အာဏာဟာသေနတ်ပြောင်းဝမှာတည်သလား - သရ၀ဏ်(ပြည်)



ငါတို့မှာလူအင်အားလည်းရှိတယ်
စစ်တပ်လည်းနောက်ခံရှိတယ်
ငွေအင်အားလည်းရှိတယ်
မရှိတာကအာဏာပဲ

မကွေးတိုင်းဒေသကြီဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကစက်တင်ဘာ ၂၆ ရက်ညနေက ၎င်း၏ရုံးခန်းတွင် မီဒီယာများအားဖိတ်ခေါ်ပြောကြားခဲ့သည့စကားဖြစ်သည် ။ ဒေါက်တာအောင်မိုးညို၏အဆိုအရ အမ်းမြို့ တွင်ဆူပူမှုပြုလုပ်ပေးရန် စည်းရုံးသူ များက
“တို့ မှာ ငွေလဲရှိတယ် ၊လူအင်အားလဲရှိတယ် ၊ စစ်တပ်လဲနောက်ခံရှိတယ် ၊မရှိတာအာဏာပဲ အဲဒါကိုရအောင်ပြန်လုပ်ရမယ် “ဟုပြောဆိုခဲ့ကြောင်း ၊ ထိုဆူပူအောင်လှုံ့ ဆော်မှုတွင် ပါဝင်မည်ဆိုပါက မကွေးမှ အမ်းမြို့သို့ သွားသည့်လမ်းတစ်လျှောက်တွင်အပျော်အပါးအားလုံးကို ရရှိစေရန်စီစဉ်ပေးမည်ဟု စည်းရုံးခဲ့ကြောင်းလည်းသိရပါသည် ။ ထိုဖြစ်စဉ်အား ဥပဒေနှင့်အညီအရေးယူပေးနိုင်ရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးသန်းဆွေ ကစက်တင်ဘာ ၂၉ မွန်းလွဲပိုင်းက ဦးတိုက်လျှောက်ထား မှုကို မကွေးခရိုင် တရားရုံးမှလက်ခံခဲ့ကြောင်း သိရသည်။

