ဖုံးထားတာတွေပေါ်လာသောရက်သတ္တပတ် သရ၀ဏ်(ပြည်)

No smoke without fire ဆိုသလိုပဲ ၀မရှိပဲဝိမဖြစ် ၊ မီးမရှိပဲ မီးခိုးမထွက် ဆိုသလိုပဲ အကြောင်းရှိလို့အကျိုးဖြစ်လာတာတွေအများကြီးတွေ့ ရတဲ့ရက်သတ္တပတ်ပါပဲ ။ မီးခိုးထွက်တဲ့ကိစ္စဆိုတော့ ကန်တော်ကြီးဟိုတယ်မီးလောင်တာလည်း ပါတာပေါ့ ။ အဲဒိဟိုတယ်ကလဲ ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမန်းသိဆိုသလိုပဲ မီးမလောင်ခင်က နိုင်ငံပိုင်လိုလို ၊ ဖက်စပ်လိုလို သိထားကြရာက မီးလောင်လို့ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ကာမှ ဟိုတယ်ဟာနိုင်ငံတော်ပိုင်မဟုတ်တော့ဘူးတဲ့ ၊ ဦးတေဇပိုင်သွားတာ ၁၂ နှစ်လောက်ရှိပြီဆိုတာ တအံ့တသြသိကြရတယ် ။

မီးလောင်ကာမှထွက်ပေါ်လာသောအမှန်တရားပေါ့ ။ အရင်ကတော့ အဲဒိဟိုတယ်ဟာ နိုင်ငံပိုင်ဟိုတယ်ပါ ။ မူလအစကဟိုတယ်မဟုတ်ပါဘူး ။ ၁၉၃၄ မှာတည်ဆောက်ခဲ့တဲ့ Boat Club လို့ခေါ်တဲ့ Rangoon Rowing Club ကန်တော်ကြီး ရွက်လှေအသင်းတိုက်ပါ။ အဲဒိကမှဂျပန်ခေတ်မှာ ဂျပန်တွေကသိမ်းပြီး သက်သာချောင်ချိရေး ဌာန အဖြစ်အသုံးချခဲ့ပါတယ် ။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာစမှာတော့၁၉၄၈ မှာ National Biological ပြတိုက် ဖြစ်သွားပါတယ်။၁၉၇၉ မှာတော့ အသွင်ပြောင်းပြီးနိုင်ငံတော်က ဟိုတယ်အသွင်ပြောင်းခဲ့တာပါ ။ အဲဒိတုန်းကတော့ Tourist Burma လို့ခေါ်တဲ့ မြန်မာ့ခရီးသွား လုပ်ငန်းပိုင်တဲ့ဟိုတယ်ပေါ့ ။ ပထမတော့ ဟိုတယ်သင်တန်းကျောင်းအသွင်ပါပဲ ။ နောက်မှဘန်ဂလို ၁၀ လုံးနဲ့စပြီးဟိုတယ်ဖြစ်ပါတယ် ။၁၉၉၃ မှာတော့ ရေကန်စပ်မှာအခန်းတွေဆောက်လာခဲ့ပါတယ် ။ ဘိုက်ယောက်ဟိုတယ်Group ၀င်လာပြီးတဲ့အခါ အခုလက်ရှိမီးလောင်တဲ့ဘက်မှာ ဟိုတယ်အဆောင်အသစ်တွေပေါ်ပေါက်လာပါတော့တယ် ။ ဟိုတယ်ဗိသုကာကလဲ ထိုင်းကလူတွေဆောက်တာမို့  မြန်မာဆန်တာထက် ယိုးဒယား လက်ရာပိုပြီးဆန်နေပါတယ် ။ တိုးရစ်ဂိုဒ်စာမေးပွဲဖြေတုန်းကတောင် နိုင်ငံပိုင်ဟိုတယ်များကိုဖော်ပြပါဆိုတဲ့မေးခွန်းပါလာလို့  ကန်တော်ကြီးဟိုတယ် လို့ထည့်ဖြေခဲ့ဖူးတာသတိရမိပါတယ် ။ နောက်တော့ ၈၈ အရေးအခင်းအပြီးမှာ နိုင်ငံပိုင်ဟိုတယ်တွေကိုအဆင့်မြှင့်တဲ့အနေနဲ့ ထိုင်းနိုင်ငံက ဘိုက်ယောက် ( Baiyoke Hotel Group) ဟိုတယ်နဲ့ မြန်မာအစိုးရဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပေါင်းစပ် (ဖက်စပ်လုပ်ကိုင်တယ်လို့နားလည်) ပြီး