ဂျီနိုဆိုက် .. ရိုဟင်ဂျာအရေးနဲ့ သတင်းထောက်အတွေး


This an image of Bengali people (Who call themselves Rohingya)burning their own huts down in Maungdaw Rakhine State and running away to the country of Bangladesh, while accusing the Myanmar army of burning their villages down.
Genocide ဂျီနိုဆိုက် (လူမျိုးတုန်းသတ်ဖြတ်မှု) ဆိုပြီးပြောကြလွန်းလို့... ကြည့်လဲပြောကြပါဦးဗျာ ဟုတ်ပမလားလို့ကျနော်ဆန်းစစ်မေးခွန်းထုတ်ကြည့်ဘူးတယ် ..

ဒီအသုံးအနှုန်းကို ရာဝန်ဒါ Rwanda မှာဖြစ်ခဲ့တာတွေအတွက်ရည်ညွှန်းသတ်မှတ်ဘို့သင့်မသင့် ကုလသမဂ္ဂမှာတောင်ငြင်းခဲ့ခုန်ခဲ့ရသေးတာကိုကြားဘူးလို့ပါ ..
အဲဒီတော့ ဗမာပြည်မှာ Rohingya Genocide ဖြစ်နေပြီပြောကြတော့ ကျနော်လဲမျက်လုံးပြူးမျက်ဆံပြူး..

ဒုက္ခပါဘဲ အဲလောက်တောင် (Genocide လို့သတ်မှတ်လို့ရအောင်တောင်) သတ်ဖြတ်နေပြီဆိုရင်တော့ ဘယ်ကောင်းမလဲ မြန်မာပြည်ရာဇဝင်တော့ရိုင်းပါပြီ..ပြောကြစမ်းပါဦး.. လူဘယ်နှစ်ထောင် လူဘယ်နှစ်သောင်းသေပြီလဲ .. ဘာကြောင့်များအဲ့လောက်သတ်ရတာလဲ .. ဘယ်မှာလဲ ကိုယ်တိုင်မြင်ရဲ့လား သေချာရဲ့လားဗျာပေါ့ .. သတင်းထောက်ပီပီမေးရမြန်းရပါတော့တယ် ..

အဲဒီမှာ ရိုဟင်ဂျာအရေးဆောင်ရွက်ပေးနေတဲ့ပညာရှင်တဦးကကျနော့်ကိုအခုလိုရှင်းပြတယ်ခင်ဗျ..

၁- Genocide ဆိုတာ မျိုးတုန်းအောင်ထောင်သောင်းချီသတ်ဖြတ်မှ Genocide လို့ခေါ်သည်မဟုတ်

၂- မျိုးပြုန်းသွားအောင် စံနစ်တကျအမှည့်ချွေပြီး တစတစပျောက်ကွယ်သွားအောင်လုပ်တာဟာလဲ Genocide ပါဘဲတဲ့ ..

၃- ဆိုလိုတဲ့သဘောက ဘူးသီးတောင် မောင်းတောဘက်က ရိုဟင်ဂျာတွေကို နာမည်တောင်အသိအမှတ်မပြုတာ.. ဖိနှိပ်ချိုးနှိမ်ပြီး စီးပွါးချို့တဲ့ ပညာမတတ် ဘယ်မှသွားလို့မရအောင်လုပ်ထားတာတွေဟာ Genocide ပါတဲ့ .. မသတ်ရဘဲလူမျိုးတုန်းသွားတာပေါ့ (အဓိပ္ပါယ်ဖြည့်စွက်ဖွင့်ဆိုချက်အသစ်လို့ပြောရပါလိမ့်မယ်)

၎- ဒါကြောင့် ဒီလို Genocide မျိုးမဖြစ်အောင် ကနဦးညွှန်းပြချက်နိမိတ် (early warning signs) တွေကိုတွေ့တာနဲ့ နိုင်ငံတကာကိုအသိပေးပြီးဝိုင်းပြီးတားဆီးဘို့လုပ်ကြရမယ်တဲ့ ...