လောကကြီးတွင် နိုင်ငံရေးအာဏာ ၊ လုပ်ပိုင်ခွင့်အာဏာ ၊ နိုင်ငံတော်အာဏာ စသည်ဖြင့် အာဏာကိုလူတို့အရူးအမူးဖြစ်ကြကုန်၏ ။ ထိုအာဏာကိုရမည်ဆိုလျှင် မည်သည့်အလုပ်ကိုလုပ်ရလုပ်ရလုပ်မည်ဆိုသောအဆင့်အထိ အသိပညာကန်းနေသူတို့လည်း မရှားပေ ။ ဘုရင်ခေတ်တွင်အာဏာသည် ဖခင်မှသားထံသို့ စီးဆင်း၏ ။အစ်ကိုထံမှညီဖြစ်သူဆီသို့ လည်းစီးဆင်း၏ ။တူတော် ၊အစ်ကိုတော်၊ နောင်တော် ၊ ဦးရီးတော်တို့ မှလည်း ဘုရင်ကိုလုပ်ကြံသတ်ဖြတ်ကာ မင်းအာဏာကိုလုယူကြသည်လည်းရှိ ။ ပဒေသရာဇ်ခေတ်တွင် အာဏာကိုရယူနည်းမှာ ဘုရင်ကအသာတကြည်ပေး၍ဖြစ်စေ ၊ ဘုရင်နတ်ရွာစံကွယ်လွန်၍ မူးမတ်တို့အလိုကျသူကိုရွေးချယ်၍ဖြစ်စေ ၊ ဘုရင်ကိုလုပ်ကြံသတ်ဖြတ်၍ အတင်းအဓမ္မအကြမ်းနည်းဖြင့် ဖြစ်စေ ရယူလေ့ရှိကြသည် ။ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ဆန္ဒမဲခံယူပြီး ရွေးကောက်ပွဲမှတဆင့် အာဏာကိုရယူကြသည် ။ ပြည်သူလူထု၏အဆုံးအဖြတ်ကိုခံယူသောစနစ် ၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသောစနစ်ဖြစ်၍ ယနေ့တိုင်ကမ္ဘာ့နိုင်ငံ အတော်များများတွင်အသုံးပြုနေကြသည် ။ သို့ သော် တရုတ်ကွန်မြူနစ်စနစ်၏ခေါင်းဆောင်တဦးဖြစ်သူ မော်စီတုန်း( Mao Zedong ) က သူ၏နာမည်ကျော်စာအုပ် “စစ်ပွဲနှင့်သေနင်္ဂဗျူဟာ၏အားနည်းချက်များ (Problems of Warand Strategy) “တွင် “အာဏာသည်သေနတ်ပြောင်းဝမှလာသည် ( Political Power comes from the barrel of a gun ) “ဟုကြွေးကြော်ခဲ့သည် ။ ထိုဝါဒမှာ အီတလီမှ နိုင်ငံရေးညစ်ကွက်ပညာရှင် မက်ခီယာဗေလီ ပြောသော လိုချင်တာရရေးပဓာန၀ါဒ (The End justify the means )နှင့်ဆင်ဆင်တူသည်။ဘယ်သူတွေဘာတွေပြောပြော အောင်မြင်အောင်လုပ်နိုင်ရင် အားလုံးကလက်ခံမှာပဲဆိုသောဝါဒဖြစ်သည် ။ အလွန်ညစ်ပတ်ကောက်ကျစ်သောဝါဒဖြစ်သည် ။ သူတို့ အဆိုအရ ဆိုလျှင် မိန်းကလေးတယောက်ကို လိုချင်လျှင် ပိုးပန်းနေစရာမလို ၊ လူကြီးစုံရာနှင့်စေ့စပ်ကြောင်းလမ်းနေစရာမလို မရရအောင် ခိုးယူ၍ဖြစ်စေ ၊အဓမ္မကြံစည်၍ဖြစ်စေ မယားအရာရောက်လျှင်ပြီးစတမ်းဆိုသော လိုချင်တာရရေးပဓာန၀ါဒဖြစ်သည် ။ ထိုအတွေးအခေါ်သည် မော်စီတုန်း၏ အာဏာသည်သေနတ်ပြောင်းဝမှလာသည်ဆိုသောအယူအဆအတိုင်း ရွေးကောက်ပွဲတွေဘာတွေ ၊ မဲဆွယ်စည်းရုံးတာတွေ ၊ တရားမျှတစွာယှဉ်ပြိုင်တာတွေဘာတွေမလို သေနတ်ရှိ၍လက်နက်ဖြင့်ခြိမ်းခြောက်လိုက်လျှင် အာဏာသည်ရစတမ်းဆိုသော အတွေးအခေါ်ဖြစ်ရာ ထိုအယူအဆမှာ လက်နက်ကိုင်တော်လှန်ရေးသမားများ၊ အာဏာရှင်များ ၊ စစ်အာဏာသိမ်းအစိုးရများ၊ ရွေးကောက်ပွဲရှုံးသဖြင့် လက်နက်အားကိုးချင်သူများအတွက် ဒေ၀ဒတ်လမ်းစဉ်ကိုအဇာတသတ်ကလိုက်သကဲ့သို့ လူမိုက်များ လိုက်နာအားကိုးကြသော အဆိုအမိန့် ဖြစ်နေလေသည် ။ အမှန်တကယ်အားဖြင့် ယုတ်မာညစ်ထေးသောအယူအဆဖြစ်သည် ။သို့ သော် ပညာမရှိသူသည် ပညာရှိသူကိုမနာလို ၊ အာဏာမရှိသူသည် တရားသောနည်းဖြင့်အာဏာရှိသူကိုမနာလို သည့်နည်းလို တောတောင်ထဲ၌ကျင်လည်ကျက်စားသောတော်ရိုင်းတိရိစ္ဆာန်များသည် ဦးချိုရှိသူကဦးချိုကိုအားကိုးကြသည် ၊အဆိပ်ရှိသောသတ္တ၀ါကအဆိပ်ကိုအားကိုးကြသည် ။ အစွယ်ရှိသူကအစွယ်ကိုအားကိုး၍ ကိုက်ဖြတ်တိုက်ခိုက်ကြသည့်နည်းတူ လူ့ ဘုံခန်းဝါ လူတို့ရွာတွင် လက်နက်ရှိသူက သူ၏အင်အားကိုလက်နက်ဖြင့်ဆောက်လိုသည် ။လက်နက်ကိုင်ထားမှအားရှိသည် ။အာဏာကိုလက်နက်ဖြင့်ယူလိုသည် ။