ဟိုတယ်နာမည်ကိုလည်း ဘိုက်ယောက်ကန်တော်ာကြီးဟိုတယ် ( Baiyoke Kandawgyi hotel) လို့အမည်ပြောင်းခဲ့ပါတယ် ။ အဲဒိခေတ်ကနိုင်ငံပိုင်ဟိုတယ်တွေကို နိုင်ငံခြားက ဟိုတယ်လုပ်ငန်းကြီးတွေနဲ့အကျိုးတူဖက်စပ်လုပ်ကိုင်ပြီး ဟိုတယ်နာမည်တွေကိုလုပ်ငန်းနှစ်ခုစလုံးအမည်တွေပါအောင်ပေးလေ့ရှိကြပါတယ် ။ဒါ့ကြောင့်နိုင်ငံပိုင်ဟိုတယ်နောက်တလုံးဖြစ်တဲ့ အင်းလျားလိတ်ဟိုတယ်ကိုလည်း ထိုင်းနိုင်ငံအခြေစိုက် ဒူးဆစ်ဟိုတယ်အဖွဲ့  ( Dusit International ) နဲ့ ဖက်စပ်လုပ်ကိုင်လိုက်ပြီး ဟိုတယ်နာမည်ကိုတောင် ဒူးဆစ်အင်းလျားလိတ်ဟိုတယ်( Dusit Inya Lake hotel) လို့ မှည့်ခေါ်ခဲ့ပါသေးတယ် ။ လွယ်လွယ်ပြောရရင် ကန်တော်ကြီးဟိုတယ်က ဘိုက်ယောက်ကန်တော်ကြီးဟိုတယ်ဖြစ် ၊ အင်းလျားလိတ်ဟိုတယ်က ဒူးဆစ်အင်းလျားလိတ်ဟိုတယ်ဖြစ် ကုန်ကြတာပါ။ ကမ်းနားလမ်းက ကမ်းနားလမ်းဟိုတယ် ( The Strand ) ကတော့ ဖက်စပ်လုပ်ကိုင်ပေမယ့် ဟိုတယ်နာမည်မပြောင်းပါဘူး ။ ထားပါတော့ ပြောလိုရင်းက ကန်တော်ကြီးဟိုတယ်ဟာ အရင်ကနိုင်ငံပိုင် ၊ အဲဒိကမှ ဘိုက်ယောက်ဟိုတယ်နဲ့ပေါင်းပြီး ဖက်စပ်ဟိုတယ် ၊ အဲဒိကမှ ထူးကုမ္မဏီကလွှဲယူလိုက်ပါတယ် ။အဲဒိမှာ အာလုံးနားလည်ထားကြတာက နိုင်ငံပိုင်ကတော့နိုင်ငံပိုင်အဖြစ်ဆက်ရှိနေသေးတယ် ။ ဘိုင်ယောက်ဟိုတယ်အုပ်စုပိုင်တဲ့ ရှယ်ယာတွေကို (ဖက်စပ်လုပ်ပိုင်ခွင့်ကို) ဦးတေဇတို့ ထူးကုမ္မဏီအုပ်စုကလက်လွှဲလက်ပြောင်းလုပ်ပြီးယူလိုက်တာလို့  နားလည်ကြတာပါ ။ ဒီဟိုတယ်ကြီးကိုဦးတေဇကိုအပြီးရောင်းလိုက်ပြီလို့  နိုင်ငံတော်ကမကြေငြာသလို ၊ ဦးတေဇတို့ ကလဲ တိုင်းပြည်ကို အသိမပေးပါဘူး ။ အငှားချထားလိုက်တယ်လို့ပဲ ပြည်သူလူထုကထင်နေတာပါ ။ အခုမီးလောင်မှုဖြစ်ကာမှ ဒီဟိုတယ်ဟာ လွန်ခဲ့တဲ့ ၁၂ နှစ် (၂၀၀၅ ခုနှစ်ခန့်) ကတည်းက ဦးတေဇပိုင်ဖြစ်သွားပြီဆိုတာ တအံ့တသြသိရပါတယ် ။ ၂၀၀၅ ဆိုရင် ဦးသန်းရွှေ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ နိုင်င့တော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ ( န.အ.ဖ)အစိုးရလက်ထက်ပါ ။ ဗိုလ်ချုပ်ခင်ညွန့်ရာထူးကပြုတ်ကျသွားပြီးတဲ့နောက်တနှစ်မှာပါ ။