၅- နိုင်ငံတကာနဲ့ လူ့အခွင့်အရေးသမားတွေအပြင် ခင်ဗျားတို့မီဒီယာတွေမှာလဲတာဝန်ရှိပါသတဲ့ ..

ကျနော့်မှာတော့ ဒီရှင်းလင်းချက်ကြီးနဲ့ တာဝန်ကြီးကိုပါကြားလိုက်တော့ ခေါင်းနဘန်းတွေကြီး .. အတွေးတွေလဲချာချာလည်... ကိုယ်တိုင်ကလဲ လူမှုသိပ္ပံပညာရှင် လူ့သမိုင်းပညာရှင်လဲ မဟုတ်လေတော့ ကျနော့်မှာရှိသမျှဗဟုသုတ ဖတ်ဘူးသမျှ ကြားဘူးနားဝလေးနဲ့ ရိုဟင်ဂျာသမိုင်းကြောင်းကိုဝင်မငြင်းလိုပါဘူး ..

သတင်းထောက်တယောက်အဖြစ် မြင်သမျှ သိခဲ့သမျှကိုတော့ ချရေးကြည့်ပါရစေ .. အမြင်မတူလဲ ဘယ်တတ်နိုင်မလဲပေါ့...

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်ကြတဲ့ (အခေါ်ခံချင်တဲ့) မနည်းလှတဲ့ (သန်းနဲ့ချီတဲ့) လူစုကြီးတခု ရခိုင်ပြည်မြောက်ဖျား ဘူးသီးတောင် မောင်းတောဘက်မှာ ရှိနေတယ်ဆိုတာကိုကျနော်သိတယ် .. ရခိုင်ဒေသအဲဒီဘက်ကိုရော ဘင်္ဂလားဒေ့ရှ်ဘက်ကဒုက္ခသည်စခန်းတွေဆီပါ ကိုယ်တိုင်ရောက်ဘူး လေ့လာဘူးတယ် .. သူတို့ရဲ့နာမည် သူတို့ရဲ့အခွင့်အရေးဆိုတာတွေကိုလဲ ကျနော်ခပ်ရှင်းရှင်းဘဲ အသိအမှတ်ပြုတယ် ..

ဒီလူတွေကို ရိုဟင်ဂျာလို့ခေါ်လိုက်လို့ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုလိုက်သလိုဖြစ်သွားပြီး နယ်မြေပိုင်နက်တွေပေးရတော့မယ် တနွယ်ငင်တစင်ပါဆုံးရှုံးသွားရတော့မယ်လို့ပြောနေကြတာတွေကိုတော့ကျနော်နားမလယ်ဘူး .. တိုင်းရင်းသားဖြစ်ဘို့နေနေသာသာ နိုင်ငံသားဖြစ်ဘို့တောင် (၁၉၈၂ နိုင်ငံသားဥပဒေအရဆိုယင်) သူတို့အများစုအတွက်မလွယ်လှပါဘူး .. နိုင်ငံသားမဟုတ်တော့ အသွားအလာတွေကန့်သတ်ခံရ ပညာရေး စီးပွါးရေး ကျန်းမာရေးနဲ့ အခွင့်အရေးတွေဆုံးရှုံးရနဲ့ ဟိုမရောက်သည်မရောက်နိုင်ငံမဲ့တွေလို့ဘဲမြင်တယ်..

အဲဒီအခြေအနေတွေကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်ဖက်မီဒီယာတွေကအလေးပေးပြောနေကြတာလဲမဆန်းပါဘူး .. အဲဒီိမှာ ရိုဟင်ဂျာလော်ဘီိတွေ ပညာရှင်တွေ advocates တွေကလဲ အစောကပြောခဲ့တဲ့ Genocide တို့ early warning signs တို့အထိဇာချဲ့လာကြတော့တာပါဘဲ ..