မြန်မာနိုင်ငံ၌အချို့သောသူတို့သည် လူသတ်လက်နက်တခုကို ကိုင်ထားရမှအားရ၏ ။ သေနတ်ကိုင်ထားရမှလုံခြုံသလိုခံစားရသူ၊ သေနတ်ကိုင်ထားရမှအရသာရှိသူ ၊ သေနတ်ကိုင်ထားရမှ လူရာဝင်သလိုခံစားရသူ ၊ ဗလာနတ္ထိဘာမှမရှိသောအရည်အချင်းကို သေနတ်ဖြင့် ကျားကန်ထားလိုသူ ၊ ဗလာသက်သက်ဦးနှောက်ကို သေနတ်ဖြင့် ထောက်ကန်ထားချင်သူ ၊ သူတပါးကို လက်နက်ဖြင့်အမြဲတမ်းအကောက်ကြံလိုသူများလည်း လောက၌မနည်းချေ ။ ရှေ့ နေဦးကိုနီကို ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူကြည်လင်းသည် ဒီလိုလူစားဖြစ်သည် ။ သူ့ ကိုခိုင်းစေခဲ့သူ အောင်ဝင်းခိုင်သည်လည်း သေနတ်ကို အားထားသူတယောက်ဖြစ်သည် ။ အောင်ဝင်းခိုင်နောက်မှ အောင်ဝင်းဇော် ၊ဇေယျာဖြိုး ၊ အောင်ဝင်းထွန်းတို့သည်လည်း သေနတ်ဖြင့် အရာရာကိုဖြေရှင်းနိုင်သည်ဟုယုံကြည်ကြသူများဖြစ်သည် ။ ထိုသူများနောက်မှ လွတ်မြောက်နေဆဲဆရာ့ဆရာကြီးများသည်လည်း ပြည်သူလူထုအင်အား ထက်လက်နက်အင်အားဖြင့် ရာဇပလ္လင်ထက်သို့ တက်လိုသူများဖြစ်သည် ။မည်သူသေသေ ငတေမာလျှင်ပြီးစတမ်းဟုထင်သူများဖြစ်သည် ။ ဥပဒေအထက်တွင်ငါတို့ရှိသည်ဟုထင်နေသူများဖြစ်သည် ။ သေနတ်သည်အရာရာကိုအဆုံးအဖြတ်ပေးသည်ဟုထင်နေသူများဖြစ်သည် ။