အဲဒိတော့ ဒီဟိုတယ်ဟာနိုင်ငံတော်ကပိုင်ခဲ့တဲ့နေရာပါ ။ နိုင်ငံတော်ဆိုတာ ပြည်သူလူထုလည်းပါပါတယ် ။ အစိုးရ ၊ ပြည်သူလူထု ၊ နယ်နိမိတ် ၊ အချုပ်အခြာအာဏာ (၄)ခုပေါင်းမှ နိုင်ငံတော်ဖြစ်တာပါ ။ အဲဒိတော့ အစိုးရဟာပြည်သူလူထုသဘောမပါပဲ ထင်သလိုလုပ်ခွင့်မရှိပါ ။ ပြည်သူတွေဆိုတာကတော့ဒီလိုဟိုတယ်ကြီး သဘောတူဖို့နေနေသာသာ ဦးသန်းရွှေတို့ က ဦးတေဇကို အပြီးအပိုင်လွှဲပြောင်းရောင်းချလိုက်တယ်ဆိုတာတောင် သိခဲ့ရတာမဟုတ်ပါဘူး ။ အခုမှသာ မီးလောင်လို့  ပေါ်လာခဲ့ရတာတွေပါ ။ အဲဒိတော့မေးချင်တာကနေရာကောင်းမှာရှိနေတဲ့ နိုင်ငံတော်ပိုင် ဟိုတယ်ကြီးတလုံးကို ဘယ်လိုဥပဒေတွေနဲ့ရောင်းချလိုက်တာလဲ ၊

ဘယ်လောက်ဈေးနှုန်းနဲ့ ရောင်းချလိုက်တာလဲ ၊ ထိုက်သင့်တဲ့တန်ဖိုးရော နိုင်ငံတော်ကရရဲ့လား၊ ပွင့်လင်းမြင်သာစွာလေလံခေါ်ခဲ့သလား၊ လက်ကြိတ်ထိုးရောင်းခဲ့သလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ် ။ ဒီဟိုတယ်ကြီး ဦးတေဇပိုင်ဖြစ်သွားပြီဆိုတာ အခုမှပြည်သူလူထုကဗြုန်းကနဲသိလိုက်ရတော့ နိုင်ငံပိုင်အခြားဟိုတယ်တွေရဲ့ အနေအထားကလည်းစိုးရိမ်တကြီးမေးခွန်းထုတ်ချင်စရာကောင်းလှပါတယ် ။မေးရမယ်ဆိုရင် နိုင်ငံပိုင်အင်းလျားလိတ်ဟိုတယ်ကရော ဘယ်သူပိုင်သွားပြီလဲ (ဘယ်သူ့ ကို အပြီးလွှဲပေးလိုက်ပြီလဲ) ။အင်းလျားလိတ်ကလဲ မီးမလောင်သေးတော့ သတင်းစာရှင်းလင်းပွဲလဲမရှိတာကြောင့် အဲဒိတော့မှသိရမယ့်မီးလောင်တာစောင့်မနေတော့ပဲ အခုထဲကရှင်းအောင်မေးထားရတာပါ ။အင်းလျားလိတ်ကဘယ်သူပိုင်သွားပြီလဲခင်ဗျ ။ ပြီးတော့ မြန်မာပြည်မှာသက်တမ်းအရင့်ဆုံးဟိုတယ် ။ ကမ်းနားဟိုတယ် ( The Strand ) ဘယ်သူပိုင်သွားပြီလဲခင်ဗျ ။ သမ္မတဟိုတယ် ဘယ်သူရသွားပြီလဲခင်ဗျ ။ ဗိုလ်ဆွန်ပက်လမ်းက ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနပိုင် ခြောက်ထပ်တိုက်အကြီးကြီး ဘယ်သူ့ နာမည်ပေါက်သွားပြီလဲခင်ဗျ ၊ ၃၁လမ်းနဲ့ မဟာဗန္စုလလမ်းထောင့်ကဟိုတယ်ခရီးပိုင် ရသာမုန့် တိုက်ကြီးပြန်ဖျက်ပြီးဆောက်လိုက်တဲ့ ရသာကွန်ဒို ဘယ်သူ့ နာမည်ပေါက်လဲခင်ဗျ ။ ချောင်းသာကမ်းခြေက ချောင်းသာဟိုတယ်ကော ဘယ်ခရိုနီပိုင်သွားပြီလဲခင်ဗျ ၊ မန္တလေးက နိုင်ငံပိုင်မန္တလေးဆွမ်းဟိုတယ် ဘယ်သူ့ အမည်ပေါက်ရောင်းလိုက်ပြီလဲခင်ဗျ ၊ ထွန်းလှဟိုတယ်ကော ဘယ်သူယူသွားပြီလဲခင်ဗျ ။ မေမြို့ (ပြင်ဦးလွင်) က နန်းမြိုင် တို့ သီရိမြိုင်(Candacraig ) တို့  ဂန္စမာမြိုင်တို့ လိုဟိုတယ်တွေရော တိုးတိုးတိတ်တိတ်အပြတ်ရောင်းပြီးသွားပြီလားခင်ဗျ ။ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ်ကြီးရော