သူတို့မေ့နေတာက တပါတီအာဏာရှင်ခေတ်နဲ့ စစ်အစိုးရအဆက်ဆက်ခေတ်လက်ထက်မှာအဲဒီရိုဟင်ဂျာတွေတင်မက ဒေသတွင်းကရခိုင်တိုင်းရင်းသားတွေရော တနိုင်ငံလုံးပါ ဖိနှိပ်မှုအောက်နဲ့ဆင်းရဲတွင်းနက်ခဲ့ကြ အလားတူခံစားခဲ့ကြရတယ်ဆိုတာဘဲ .. အဲဒီဖိနှိပ်မှုအောက်မှာ အသိုင်းအဝိုင်း၂ခုကြားတဖက်နဲ့တဖက်အပြစ်တွေပိုမြင် ပိုပြီးအမုန်းပွါးလာကြတာ..

လူဦးရေတိုးသထက်တိုးလာတဲ့ မူဆလင်တွေကြောင့် တောင်ဖက်ခြမ်းကိုဆုတ်ပြီးရင်းဆုတ်ပေးနေရလို့ ရွာတွေပျောက်ဒေါသတွေထွက်နေတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေအဖို့ ယဉ်ကျေးမှုမတူတဲ့ဘာသာ၂ခုအကြားမှာ အမျိုးဘာသာကိုစောင့်ရှောက်ဘို့ဆိုတာဦးစားပေးဖြစ်လာသလို ဆင်းရဲမွဲတေမှုနဲ့ လူမှုဒုက္ခမှန်သမျှကိုလဲ ဒီလူတွေကြောင့်ဆိုတဲ့အတွေးပေါက်လာကြတာဖြစ်နိုင်ပါတယ်.. စစ်အာဏာရှင်တွေအတွက်ကတော့ အသိုင်းအဝိုင်း၂ခုအကွဲဟာပိုပြီးဖိနှိပ်ထားဘို့လွယ်စရာအထောက်အကူပေါ့..

၁၉၉၅ နောက်ပိုင်း ဘင်္ဂလားဒေရှ်ဒုက္ခသည်စခန်းတွေကပြန်လာပြီး ဒေသတွင်းမှာနေရာချထားပေးရတဲ့ရိုဟင်ဂျာတွေ(မူဆလင်)တွေကို နိုင်ငံတကာအကူညီပေးအဖွဲ့အစည်းတွေကအကူအညီတွေတဖြုတ်ဖြုတ်လာပေးနေတော့ ဒေသတွင်းအလားတူဆင်းရဲတဲ့ရခိုင်တွေကိုပိုပြီးဆွပေးသလိုပါဘဲ.. ရေတွင်းတူးတာတောင် ကုလားရွာတွေမှာဘဲသူတို့ကတူးပေးတာဗျလို့ ရခိုင်တယောက်ကကျနော့်ကိုပြောဘူးတယ် .. အဲဒီအချိန်က ကုသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေမှာ ပြည်တော်ပြန်ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားဘို့ ကူညီဘို့ဆိုတဲ့ mandate တာဝန်သတ်မှတ်ချက်ဘဲရှိတယ် .. ဒါကိုမသိကြတော့ ရခိုင်တွေက UN နဲ့ အဖြူတွေ INGO တွေကိုအပြစ်မြင်ကြပြန်ပါလေရော (ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်စုအစိုးရခေတ်ရောက်မှ ဒေသတွင်းဖွံ့ဖြိုးမှုနဲ့ အကူအညီတွေကို တန်းတူပေးသင့်တယ်ဆိုတဲ့တိုက်တွန်းချက်တွေထွက်လာတာပါ)..