ယခုတခါလာပြန်ချေပြီ ။ အများသိကြသည့်အတိုင်း အောက်တိုဘာ ၁၅ ရက်နေ့ က နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၏ခရီးဆောင်အိတ်ထဲမှ ပစ္စတိုသေနတ်(အစစ်)နှစ်လက် (အစစ်ဟုပြောရခြင်းမှာတရားရုံးရောက်မှ ကစားစရာ အတုတွေပါဟု လုပ်ချလိုက်မည်စိုးသောကြောင့် အစစ်ဟု ရေးရခြင်းဖြစ်ပေ၏) ၊ ပစ္စတိုကျည်ဆန် ၆၂ တောင့်(အစစ်)နှင့်မူးယစ်ဆေးဝါး (WY ဆေးပြား၁၂ ပြား ၊ ICE ပုံဆောင်ခဲ အလေးချိန် ၁ ဒသမ ၅ ဂရမ်)များ၊ ကျောပိးအိတ်အတွင်းမှ ၉မမပစ္စတိုတလက်နှင့်ကျည်ရှစ်တောင့်ထည့်ထားသည့်ကျည်အိမ်တခု တွေ့ ရှိခဲ့သဖြင့် ဖြိုးကိုကိုတင့်ဆန်းကိုလည်းကောင်း ၊ အတူလာသူနှစ်ဦးဖြစ်သည့် ရဲမင်းဆွေ ၊ ဇော်ဝင်းထိုက် တို့ကိုလည်း တပါတည်းဖမ်းဆီးလိုက်သည် ။အမှုကဤမျှတင်မပြီးသေး ထိုည တွင် ဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်ရှိ ACE ဟိုတယ်သို့ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့ က၀င်ရောက်ရှာဖွေရာ ဖြိုးကိုကိုတင့်ဆန်းနေထိုင်သောအခန်းထဲမှ ပစ္စတိုသေနတ် ၄ လက် နှင့်ကျည်အိမ်များ၊ ကိုးမမ လျူဂါပစ္စတိုကျည် ၆၃၈ တောင့် ၊ အမ် ၁၆ ကျည် ၂၀တောင့် နှင့်ကျည်အိမ် ၂ ခု ၊ ၇.၆၅ မမ (၃၂အော်တို)ကျည် ၁၃၆ တောင့် ၊ ပွိုင့်တူးတူးကျည် ၁၀တောင့် ၊ ကျည်ကာအင်္ကျီတထည် ၊ စနိုက်ပါမှန်ပြောင်း တလက်ကိုထပ်မံတွေ့ ရှိသိမ်းဆည်းမိခဲ့သည် ။လေဆိပ်တွင် အတူမိခဲ့သော ရဲမင်းဆွေနှင့်ဇော်ဝင်းထိုက် တို့နေသော ACE ဟိုတယ်အခန်းမှ ၉မမ Glock ပစ္စတိုတလက် (ကျည်အိမ်တပ်လျက်) ၊ ၎င်းကျည် ၁၂ တောင့်၊ Glock Ges.M.b.H ပစ္စတိုတလက် (ကျည်အိမ်တပ်လျက်) ၊ ၎င်းကျည် ၄ တောင့် ၊ ၉မမ G lock ပစ္စတို နောက်ထပ်တလက် (ကျည်အိမ်တပ်လျက်) ဖြင့် ထပ်မံသိမ်းဆည်းရမိသည် ။ ထို့အပြင် သာမန်အားဖြင့်ဆက်သွယ်ရေးဥပဒေဖြင့်အရေးယူနိုင်သော လမ်းလျောက်စကားပြောစက် ၃ လုံး ကိုလည်းသူ့ခရီးဆောင်အိတ်ထဲမှတွေ့ ရှိသိမ်းဆည်းခဲ့မိသေးသည် ။အမှုဆက်စပ်မှုအရ ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ် ACE Group of Companies ရုံးချုပ်သို့ တာဝန်ရှိသူများ အောက်တိုဘာ ၁၆ ရက်နံနက်တွင်ဝင်ရောက်ရှာဖွေရာ သေနတ် ၂ လက် ၊မူးယစ်ဆေးဝါးအချို့နှင့် National Security Council Special Forces တံဆိပ်ပါ ယူနီဖောင်း ၁၅ ထည် ၊ မောင်းသူမဲ့ယာဉ်အကြီးတစင်း အသေးတစင်း တို့ကိုဖမ်းမိခဲ့၏။ သုံးနေရာတွင် စုစုပေါင်းသေနတ် ၁၁ လက်နှင့်ကျည်ဆန်များဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ၏ ။ သူတို့ထံမှရရှိသော ကျည်ဆန်စုစုပေါင်းမှာအနည်းဆုံးကျည်ဆန် ၉၀၈ တောင့်နှင့် ကျည်အိမ်တပ်လျက် ၇ခုဖြစ်သည် ။ ထိုကျည်ဆန်များနှင့် လူအုပ်အတွင်းသို့  လပ်ဗီးဂတ်စ်သေနတ်သမားကဲ့သို့  မြင်မြင်ရာစွတ်ပစ်မည်ဆိုပါက လူ ၁၀၀ ကိုတော့အနည်းဆုံး သတ်ဖြတ်နိုင်စွမ်းရှိမည်ဖြစ်သည် ။ ထိုအထဲတွင် အဝေးမှချောင်းမြောင်းလုပ်ကြံနိုင်သော စနိုက်ပါမှန်ပြောင်းတခု ပါဝင်နေခြင်းကလည်း ထိုသူများ၏မရိုးဖြောင့်သောသဘောကိုလှစ်ဟနေသလိုရှိသည် ။ထိုစနိုက်ပါသည် မည်သူ့ကိုချောင်းမြောင်းပစ်ခတ်လုပ်ကြံဖို့နည်း။ ထို့ ထက်ပို၍မရိုးဖြောင့်သောသက်သေခံပစ္စည်းများကား အပြာရောင် ယူနီဖောင်းများတွင် SWAT စာတမ်းတံဆိပ်ပါနေပြီး ထိုတံဆိပ်မျိုး ၊ ထိုယူနီဖောင်းမျိုးသည် ဒေါ်အောင်ဆန်းစုကြည်၏အနီးကပ်လုံခြုံရေးတပ်ဖွဲ့ ၀တ်ဆင်သော ယူနီဖောင်းနှင့် ၉၀ရာခိုင်နှုန်းတူနေခြင်းပင်ဖြစ်သည် ။ မည်သည့်ရည်ရွယ်ချက်နှင့် ထိုယူနီဖောင်းများကိုလက်ဝယ်ထားတယ်ဆိုတာကိုတော့ ဖမ်းမိတရားခံများအား သေသေချာချာစစ်ကြောရေးလုပ်ဖို့တော့လိုမည်ဖြစ်သည် ။ ထိုသို့ပြောခြင်းမှာမည်သည့်ပုဂ္ဂိုလ်ရေးကြောင့်မှပြောခြင်းမဟုတ်ပါ ။ဖြိုးကိုကိုတင့်ဆန်းနှင့်လည်းလူချင်းမသိပါ ။ တရားဥပဒေစိုးမိုးရေး နှင့် Rule of Law သဘောအရပြောခြင်းဖြစ်သည် ။