ထူးကုမ္မဏီကိုရောင်းလိုက်ပြီလားခင်ဗျ ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးကရော ဦးတေဇတို့ကို နှစ်ရှည်ငှားထားတာလား ရောင်းလိုက်တာလားခင်ဗျ ၊ ကန်တော်ကြီးဥယျာဉ်ကလည်း ဇေကမ္ဘာဦးခင်ရွှေတို့နာမည်ပေါက်သွားပြီလားခင်ဗျ ။အင်းလျားကန်စောင်းက မြကျွန်းသာ ရော ဘယ်သူတွေပိုင်သွားပြီလဲခင်ဗျာ ၊နိုင်ငံပိုင်ဟိုတယ်တွေဖြစ်ခဲ့ဖူးတဲ့ စစ်တွေဟိုတယ်၊မြောက်ဦးဟိုတယ်၊ မုံရွာဟိုတယ်၊ ကျိုင်းတုံဟိုတယ်တွေရော ဘယ်သူတွေပိုင်ကုန်ပြီလဲခင်ဗျ ။ ဒီလိုမေးတာကိုလည်းစိတ်မရှိပါနဲ့ ။ တိုင်းသူပြည်သားတွေကို တခါမှ လူရာသွင်းပြီးရှင်းမပြခဲ့ဖူးတော့ ပြည်သူလူထုမှာ ဘယ်ဟာက ဘယ်သူတွေရကုန်ပြီလဲဆိုတာ မဝေခွဲတတ်တော့လို့ပါခင်ဗျ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အစိမ်းကြီးထဲမှာတော့နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည် လို့ ရေးထားတာပဲ ။ဒါပေမယ့် နိုင်ငံသားတွေဘာမှမသိရပဲ နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိကပိုင်ဖြစ်ဖြစ်သွားတာ လဲရှိသေးတယ်မို့ လား။ ဒါ့ကြောင့်လဲဘယ်ဟာတွေဘယ်သူတွေရကုန်ပါပြီဆိုတာ နောက်တုံးအတည်ပြုချက် Update လေးလုပ်ပေးစေချင်တာပါပဲ ။ အဲဒိလိုမလုပ်ပေးတဲ့အခါ ကိုယ်က ကိုယ့်နိုင်ငံတော်ပိုင်ထင်ပြီး အဲဒိဟာတွေက တို့ ပြည်သူတွေပိုင်တာပေါ့ကွ လို့ စိတ်ထဲက ပီတိလိုလို ကြည်နူးသလိုလို ဂုဏ်ယူသလိုလိုဖြစ်နေပြီး တကယ်တမ်းသူများပိုင်ဖြစ်နေရင် သူများဟာကိုယ့်ဟာထင်နေရင်ငရဲကြီးမှာလည်းစိုးရလို့ပါ ။ဒါက ကန်တော်ကြီးဟိုတယ်မီးလောင်ရာက ဆင့်ပွားတွေးမိတဲ့ အတွေးတွေပါ ။ဒီလောက်နိုင်ငံပိုင်တွေ ပုဂ္ဂလိကကိုရောင်းချနေတဲ့အထဲက နှစ်တိုင်းဘတ်ဂျက်လိုငွေတွေပြနေတာလဲ အလွဲလွဲအချော်ချော် မို့ နားမလည်နိုင်စရာပါပဲ ။

နောက်တခုကတော့ ဆားပုလင်းနှင်းမောင်တို့  လို အတွေးကောင်း အရေးကောင်းတဲ့ ရဲအမှုထမ်းတွေဆိုရင် အခုခေတ်မှာထောင်နန်းစံကိန်းရှိတဲ့အကြောင်းတွေးမိတာပါ ။ အားလုံးသိတဲ့ နေပြည်တော်က ဖြိုးကိုကိုတင့်ဆန်းလက်နက်အမှုမှာ သိမ်းဆည်းရမိတဲ့ သက်သေ ကျည်ဆန်တွေ ကို ဆားပုလင်းနှင်းမောင်လို အမှုသွားအမှုလာတွက်ချက်မိတဲ့ ရဲအုပ်တယောက်တော့ ဆားပုလင်းနှင်းမောင်တို့  ဦးစံရှားတို့  လို ချီးကျူးမခံရပဲ ရာထူးပြုတ်မယ့်အပေါက် ၊ ထောင်ကျမယ့်အပေါက်တောင်ဖြစ်နေသဗျ ။ ဖြိုးကိုကိုတင့်ဆန်းအမှုမှာဖမ်းဆီးရမိထားတဲ့ ကျည်ဆန်အမျိုးအစားဟာ ရန်ကုန်မြို့ အင်းလျားလမ်းစိမ်းလဲ့ကန်သာရိပ်သာအနီး ငါးလောင်းပြိုင်လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ ကျည်အမျိုးအစားနဲ့ဆင်တူတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာရေးသားခဲ့တဲ့ ပြည်ခရိုင် ပန်းတောင်းမြို့နယ်က ရဲအုပ်ဝင်းထွန်းနိုင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးစိန်လွင်ကပြောကြောင်း RFA မြန်မာပိုင်းအစီအစဉ်ကဖော်ပြပါတယ် ။ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့ ညက နေပြည်တော်လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ အတူဖမ်းဆီးရမိခဲ့တဲ့ ကျည်ဆန်တွေဟာ ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းမှာဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှုမှာ အသုံးပြုခဲ့တဲ့လက်နက်ကကျည်ဆန်တွေနဲ့ဆင်တူနေတယ်ဆိုပြီး ပန်းတောင်းမြို့နယ် ထုံးဘိုရဲစခန်းက ရဲအုပ် ၀င်းနိုင်ထွန်းက အောက်တိုဘာ ၁၇ မှာ သူ့ ရဲ့ ဖေ့စ်ဘွတ်မှာရေးခဲ့တာပါ ။ တကယ်ဆို ရဲအုပ် ၀င်းနိုင်ထွန်းဟာ ဘယ်သူမှမဖော်နိုင်တဲ့ငါးလောင်းပြိုင်လူသတ်မှုကို သဲလွန်စ တခုထုတ်ဖော်ပေးသူအဖြစ်နဲ့ ထင်ပေါ်လို့စင်တော်ကကောက်တဲ့အနေနဲ့ အထက် CID ကခေါ်ယူ အကြံဥာဏ်တောင်ယူရဦးမယ်မဟုတ်လားခင်ဗျာ။ ခင်ဗျားဘာကြောင့်ပြောနိုင်တာလဲ ၊ ငါးလောင်းပြိုင်လူသတ်မှုမှာရခဲ့တဲ့ကျည်ဆန်အခွံနံပတ်တွေကဘယ်လောက်ဘယ်လောက် ၊ ဖြိုးကိုကိုတင့်ဆန်းတို့ဆီကသိမ်းဆည်းရမိတဲ့ ကျည်ဆန်နံပတ်ကတော့ ဘယ်လောက်ဘယ်လောက် ၊ ၉ မမ ပစ္စတိုကျည်ဆန်ချင်း တူတယ် နံပတ်ကတော့ ဘယ်လိုရှိတယ် ၊ အမျိုးအစားကတော့ဘယ်လိုဖြစ်နိုင်တယ် ဆိုတာ ရဲရဲခြင်းအကြံမဖလှယ်သင့်ဘူးလားခင်ဗျ ။ အခုဟာက ရဲအရာရှိကြီးတွေရဲ့ တုန့် ပြန်ချက်ဟာ ငါလောင်းပြိုင်လူသတ်မှုအဖြေကိုကြိုသိနေသလိုကြီး ဖြစ်နေတယ် ။ Logical thinking စဉ်းစားချက်ထုတ်ခွင့်တောင်ခွင့်မပြုနိုင်ဘူး ။ ငါးလောင်းပြိုင်ဆိုတာနဲ့ကြောက်ဒူးတုန်လာပြီး အဲဒိ စကားသံကိုနားဝမှာယောင်လို့တောင်မကြားချင်ဘူး ။ အဲဒိ ငါးလောင်းပြိုင်လို့ ပြောသူဟာ ရဲထဲကဆိုဖမ်းချုပ်မယ်၊ရဲစည်းကမ်းနဲ့အရေးယူမယ် ၊ မီဒီယာဆိုရင်လဲ Black list သွင်းမယ်လို့များခံယူထားကြလားမသိပါဘူး ။ ဒီကိစ္စဆွေးနွေးဝေဖန်တာ ကြားကိုမကြားချင်တဲ့အသွင်ဆောင်နေပါတယ် ။