တငွေ့ငွေ့လောင်နေတဲ့အသိုင်းအဝိုင်း၂ခုကြားအမုန်းတရားတွေဟာ ၂၀၁၂ မသီတာထွေးအဓမ္မကျင့်အသတ်ခံရမှုမှာပေါက်ကွဲပါတော့တယ် .. မှတ်မှတ်ရရပြောရယင် ဒီသတင်းကိုအစိုးရပြန်ကြားရေးကထုတ်ပြန်ခဲ့ချိန်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူမသီတာထွေး (ရခိုင် ဗုဒ္ဓဘာသာ) ကျူးလွန်သူ .... (ဘင်္ဂလီ မူဆလင်) စသည်ဖြင့် လူမျိုး ဘာသာတွေကိုပါ ကွင်းစကွင်းပိတ်နဲ့ထည့်ပြီး အထူးပြုသတင်းရေးတော့ သတင်းမီဒီယာသမားတယောက်အနေနဲ့ ရာဇဝတ်မှု့သတင်းမှာ ဒီလိုလူမျိုးဘာသာကိုတမင်တကာသိပ်ပြီးဦးစားပေးရေးတာဟာ ကျင့်ဝတ်မညီဘူးလို့ ကျနော်ဝေဖန်ခဲ့ဘူးပါတယ် (အဲလိုရေးခဲ့ရတဲ့ရည်ရွယ်ရင်းကိုတော့ ပြန်ကြားရေးကတာဝန်ခံတွေဘဲသိပါလိမ့်မယ်) ..

ဒီနောက်ပိုင်းဖြစ်လာတဲ့ လက်စားချေတိုက်ခိုက်မှုတွေ.. မူဆလင် ဗုဒ္ဓဘာသာအဓိကရုန်းတွေနဲ့အတူ မဘသ အမျိုးဘာသာသာသနာ ၉၆၉ လှုပ်ရှားမှုစတာတွေဟာနိုင်ငံတကာမှာ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်မှုအဖြစ် ရေးလောက်စရာသတင်းတွေဖြစ်လာခဲ့တယ် ..

ဒေါ်စုဦးဆောင်တဲ့အစိုးရလက်ထက်မှာတော့ ဒီိကိစ္စအပေါ်အခြေခံကိုင်တွယ်မှုမှန်သလိုရှိခဲ့တယ် ..

အသိုင်းအဝိုင်း၂ခုအကြားအမုန်းပွါးနေတာကိုအရင်လျော့သွားအောင်လုပ်ရမယ်.. ငြိမ်းချမ်းရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ရမယ်ဆိုတဲ့အခြေခံမူပါ .. ၂ ဖက်စလုံးမကြိုက်တဲ့ ရိုဟင်ဂျာ ဘင်္ဂလီစတဲ့အခေါ်အဝေါ်တွေမသုံးဘဲ ရခိုင်ပြည်မှာရှိတဲ့ မူဆလင်အသိုင်းအဝိုင်းနဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းလို့ ဒေါ်စုကသုံးတဲ့အပြင် နိုင်ငံတကာ ကုလသမဂ္ဂနဲ့သံတမာန်တွေကိုပါ အလားတူဘဲသုံးကြပါလို့သူကမေတ္တာရပ်ခံတယ် .. အတော်များများကလိုက်နာပေးခဲ့ကြပေမဲ့ ရိုဟင်ဂျာကို နာမည်ခေါ်ပေးလောက်အောင်တောင်မရပ်တည်ပေးခဲ့တဲ့အတွက် လူ့အခွင့်အရေးသမားတွေအကြား ဒေါ်စုကိုတချီတည်းစိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြတယ် .. ရွေးကောက်ပွဲမှာ လူအများကြိုက် နိုင်ငံရေးတွက် တွက်ပြီး NLD မှာမူဆလင်ကိုယ်စားလယ်တွေ (သူ့အမိန့်နဲ့) မထဲ့ခဲ့တဲ့အတွက်လဲ ရိုဟင်ဂျာမူဆလင်တွေက ဒေါ်စုဟာသူတို့ကိုလုံးဝပစ်ပယ်လိုက်ပြီလို့ယူဆစရာဖြစ်ခဲ့တယ် .. ရခိုင်ဒေသတွင်း ရိုဟင်ဂျာ ရခိုင်ပတိပက္ခကို မူဆလင် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းပတိပက္ခလို့ရည်ညွှန်းတာကြောင့် နိုင်ငံတကာမှာ အမြင်လွဲပြီး မြန်မာနိုင်ငံက ဗုဒ္ဓဘာသာလူများစုကြီး (၈၀%) နဲ့ အနဲစုမူဆလင် (၁၀%) ပြသနာတွေဖြစ်နေပြီ .. အနဲစုဟာဖိနှိပ်ခံနေရပါပြီလို့ပြောစရာတွေဖြစ်လာတယ် .. မဘသတွေထကြွလာမှုကလဲပိုလာတယ်..

