ကင်ဂျုံအွန်းက စစ်ပွဲကိုတောင်းဆိုနေလို့ အမေရိကန်ဆို



 မြောက်ကိုရီးယားအစိုးရ ထုတ်ပြန်ချက်မှာ ကင်ဂျုံအွန်းက စစ်ဆေးကြည့်ရှုနေတာက ဟိုက်ဒရိုဂျင်ဗုံးလို့ ဆို
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အခု နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်အား အပြင်းဆုံး နျူကလီးယားဗုံး စမ်းသပ်မှုနဲ့အတူ စစ်ပွဲကို ဖိတ်ခေါ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

အမေရိကန်အနေနဲ့ စစ်ကို အလိုမရှိပေမယ့် သူတို့ရဲ့ စိတ်ရှည်သည်းခံနိုင်မှုက အတိုင်းအတာရှိတယ်လို့လည်း နယူးယောက်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပေါ် အစည်းအဝေးမှာ အမေရိကန် ကိုယ်စားလှယ် နီကီဟေလီက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂရဲ့ အရေးယူမှုတွေ တင်းကျပ်နိုင်ဖို့ အတွက် အမေရိကန် ဦးဆောင်ပြီး သိမ်မကြာခင်မှာ အစည်းအဝေးခေါ်ဖို့လည်း ရှိပါတယ်။

အပြင်းထန်ဆုံး အရေးယူနိုင်မှသာ မြောက်ကိုရီးယားကို သံတမန်နည်းလမ်းနဲ့ ပြဿနာ ဖြေရှင်းဖို့ တွန်းအားပေးနိုင်မယ်လို့ မစ္စဟေလီက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် တရုတ်ကတော့ တွေ့ဆုံဆွေးနွေးရေးဆီ ပြန်ဦးလှည့်ဖို့ နှစ်ဖက်စလုံးကို တောင်းဆိုထားပြီး ဆွစ်ဇာလန်ကတော့ သူတို့အနေနဲ့ ကြားခံ စေ့စပ် ညှိနှိုင်းပေးဖို့ အသင့်ရှိတယ်လို့ အဆိုပြုထားပါတယ်။

 လုံခြုံရေးကောင်စီရဲ့ သြဂုတ်လ နောက်ဆုံးအရေးယူမှုမှာ မြောက်ကိုရီးယားရဲ့ ပြည်ပပို့ကုန်တွေကို ပစ်မှတ်ထားခဲ့
ဂျာမန်အဓိပတိ အဲန်ဂလာမာခဲလ်ကလည်း ဥရောပသမဂ္ဂအနေနဲ့ မြောက်ကိုရီးယား အပေါ် အရေးယူပိတ်ဆို့မှုတွေ တိုးလုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းက တဆင့် ဆက်သွယ် ပြောဆို သဘောတူထားပါတယ်။

ဂျပန်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင် လည်ပတ်နေသူ သူတို့ရဲ့ နိုင်ငံသား ၆၀,ဝ၀ဝ လောက်ကို ကိုရီးယားစစ်ပွဲဖြစ်လာရင် ဖယ်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ နီကီအေးရှန်းရီဗျူး သတင်းစာက ဆိုပါတယ်။

ဒီလို အနေအထားမှာ တောင်ကိုရီးယား ရေတပ်ကလည်း လက်နက်အစစ်တွေ အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အင်္ဂါနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားက ရန်ပြုလာရင် တောင်ကိုရီးယားအနေနဲ့ ချင်ချင်း တုံ့ပြန် တိုက်ခိုက်မှာ ဖြစ်ပြီး မြောက်ကိုရီးယားတွေကို ပင်လယ်ရေအောက် နှစ်မြှုပ်ပစ်မယ်လို့ ဆိုကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်မှာ ရေးသားထားပါတယ်။

အရင်နေ့ကလည်း တောင်ကိုရီးယားတပ်တွေက မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်တဲ့ စခန်းတခုကို ပုံစံတူ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်တာတွေ ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်ကလည်း နောက်ထပ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်နိုင်ဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မြေအောက်မှာ စမ်းသပ် ဖောက်ခွဲခဲ့တဲ့ မြောက်ကိုရီးယား ဗုံးရဲ့ ပြင်းအားက ၅၀ ကီလိုတန် ကနေ ၁၂၀ ကီလိုတန်ကြား အထိ ရှိနိုင်တယ်လို့ ယူဆရပါတယ်။ ၅၀ ကီလိုတန် ဗုံးပြင်းအား ဆိုရင်ကို ဒါဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ၁၉၄၅ ခုနှစ် က အမေရိကန်ကြဲချခဲ့တဲ့ ဗုံး အရွယ်အစားထက် ၃ ဆ ကြီးပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.