အောက်တိုဘာ ၁၅ ရက်နေ့ ကနေပြည်တော်ရှိ NCA ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ ၂ နှစ်ပြည့်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမိန့်ခွန်းပြောခဲ့ရာ ဥပဒေအထက်တွင်မည်သူမျှမရှိဟူသောစကားကိုထည့်သွင်းပြောကြားခဲ့ပါသည် ။
“အဓိကကတော့ဥပဒေနဲ့အညီသာ အားလုံးက လိုက်နာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ် ။ ဥပဒေရဲ့အထက်မှာဘယ်သူမှရှိလို့မရပါဘူး ၊ မည်သည့်လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၊ တာဝန်ထမ်းဆောင်မှုမျိုးမဆို နိုင်ငံတော်မှာပြဌာန်းထားတဲ့ ဥပဒေအတိုင်းသာ လိုက်ပါလိုက်နာလုပ်ဆောင်ကြရမှာဖြစ်ပါတယ် ။ဥပဒေကိုလက်တလုံးခြားလှည့်ပြီး လုပ်လို့လည်းမရပါဘူး “ဟုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားခဲ့သည် ။ ထို့ကြောင့် ဤအမှုတွင်လည်းကျောသားရင်သားမခွဲခြားပဲ ဥပဒေအတိုင်းသွားကြရမည်ဖြစ်သည် ။ ပြည်သူလူထုကဤအမှုကို စိတ်ဝင်စားမှုပြင်းထန်ရခြင်းအကြောင်းများမှာ
တရားခံဖြိုးကိုကိုတင့်ဆန်းသည် ယခင် ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာနနှင့် အားကစား ၀န်ကြီးဌာနနှစ်ခု၏၀န်ကြီး (နောင်အခါဟိုတယ်ခရီးဝန်ကြီးဌာနကိုမကိုင်ရတော့ပဲ အားကစားဝန်ကြီးဌာနတမျိုးတည်းကိုသာကိုင်တွယ်ခဲ့သည့်) ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးတင့်ဆန်း၏ သားဖြစ်နေခြင်း ။
ဦးတင့်ဆန်းပိုင်ဆိုင်၍ ဖြိုးကိုကိုတင့်ဆန်းဥက္ကအဖြစ်ဆောင်ရွက်သော ACE ဆောက်လုပ်ရေးကုမ္မဏီသည် ဦးသန်းရွှေလက်ထက် နေပြည်တော်လွှတ်တော်အဆောက်အဦများတည်ဆောက်ရာတွင် ပြိုင်ဘက်မရှိကန်ထရိုက်ရခဲ့ခြင်း၊ သမ္မတဦးသိန်းစိန်လက်ထက်တွင်နေပြည်တော်၌ ဗိုလ်ရှုခံရင်ပြင်တည်ဆောက်ရာတွင် လေလံမခေါ်ပဲ ACE ကုမ္မဏီကိုလုပ်ပိုင်ခွင့်ချပေးခဲ့ခြင်း ။
ဖြိုးကိုကိုတင့်ဆန်းသည်နေပြည်တော် FC ဘောလုံးအသင်း၏ ပိုင်ရှင်ဖြစ်ပြီး ဘောလုံးသမားနှင့် အုပ်ချုပ်သူ ၊၀န်ထမ်းများကို ကာလကြာရှည်လစာမပေးသဖြင့် မြန်မာနေရှင်နယ်လိဂ်မှထွက်လိုက်ရခြင်း။
ဖြိုးကိုကိုတင့်ဆန်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကိုယ်စားပြုကာ ဧရာဝတီတိုင်း မြောင်းမြမြို့ နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ပြီး ထိုစဉ်က NLD အမတ်ဦးမန်းဂျော်နီ ( ယခုဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်) ကိုရှုံးနိမ့်ခဲ့ဖူးဖြင်း ။
နေပြည်တော်လေဆိပ် ၊ရန်ကုန်လေဆိပ်များတွင် X Ray စက်ဖြင့် အကြိမ်ကြိမ်စစ်ဆေးနေသည်ကို သိသည့်ကြားမှ လက်နက်များကို ခရီးဆောင်အိတ်နှင့်ကျော်ပိုးအိတ်ထဲသို့ ရဲရဲဝံ့ဝံ့ထည့်ယူလာရဲခြင်းတို့ကြောင့် ဖြစ်သည်။ထို့ကြောင့် ဒီအမှုကတော့ ဦးကိုနီအသတ်ခံရတဲ့အမှုလိုပဲ နောက်ကွယ်ကလျှို့ဝှက်ချက်တွေ ရှိကိုရှိရမယ်ဟု ပြည်သူလူထုကထင်ခဲ့ကြသည် ။
ဖြိုးကိုကိုတင့်ဆန်းကိုနေပြည်တော်လေဆိပ်တွင်စတင်ဖမ်းဆီးပြီးစတွင် ဘီဘီစီသတင်းဌာနက ရဲမှုးကြီး ဇော်ခင်အောင်(နေပြည်တော်) အားအင်တာဗျူးဆက်သွယ်မေးမြန်းရာ၌ ဤသိုအမေးအဖြေပြုခဲ့သည် ။

ဘီဘီစီမြန်မာပိုင်း- “နောက်ပြီးတော့ တခါ ဆေးပြားလည်းမိတယ်ဆိုတော့ အဲဒိမူးယစ်ဆေးဝါးအမှုနဲ့ရော
ငြိနိုင်မလား “