ဒေါ်စုအစိုးရဦးတည်ချက်ဖြစ်တဲ့ အသိုင်းအဝိုင်း၂ခုကြားမုန်းတီးမှုလျော့ပါးရေး ဆိုတာ မအောင်မြင်တော့တဲ့အပြင် အပြင်ဘက်မှာရောက်နေတဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့ ဆူညံဝေဖန်သံတွေကြောင့်ပြဿနာပိုဆိုးလာတယ်.. အထူးသဖြင့် Genocide လူမျိုးတုန်းသတ်ဖြတ်မှု့ဆိုတဲ့စွပ်စွဲချက်ကြောင့်ပါ ..

Genocide ဆိုတာကိုဘယ်လိုဘဲအဓိပ္ပါယ်ဖွင့်ဖွင့် .. (ဒီလိုအဖြစ်ဆိုးမဖြစ်ရေးကြိုတင်ကာကွယ်ရအောင် တင်ကြိုနိမိတ်တွေရှိတာနဲ့အော်ဆိုတဲ့) ဘယ်လိုဘဲစေတနာတွေထားထား... Genocide ဆိုတာကို "လူမျိုးတုန်းသတ်ဖြတ်မှုလို့ဘဲ" မြန်မာလိုပြန်ကြပါတယ် .. လူအများစုကလဲ ဒါဟာ အစုလိုက်သတ်ဖြတ်မှုကြီးတွေကိုပြောတာလို့ဘဲနားလည်ကြတယ် .. အဲဒီတော့ နိုင်ငံတကာမှာ နိုင်ငံတကာမီိဒီယာတွေမှာ Rohingya Genocide လို့ အော်ကြဟစ်ကြဆော်သြသတိပေးနေကြတဲ့ရလာဒ်ကတော့ ..

ဒေသတွင်းမှာ ဒေသခံ အရိုးခံ ရိုဟင်ဂျာမူဆလင်တွေကိုယ်တိုင်က သူတို့ကို ဗုဒ္ဓဘာသာဝင်တွေ ရခိုင်တွေကအမျိုးဖြုတ်နေကြပြီလို့အမှတ်မှားလာကြတယ်..

ဒေသတွင်းသာမန်အရပ်သားရခိုင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ သူတို့လဲမကျူးလွန်ရပါဘဲနဲ့ မျိုးဖြုတ်လူသတ်ကောင်တွေအဖြစ် ကမ္ဘာကမြင်အောင် နယ်လှည့်လိမ်ညာနေတယ်ဆိုပြီးရိုဟင်ဂျာတွေကိုပိုမုန်းလာတယ် ..