တကယ်ဆို ရဲအုပ် ၀င်းနိုင်ထွန်းကို ခေါ်မေး ၊ သူပြောတာ ယုတ္တိရှိရင် အမှုနှစ်ခုက လက်နက်တွေကို အသေးစိတ်ပိုပြီး စစ်ဆေး၊ ဖြစ်နိုင်ချေကိုသုံးသပ် ဒီလိုပဲဖြစ်ရမှာပေါ့ ။ ရဲဆိုတာ အမဲလိုက်ခွေးလိုပဲ မပေါ်သေးတဲ့အမှု သတင်းအနံ့ ရတာနဲ့ ၀မ်းသာအားရ ပြေးလိုက်ပြီးရေဆုံးရေဖျားရောက်အောင်သွားရမယ်မဟုတ်လား ။ ခုတော့ ရဲပါးသိပ်မ၀သေးတဲ့ လူငယ်တယောက်က တက်တက်ကြွကြွနဲ့ ထင်မြင်ချက်တခုပေးယုံရှိသေးတယ် ရဲစည်းကမ်းနဲ့အရေးယူမယ်ဆိုတဲ့စကားကိုတန်းပြောတော့တာပဲ ။ အဲဒိတော့ မြန်မာနိုင်ငံမှာ ဘယ်ရဲကမှ မပေါ်သေးတဲ့ အမှုတခုကို ထင်မြင်ချက်ပေးရဲမှာမဟုတ်သလို ၊ ဖမ်းမိသက်သေတွေအပေါ်မှာကောက်ချက်ဆွဲရဲမှာလည်းမဟုတ်တော့တာကြောင့် ရဲဆိုတာ အမှုဖော်ရတာမဟုတ်ဘူးဆိုတဲ့အသိကြီးခေါင်းထဲရိုက်သွင်းပေးထားသလိုရှိပါတော့မယ် ။ သူပြောတာဟာ အထောက်အထားမရှိပဲ စိတ်ထင်ရာတွေပြောတာရေးတာဆိုရင်တောင် သူပြောတာဟုတ်မဟုတ်ဆိုတာကို စုံစမ်းစစ်ဆေးမှု ( Investigate ) လုပ်သင့်ပါသေးတယ် ။ ဘာမှမစုံစမ်းရသေးပဲ အရေးယူမယ် ဖမ်းမယ်ဆိုတာကြီးက တခုခုကိုအစိုးရိမ်ကြီးနေတဲ့ပုံစံဖြစ်နေသလားလို့ပြည်သူလူထုကထင်မြင်ပါလိမ့်မယ်။ ရဲတပ်ဖွဲ့အနေနဲ့ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကိုရယူချင်တယ်ဆိုရင် ဒီထက်ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်မှာဖြစ်ကြောင်းပါ။

ဒီတပါတ်မှာ ပရိသတ်ကြားလူပြောများတဲ့တတိယသတင်းကတော့ အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားတခုပါပဲ ။ အဲဒိအခမ်းအနားကတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ မှုအကူအညီပေးရေး ၊ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေး စီမံကိန်းကော်မတီ အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားပဲဖြစ်ပါတယ် ။ အဲဒိအခမ်းအနားမှာ မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကျဲ သူဌေး ၃၁ ယောက် ရောက်လာပြီး အလှူငွေတွေ ရက်ရက်ရောရာလှူဒါန်းခဲ့ကြပါတယ်။ သိန်းကိုသောင်းချီလှူသူတွေ နဲ့မြန်မာပြည်ရဲ့ အချမ်းသာဆုံးတွေလှူဒါန်းကြတဲ့ပွဲပါ ။အဲဒိလိုလှူဒါန်းချင်အောင်လည်း မကြာသေးခင်ရက်ပိုင်းကမှ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပအလှူရှင်များကိုအားကိုးကြောင်း ပြည်ပကပြောဆိုဝေဖန်နေတာတွေကို ပြည်တွင်းကနေအလုပ်နဲ့သက်သေပြတာအကောင်းဆုံးဖြစ်မယ်လို့  အားလုံးပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရိုနီ သူဌေးကြီးတွေကိုလည်း တိုင်ကွန်း( Tycoon ) ဆိုတဲ့အမည်နဲ့ ပြောင်းလဲခေါ်ဝေါခဲ့ပြီးတိုင်းပြည်ဘက်ကိုပါလာအောင် စည်းရုံးခဲ့ပါတယ် ။ ဒီပွဲမှာ သူဌေးတဦးချင်းဟာ အများဆုံးသိန်းပေါင်း သုံးသောင်းကစလို့  သိန်းပေါင်း တသောင်းခွဲထည့်သူတွေ ၊သိန်းပေါင်းတသောင်းထည့်သူတွေ ၊ သိန်းခုနစ်ထောင်၊ သိန်းငါးထောင်ကစလို့  သိန်းငါးရာစသည်ဖြင့်အားတက်သရော လှူဒါန်းလိုက်ကြတာ ရခိုင်ဒေသပြန်လည်ထူထောင်ရေးရန်ပုံငွေဟာ တနေ့တည်းမှာပဲ သိန်းပေါင်း တသိန်းခုနစ်သောင်းကျော်ရရှိခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ့ ကိုနိုင်ငံတော်ကချီးမြင့်တဲ့ တနှစ်တာဝတ်စုံစရိတ်ရရှိငွေ အမေရိကန်ဒေါ်လာ ၄၀၀၀ ကိုလည်းထည့်ဝင်လှူဒါန်းခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဒီလိုလှူတာကိုဝမ်းမြောက်သာဓုခေါ်သလို သူအခုလိုလှူတော့မှပဲ နိုင်ငံ့ခေါင်းဆောင်တွေ ၀တ်စုံစရိတ် တနှစ်ကို ဒီလောက်ခွင့်ပြုငွေရှိကြောင်းသိရပါတော့တယ် ။ အရင် စစ်အစိုးရခေတ်က ဗိုလ်ချုပ်မှူးကြီးတွေ ၊ ဗိုလ်ချုပ်ကြီးတွေ၊၀န်ကြီးချုပ်တွေ နောက်တော့ သမ္မတ လဲ အဲဒိလို ၀တ်စုံစရိတ်ရမယ်ထင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်လိုတခါမှမလှူခဲ့ဖူးတော့ ဘယ်လောက်ရသလဲဆိုတာတောင် မသိခဲ့ပါဘူး ။ အဲဒိနေ့ကလာလှူတဲ့ သူဌေးကြီးတွေကိုကြည့်လိုက်တော့ အရင်က အဘတို့နဲ့ တပူးတွဲတွဲနေခဲ့သူတွေပါသလို ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ကို အရင်ထဲက ထောက်ခံခဲ့တဲ့သူအနည်းငယ်ကိုလဲတွေ့ ရပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် အခုလှူဒါန်းတာဟာဖြင့် အဘခေတ်ကလို ဆန်ပေးလို့ ဆေးရ ၊ အလှူလက်ဘက်နဲ့မျက်နှာလုပ် ၊ ထောင်မြင်ရာစွန့်  ၊ Give and Take တွေ မဟုတ်ပဲ စေတနာသန့်သန့်နဲ့ လှူကြတယ်လို့ ယူဆပါတယ် ။ သာဓုလဲ ပြည်သူတွေက ခေါ်ပါတယ် ။ အရင်ခေတ်ကလို ကျောက်စိမ်းလုပ်ကွက်နဲ့ အလှူငွေလဲတာမျိုး ၊ သစ်ခုတ်ခွင့်ပါမစ်နဲ့ အလှူရေစက်လက်နဲ့မကွာ ဖလှယ်တာမျိုး ၊ မဟုတ်တဲ့အတွက်ဝမ်းသာပါတယ် ။ နိုင်ငံတော်က ပြန်ချပေးတဲ့ ရခိုင်ဒေသဖွံဖြိုးရေးစီမံကိန်းတွေမှာလဲ အတ္တ ပရ မျှတစွာဆောင်ရွက်နိုင်ဖို့မျှော်လင့်ပါတယ် ။ခရိုနီတွေတိုင်ကွန်းဖြစ်မဖြစ်ကတော့ ဒါလောက်နဲ့ဆုံးဖြတ်လို့မရပဲစောင့်ကြည့်ရဦးမှာပါ။