ရဲမှူးကြီးဇော်ခင်အောင်- “မူးယစ်ဆေးဝါးရဲ့ဥပဒေထဲမှာပါပြီးသား ။ ၂၂ (ခ)ထင်တယ် ၊ တကယ်လို့  တကယ်လို့မူးယစ်ဆေးဝါးကိုလက်နက်ပါလို့ရှိရင်မူးယစ်ဆေးဝါးဥပဒေနဲ့အရေးယူရမယ်ဆိုပြီးတော့မှဟိုဒင်းဖြစ်တော့ သူကတခါတည်း တဆက်တည်းတွဲပြီးတော့ ပါပါတယ်ခင်ဗျ ။ အဲဒိမှာ definition ထဲမှာလည်း အဲလိုပါပြီးသားဖြစ်ပါတယ် “

ဘီဘီစီ - “ ကျွန်မတို့အနေနဲ့ကျတော့ လက်နက်အမှုက ပိုပြီးကြီးတယ်လို့  ထင်လို့ပါရှင့် ၊ မူးယစ်ဆေးဝါးရှာတွေ့ တာနဲ့စာလို့ရှိရင်ပေါ့နော် “

ရဲမှူးကြီး ဇော်ခင်အောင်- “အဲဒါကလေ မူးယစ်ဆေးဝါးသုံးစွဲတာရှိတယ် ၊ ရောင်းဝယ်တာရှိတယ် စသည်ဖြင့် ၊ဒါပေမယ့်လည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့မှလက်နက်နဲ့ ပါဝင်ပတ်သက်လာရင် အဲဒိပုဒ်မ ၂၂ (ခ) နဲ့အရေးယူတယ် ၊ကျွန်တော်တို့ကဒီလက်နက်လည်းအထိုက်အလျောက်မိထားတဲ့အခါကျတော့ တခါတည်းတွဲပြီး မူးယစ်ဆေးဝါးရော လက်နက်ရော ပါတဲ့ဥပဒေနဲ့အရေးယူတာပေါ့ “

ဟုဖြေကြားခဲ့၏ ။ ထိုအချက်အရ လက်နက်မှုထက် မူးယစ်ဆေးဝါးမှုကိုပိုအလေးပေးမည့် သဘောထားကိုသိရ၏ ။ သို့ သော်ထိုသဘောမှာနောက်ထပ်လက်နက်များထပ်မမိခင်ကဖြစ်ပုံရသည် ။ နေပြည်တော်ACEဟိုတယ်တွင်လည်းကောင်း ၊ရန်ကုန် ACEကုမ္မဏီတွင်လည်းကောင်းလက်နက်များထပ်မိပြီးသောအခါတွင်မူကား အေလာနယ်မြေရဲစခန်းတွင် ပုဒ်မ ၁၅/၁၆ (ဂ) / ၂၂(ခ)/၂၁ အရ အမှုဖွင့်စစ်ဆေးပြီး ဒက္ခိဏသီရိမြို့နယ်ရဲစခန်းတွင် လက်နက်မှု ၁၉(စ) ဖြင့်အမှုဖွင့်ထားသည်ဟုသိရ၏ ။

မူးယစ်ဆေးဝါးမှာမြန်မာနိုင်ငံတွင်အဖြစ်များသော အမှုဖြစ်သဖြင့် သိပ်ပြီးထူးဆန်းသောအမှုမဟုတ်ချေ ။ သို့ သော် လက်နက်မှုနှင့်ပတ်သက်၍ကားဆန်းသည်ဟုပြောရပေမည်။ မြန်မာနိုင်ငံ၌ တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရှိသော ၀န်ကြီးဌာနမှာ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနသာဖြစ်ပေသည် ။ ရဲနှင့်စစ်တပ် ၊ ပြည်ထဲရေးလက်အောက်ရှိအကျဉ်းဦးစီးဌာန၀န်ထမ်းအချို့  သာတရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရိသော မြန်မာနိုင်ငံတွင် အရပ်သားတယောက်၏လက်ထဲ၌ သေနတ်တလက်ရှိနေလျှင်ပင်များလှပြီဖြစ်သည် ။ အမဲလိုက်ချင်၍ မိမိကိုယ်ကိုကာကွယ်ချင်၍ ဆိုသည်မှာလည်း ဘူးသီးတောင်မောင်တော ဒေသတွင် ကျီးလန့်စာစားနေနေရသော ရခိုင်များ၊ တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များဆိုလျှင်လည်းယုတ္တိရှိပါသည် ။ ဆင်များ၊ကျားများ ၊ ၀က်ဝံများ သောင်းကျန်းလွန်းသော ချင်းတောင်၊ကချင်ပြည်နယ်အစွန်အဖျား ၊ရခိုင်ရိုးမ စသော တောကြိုအုံကြားမှ လူများဆိုလည်း မိမိကိုယ်ကိုယ်ကာကွယ်ဖို့သေနတ်တလက်တလေကိုင်တွယ်အသုံးပြုသည်ဆိုခြင်းမှာ ဥပဒေဘောင်မ၀င်သော်လည်း ယုတ္တိရှိသေးသည် ။ဖြိုးကိုကိုတင့်ဆန်းလို နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ACEဟိုတယ်တွင်နေထိုင်သူ ၊ရန်ကုန် မြို့တွင်နေထိုင်သူသည် ဘာအကြောင်းနှင့်မှလက်နက်ကိုင်ဆောင်စရာအကြောင်းမရှိပေ ။ ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်ကဆိုလျှင် စစ်သားသည်ပင်လျှင် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းသို့  ၀င်လျှင် လက်နက်ယူဆောင်လာခွင့်မရှိချေ ။ ယခုခေတ်တွင် လည်း အရပ်သားများအားအင်္ဂလိပ်ခေတ်ကလိုတရားဝင် လိုင်စင်ဖြင့်လက်နက်ကိုင်ဆောင်ခွင့်ပြုသည်ဟုမကြားမိပေ ။

