုံအွန်းက စစ်ဆေးကြည့်ရှုနေတာက ဟိုက်ဒရိုဂျင်ဗုံးလို့ ဆို
မြောက်ကိုရီးယားက နျူကလီးယား အတောမစ်ဗုံးထက် ပိုပြင်းထန်တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ပြီလို့ ကြေညာခဲ့တာ အပေါ် သတိထား ကိုင်တွယ် ရမှာ ဖြစ်ပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီယားစွမ်းရည်တွေ တိုးတက်လာနေတာကတော့ ထင်ရှားတယ်လို့ မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.