အလှူရှင် ခရိုနီတိုင်ကွန်းကြီး ၃၁ ယောက်စာရင်းကို ဖတ်ကြည့်တဲ့အခါ ကျွန်တော်ဘ၀င်မကျတာတခုတော့ တွေ့ မိပါတယ် ။ သူဌေးဆိုသူတွေ ၊လုပ်ငန်းရှင်ဆိုသူတွေ နိုင်ငံတော်အကျိုးအတွက် သောင်းသောင်းဖျဖျပါဝင်လှူဒါန်းနေတဲ့ပွဲမှာ မြန်မာပြည်မှာ ဟိုလုပ်ငန်းလဲ သူတို့ ၊ဒီလုပ်ငန်းလဲသူတို့  ၊ ဟိုမြေသိမ်းလဲသူတို့ ၊ ဒီယာသိမ်းလဲသူတို့ ၊လက်ပန်တောင်းတောင်မှာလဲ သူတို့ ၊ကြေးနီတောင်မှာလဲသူတို့ ၊စပယ်တောင်မှာလဲသူတို့ ၊ ဖားကန့်မှာလဲ သူတို့ ၊ မိုးကုတ်မှာလဲသူတို့ ၊မိုင်းရှူးမှာလဲသူတို့ စီးပွားရေးခွင်ကောင်းရင်သူတို့ ဆိုတဲ့အဖွဲ့ ကို အခမ်းအနားမှာ မတွေ့ သလို စာရေးသူမျက်စေ့လျှမ်းလို့လားမသိဘူး အလှူရှင်စာရင်းမှာလဲမတွေ့ မိပေဘူးခင်ဗျ။ မြန်မာ့သယံဇာတတွေကနေအကျိုးအမြတ် အဓိကရယူနေတဲ့အဖွဲ့ ကြီးဆိုတော့ မြန်မာ့အရေးမှာ သူတို့လဲပါဝင်လှူဒါန်းသင့်ပေသပေါ့ဗျာ ။ ဒါပေသည့် တသီးတသန့်နေတတ်တဲ့ သူတို့ဝါသနာကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံအလှူငွေမပေးအပ်သော်လည်း အဖွဲ့ အစည်းတခုထံ သီးသန့် အလှူငွေပေးအပ်မယ်လို့လည်း ထင်မြင်ယူဆမိပါတယ် ။ ဟုတ်မဟုတ်တော့စောင့်ကြည့်ရပေမပေါ့ ။အဘဟောင်းတချို့ကတော့ ခရိုနီတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တာကိုမုဒိတာမပွားနိုင်တာကိုလဲတွေ့ ရပါတယ် ။ဖေ့စ်ဘွတ်မှာ အပုပ်ချထားတာတွေကိုလည်းတွေ့ ရပါတယ်။ သူတို့ဟာ ရှင်ပြုတုန်းကရွှေထီးဆောင်းခဲ့ရတာကိုပြန်ပြန်တွေးပြီး ကိုယ်တိုင်လဲ လူထုထောက်ခံမှုရအောင်မလုပ်တတ် ၊လူထုကထောက်ခံလို့  နိုင်ငံအတွက် လုပ်နေတဲ့သူ ကိုလဲ တစက်မှအကောင်းမမြင်တာဟာ ဆင်သေကောင်ပေါ်မှာ ထိုင်လိုက်ရင်း ပင်လယ်ထဲရောက်လာတဲ့ ကျီးမိုက်လိုပါပဲ ။ နစ်သထက်နစ်ဖို့ပဲရှိတော့မှာပါ။

အဲဒါပါပဲ ။ ဒီတပါတ်မျက်စေ့ထဲကို မရိုးမရွ စပ်ဖျဉ်းဖျဉ်းဝင်လာတဲ့ အဖြစ်အပျက်သုံးခုကိုပေါင်းစပ် စာစီကုံးလိုက်ပါတယ် ။ မီးလောင်မှပေါ်လာတဲ့အမှန်တရားရယ် ၊ ပြည်သူ့ ရဲ နှင့် ငါးလောင်းပြိုင်တစ္ဆေရယ် ၊ ခရိုနီမှတိုင်ကွန်းဆီသို့ အရွေ့ မှာပါမလာတဲ့ အဖွဲ့ တဖွဲ့ရယ် ။ သုံးခုပေါင်းလိုက်တော့လဲ မြန်မာပြည်မြင်ကွင်းတခု ပေါ်လာတာပါပဲ ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၇.၁၀.၂၀၁၇[full-post]
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.