သို့ သော် နေပြည်တော်တ၀ိုက်တွင်ပျောက်သွားသော အောင်ဝင်းခိုင်၊သူ၏အမှုတွဲဇေယျာဖြိုး ၊ အောင်ဝင်းဇော် ၊ ဖြိုးကိုကိုတင့်ဆန်း၊၂၀၁၇ စက်တင်ဘာလ ၂၇ မှအလုပ်ကထွက်လာသော မြှားပစ်ချန်ပီယံဟောင်း(အားကစားမှူး)နှစ်ဦး တို့ သည် ၉မမ ပစ္စတိုများဖောချင်းသောချင်း ကိုင်ချင်သလိုကိုင်နိုင်နေတာအံ့သြဖွယ်တွေ့ ရ၏ ။ဦးကိုနီအမှုအတွက် ရန်ကုန်ဗဟန်းတွင်ရှိသော ဇေယျာဖြိုး၏ရုံးခန်းကွန်ဒိုအားသွားရှာစဉ်ကလည်း စကားပြောစက်နှစ်လုံး ၊ ချိုင်းတွင်လွယ်သောသေနတ်အိတ် နှစ်လုံး ကိုတွေ့ ခဲ့ရသည် ။ သေနတ်တော့ဖမ်းမိသည့်အထဲတွင်မပါတော့ ။အမြန်လက်စဖျောက်လိုက်ပြီးပြီဟု ယူဆရသည် ။ထိုဦးကိုနီလူသတ်မှုမှအမှုတွဲ အဖြစ်တရားစွဲခံထားရသူ ဇေယျာဖြိုးသည် တပ်မတော်မှ အသက် ၄၂ နှစ်တွင် အငြိမ်းစားယူခဲ့ပြီး ရဲတပ်ဖွဲ့နှင့်ဆက်စပ်ပြီးလုပ်ငန်းများလုပ်ကိုင်နေသည် ဟုသိရကြောင်း ၊ ရဲချုပ်ဇော်ဝင်း(ငြိမ်း) မှချီးမြင့်ထားသော ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်များကိုတွေ့ ရကြောင်းထိုအမှုမှရှေ့ နေဦးနေလက ပြောကြားသည် ။ ဤတွင် တပ်မတော်မှထွက်လာပြီးသူတယောက်သည် ရဲတပ်ဖွဲ့သို့တရားဝင်ပြောင်းရွေ့ လာခြင်းမဟုတ်ပဲ မည်သည့်အလုပ်များကိုရဲနှင့်ပေါင်းလုပ်ခဲ့သနည်းဆိုတာလည်း ပြည်ထဲရေးဝန်ကြီးကို လွှတ်တော်ကိုယ်စားလှယ်များကရှင်းရှင်းလင်းလင်းမေးဖို့ကောင်းသည် ။ တဆက်တည်းမေးစေချင်သည်မှာ မြန်မာနိုင်ငံတွင်အရပ်သားများကို လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခြင်းကိုခွင့်ပြုထားခြင်းရှိမရှိ ၊ ခွင့်ပြုခဲ့လျှင် လူဦးရေမည်မျှကိုခွင့်ပြုထားသလဲ၊မည်သူတွေကို ခွင့်ပြုထားလဲ ဆိုသောမေခွန်းကို ပြည်သူလူထုအားလုံး၏လုံခြုံရေးအတွက် အားလုံးသိအောင်မေးမြန်းပေးစေချင်သည် ။

ဖြိုးကိုကိုတင့်ဆန်းသည် ဤမျှများပြားသောသေနတ်နှင့်ကျည်ဆန်များကိုဘယ်ကရခဲ့သလဲ ၊ ကျည်ကာအင်္ကျီ ၊ စနိုင်ပါမှန်ပြောင်း များကိုဘယ်ကရခဲ့သလဲ ။ပြည်တွင်းမှ လုံခြုံရေးကျိုးပေါက်ခြင်းဟုတ်မဟုတ် ။ ပြည်ပမှတရားမ၀င်မှောင်ခိုဝင်သည်ဆိုလျှင် နယ်စပ်မှသည် နေပြည်တော်အထိ မည်သည့်လမ်းကြောင်းမှ မည်သူ့အဆက်အသွယ်ဖြင့် မည်သို့ သယ်ယူခဲ့သလဲ ဆိုတာဖော်ထုတ်ကြရမည်ဖြစ်သည် ။ ။National Security Council ဟူသော တံဆိပ်များကိုမည်သူ့ ခွင့်ပြုချက်နှင့် အသုံးပြုခဲ့သလဲ ။လူဆိုးဂိုဏ်းထောင်သလိုလို၊ကိုယ်ပိုင်တပ်ဖွဲ့သလိုလို လုပ်ရပ်ကိုနိုင်ငံတော်ကလက်ခံပါသလား ၊ထိုအပြုအမူများအတွက်သီးခြားအရေးယူရန်ဥပဒေမရှိဘူးလားဆိုတာလည်း ဥပဒေရှုထောင့်မှမေးရမည့်မေးခွန်းဖြစ်ပေသည်။အမှန်စင်စစ် အများသူငါစီးနင်းလိုက်ပါမည့်လေယာဉ်တစီးပေါ်သို့  လက်နက်တင်ဆောင်ရန်ကြံစည်ခြင်းသည် အကြမ်းဖက်မှုကိုကျူးလွန်ရန်ရည်ရွယ်ချက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ အကြမ်းဖက်မှုမြောက်နေပြီဖြစ်သည် ။ ထို့ ကြောင့် မူးယစ်ဆေးဝါးမှု ၊လက်နက်မှုများသာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ (င) ဖြင့်ပါ အရေးယူသင့်ပေသည် ။ သို့ သော်ကျွန်ုပ်တို့သည် စတုတ္ထမဏ္ဍိုင်အနေနှင့်ထောက်ပြဝေဖန်ရုံမှတပါးတရားစီရင်ရေးမဏ္ဍိုင်ကိုဝင်ရောက်စွက်ဖက်လိုစိတ်မရှိပါ ။ ထို့အတူ ရဲတပ်ဖွဲ့သည်လည်းကောင်း ၊ တရားစွဲအဖွဲ့အစည်းများသည်လည်းကောင်း ၊သြဇာအာဏာရှိသောပုဂ္ဂိုလ်များသည်လည်းကောင်း တရားစီရင်ရေးကိုဝင်ရောက်မစွက်ဖက်ဖို့လိုပါသည် ။တရားမစွဲဆိုမီကပင် တရားခံဘက်မှ ပင်းသော အမှုကိုဖော့ပစ်သောမည်သည့်မှတ်ချက်စကားမှလက်လွတ်စပယ်မပြောကြဖို့လိုသည် ။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောသလိုတရားဥပဒေအထက်တွင်မည်သူမျှမရှိဘူးဆိုသည့်စကားကို နောက်လိုက်အားလုံးက သက်သေပြကြဖို့လိုသည် ။

အချို့သော သူများသည် မိမိထံမှပြုတ်ကျသွားသောအာဏာဟူသည့်ပန်းကလေးကို ပြန်လည်ဆယ်ယူရာ၌ ပြည်သူလူထုဆိုသော တံခြူဖြင့် အောင်ပန်းဆင်ခူးဆွတ်ဖို့မကြံစည်ပဲ မမီသည့်ပန်းကိုသေနတ်ခုပြီးလှမ်းဖို့လည်းကြံတတ်ကြပေရာ နိုင်ငံ့ခေါင်းဆောင်များ၏လုံခြုံရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို အားလုံးသတိကြီးစွာ ၀ိုင်းရ၀န်းရမည့်အချိန်ဖြစ်သည်။ ရခိုင်ကိစ္စ ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စများ၊ဘင်္ဂလီအရေးနိုင်ငံတကာဖိအားများဖြင့် တနိုင်ငံလုံး ဗျာများနေကြချိန်တွင် အာဏာသည်သေနတ်ပြောင်းဝမှလာသည်ဆိုသော အယူဝါဒရှိသည့်ပုဂ္ဂိုလ်များ အချိန်ကိုက်လှုပ်ရှားလာမှာကိုတော့ စိုးရိမ်မိပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၀.၁၀.၂၀၁၇
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.