ဒေသခံရိုဟင်ဂျာနဲ့မူဆလင်တွေက သူတို့မျိုးဖြုတ်ခံနေရပါပြီလို့အမှတ်မှားလာမှု သံသယကြီးလာမှုတွေဟာ Arakan Rohingya Salvation Army လို ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့တွေကိုပေါ်လာစေတယ်.. ရဲစခန်းတွေဝင်စီးမှု ဒေသခံရခိုင်နဲ့ တိုင်းရင်းသားတွေကိုသတ်ဖြတ်မှုတွေဖြစ်လာစေတယ်.. ရရာလက်နက်စွဲကိုင်ပြီး ဒေသတွင်းသူပုန်ထမှုလို့တောင်ပြောလို့ရတယ် ..

ဥပဒေစိုးမိုးရေးအတွက်ရဲနဲ့စစ်တပ်က စစ်ဆင်ရေးတွေလုပ်လာတဲ့အခါမှာ သူပုန်ထသူတွေသေ .. အရပ်သားတွေသေ .. အဖမ်းဆီးတွေခံရ .. လိုအပ်တာထက်လက်လွန်တာတွေဖြစ်တဲ့နေရာဖြစ် ..နဂိုကမှ မျိုးဖြုတ်ခံနေရပြီဆိုတဲ့သတင်းနဲ့ကြောက်လန့်နေတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလီမူဆလင်တွေ နယ်စပ်ကျော်ပြီးအစုလိုက်အပြုံလိုက် (သိန်းချီပြီး) ထွက်ပြေး .. မူဆလင်နိုင်ငံတွေကရှုံချ.. ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စိုးရိမ်ကြောင်းတွေထုတ်ဖေါ် .. ဒုက္ခသည်တွေကို အကူအညိီပေးဘို့ပြင် .. မြင်မကောင်းရှု့မကောင်းဓါတ်ပုံတွေကပလူပျံ .. နိုင်ငံတကာကသတင်းတွေမှာ "မြန်မာအစိုးရရဲ့နှိပ်ကွပ်မှုကြောင့် လူနဲစုရိုဟင်ဂျာမူဆလင်တွေနိုင်ငံထဲကထွက်ပြေး" လို့သတင်းတွေပြူးတူးပြဲတဲ ...

ပြည်တွင်းမှာလဲလူအများစုကဒေါသတွေထွက် ကျနော်တို့အပါအဝင် ပြည်ပသတင်းဌါနတွေကိုဆဲ .. ပြည်ပမှာရှိတဲ့ ရိုဟင်ဂျာလော်ဘီတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ နီးစပ်တဲ့နိုင်ငံရေးသမားတွေကလဲ ကျနော်တို့ကိုဝေဖန် ..

ရိုဟင်ဂျာအရေးကမုန့်လုံးစက္ကူကပ်ပါခင်ဗျာ.. နာမည်တပ်ခေါ်ခွင့်မခေါ်ခွင့် .. Genocide ရဲ့အဓိပ္ပါယ် ... သတင်းသမားတို့ရဲ့တာဝန် ..??????
(သန်းလွင်ထွန်း)
၅ စက်တင်ဘာ ၂၀၁၇

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,60,culture,1,documentary,7,Entertainment,5,health,30,history,2,international,6906,interview,211,knowledge,7,Live,8,LocalNews,14980,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ဂျီနိုဆိုက် .. ရိုဟင်ဂျာအရေးနဲ့ သတင်းထောက်အတွေး
ဂျီနိုဆိုက် .. ရိုဟင်ဂျာအရေးနဲ့ သတင်းထောက်အတွေး
https://3.bp.blogspot.com/-0XiBjTMiveo/WbAeiHkIjLI/AAAAAAAAdPw/FbAonUEUATMk2c_TRUOKVs5zhXap4GLnACLcBGAs/s1600/q5.jpg
https://3.bp.blogspot.com/-0XiBjTMiveo/WbAeiHkIjLI/AAAAAAAAdPw/FbAonUEUATMk2c_TRUOKVs5zhXap4GLnACLcBGAs/s72-c/q5.jpg
dawnmanhon
http://www.dawnmanhon.com/2017/09/blog-post_859.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/09/blog-post_859.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy