“သေနတ်” ကို အမိန့်ပေးနိုင်တဲ့ “ဒီမိုကရေစီ” ဖြစ်မှ ... ဖြိုးကိုကိုတင့်ဆန်းတို့ရဲ့ “လက်နက်/မူးယစ်ဆေးဝါးအမှုကြီး”


တစုံတယောက်က ချောက်ချလိုက်လို့ ပေါ်လာရတာ ဟုတ်ပုံမရ ပါဘူး။ သူတို့ အချင်းချင်းအကြားက ပုံမှန်လည်ပတ်နေမှု ရုတ်တရက်“ဂျမ်း” ဖြစ်ပြီး ပေါ်လာရတဲ့ပုံပါပဲ။
“သူတို့အချင်းချင်း” ဆိုတာ“ဖြိုးကိုကိုတင့်ဆန်း”တို့လို ခရိုနီကြီးတွေ၊ အာဏာပိုင်ကြီးတွေ၊ အဆင်မြင့်လုံခြုံရေးဝန်ထမ်းတွေကို ဆိုလိုတာပါ။ “ပုံမှန်လည်ပတ်နေမှု” ဆိုတာက သူတို့အချင်းချင်းအကြားက ဆက်ဆံမှု၊ ဆက်သွယ်မှု၊ နားလည်မှုတွေကို ပြောတာပါ။
“ ဖြိုးကိုကိုဆန်း”တို့လို ခရိုနီကြီးတွေ(ယခုအမည်သစ် “တိုက်ကွန်း”) အာဏာပိုင်တွေအကြားက ဆက်သွယ်ဆက်ဆံမှုဆိုတာ အရိပ်တစ်ထွာပြလိုက်ရင် “ခါကာဘိုရာဇီတောင်” လောက်ရှိတဲ့ အကောင်ကြီးတွေကို မြင်စေထင်စေတဲ့၊ ညက်ပြီးညောနေတဲ့ ဆက်ဆံမှု မျိုးပါ။ “အဝင်ညက်ပြီး အထွက်လွယ်”တဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။
ခရိုနီ/တိုက်ကွန်းတွေနဲ့တချို့စစ်ဗိုလ်ချုပ်ကြီးဟောင်း/သစ်တွေအကြားကဆက်ဆံရေးဆိုတာဟာခမည်းခမက်၊သမက်ယောက္ခ၊ သွေးရင်းသားရင်း၊ တလှေထဲစီး တခရီးထဲသွား။

ရုတ်တရက် “ဂျမ်း” ဖြစ်ပြီး ပေါ်လာရတာဖြစ်တယ်ဆိုတာက ဘယ်လိုအကြောင်းအချက်ရှိလို့ ဒီလိုထင်မြင်ယူဆရစေတာလဲ။
လူသိရှင်ကြား ပြောစကားနှစ်ခုကို အခြေခံပြီး ဒီကောက်ချက်ကို ချကြည့်တဲ့သဘောပါ။
တစ်ယောက်က ပြန်ကြားရေးဝန်ကြီးဟောင်း/စစ်ဗိုလ်ဟောင်း(ဗိုလ်) ဦးရဲထွဋ်။ နောက် တစ်ယောက်က နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်ဖြစ်ပါတယ်။ သူတို့ဟာ အဆင့်မြင့်အရာရှိကြီးတွေပါ။ အကောင်ကြီးတွေပါ။
ပြီးတော့ “သေနတ်နဲ့လုံခြုံရေး” ဆိုတာ သူတို့ကျွမ်းတဲ့ တော၊ သူတို့ကျက်စားတဲ့ အပိုင်စားနယ်မြေပဲ မဟုတ်ပါလား။

ဒီလိုလူတွေက ဒီဖြစ်ရပ်အပေါ်မှာပြောတဲ့စကားတွေကို ကြည့်ပါ။
သူတို့ပြောဆိုချက်တွေကသူတို့နဲ့ခရိုနီတိုက်ကွန်းတွေအကြားမှာ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဆက်ဆံရေးနဲ့အပြန်အလှန်နားလည် မှု ဘယ်အတိုင်းအတာထိရှိနေသလဲဆိုတာကို အထင်အရှား ထင်ဟပ် ညွန်ပြနေပါတယ်။
သူတို့ပြောတာတွေက ဝတ်ကျေတမ်းကျေ(ဖာ)ထေးပေးရုံသက်သက် မကပါဘူး။ အပြန်အလှန်အကာအကွယ်ပေးနေကြတာ၊ စောင့်ရှောက်ပေးနေကြတာ ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးနေကြတာ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို သိသာမြင်သာစေပါတယ်။ ထင်ရှား စေပါတယ်။
ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့ ပြန်ဝန်ဟောင်း(ဗိုလ်) ဦးရဲထွဋ်ရေးထားတဲ့(comment)နဲ့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် ရေးတာနဲ့ ပြောတာကိုပဲ ကြည့်ပါ။

ပြန်ဝန်ဟောင်း (ဗိုလ်)ဦးရဲထွဋ်က ဒီဖြစ်ရပ်အပေါ်ဂရုဏာဒေါသော ဖြစ်နေပုံပဲ။ သူပြောတာထဲမှာ အချက် သုံးချက်တွေ့ရတယ်။

၁။“မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရင်သေနတ်ကိုအိတ်ထဲထည့်ပြီးလေယာဉ်ပေါ်သယ်တဲ့အထိတော့လုပ်မှာမဟုတ်ဘူး”။ ( ဒါက ကာကွယ်ပေးတဲ့ အပြော။ ဒီအချက်ကို ဗိုလ်ရဲထွဋ်ဘက်က အပိုင်ပြောတာ)

၂။ “နေပြည်တော်ကနေ ရန်ကုန်အသွားအပြန်သွားနေတဲ့ ကားတွေရှိနေတာပဲ” ( ဒီအချက်က ဒီလို ကိစ္စတွေဟာ ဒီလိုပဲလွယ် လွယ်ကူကူ သွားလာနေကြတာ သူတို့ အဖို့ဘာမှ ဆန်းတဲ့ကိစ္စမဟုတ်ဘူး။ သာမန်လုပ်ရိုးလုပ်စဉ်တွေလို့ဆိုတဲ့သဘော)

၃။ “လေယာဉ်ကွင်းမှာ ဘယ်လို စစ်ဆေးတယ်ဆိုတာ သာမန်လူတောင်သိနေတာပဲလေ” ( ဒီအချက်ကလည်း ဒီကောင်ဟာ လူမှန်းသူမှန်းမသိအောင် “တစုံတရာ” ဖြစ်နေလို့သာ ဆိုတဲ့အချက်ဆီရောက်အောင် တမင်ပို့ပေးထားတဲ့အချက်ပဲ။ ဒါကလည်း ဖမ်းမိ ထားတဲ့ “မူးယစ်ဆေးဝါး” နဲ့ဆက်စပ်ပြီး သုံးသပ်ပုံပဲ)

နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးဇော်ခင်အောင်ပြောတာကတော့ ဗွီဒီယိုဖိုင်ကိုကြည့်ကြရတာမို့ သူ့သွေးအေးမှုနဲ့ ဖြစ်ရပ် အပေါ် ပေါ့ပေါ့တန်တန်သဘောထားပုံကို သူသုံးစွဲသွားတဲ့ စကားလုံးတွေနဲ့ သူ့မျက်နှာပေးကြည့်တာနဲ့သိနိုင်မြင်နိုင်ကြမှာဖြစ်ပါတယ်။

အခုတော့ ဒီပြဿနာက မီးခိုးကြွက်လျှောက်လိုက်ပြီး ပြဿနာတွေပေါ်လာနေပြီ။
ရဲမှူးကြီး ဇော်ခင် အောင်ပြောသလို “အတိုလေးတွေပါ” မဟုတ်တော့ဘူး။ “အရှည်တွေ” ပါ ရှာတွေ့နေပြီ။ “ကိုယ်ပိုင် ကာကွယ်နိုင်ဖို့ ဆောင်ထားတာပါ” ဆိုတဲ့စကားနဲ့ ဖမ်းဆီးရမိထားတဲ့ သေနတ်တွေ၊ ဆက်စပ်ပစ္စည်းတွေကို ပေါင်းစပ်ကြည့်ကြအုံးစို့။

ဒီဖြစ်ရပ်က “ဖြိုးကိုကိုတင့်ဆန်း”တို့လိုပဲ အခြားခရိုနီ/တိုက်ကွန်းတွေဟာလည်း သေနတ်တွေကိုင်ဆောင်ထားနိုင်မှာဖြစ်တယ်/ ထားမယ်ဆိုတဲ့အချက်ကို အလွယ်တကူ ကောက်ချစေနိုင်ပါတယ်။ ခရိုနီ/တိုက်ကွန်း ဘယ်နှစ်ဦး လက်နက်ကိုင်ဆောင်ထားနိုင်သလဲ။ ရဟတ်ယာဉ်တောင် ဝယ်စီးနေတော့ ဒီလို“အတို/အရှည်တွေ” ကိုင်ဆောင်ထားနိုင်တာ သွားလေရာသယ်ဆောင်နိုင်တာ ဘာမျှမဆန်းပါ ဘူး။ တချို့ခရိုနီ/တိုက်ကွန်းဟာ လက်နက်ပွဲစားပဲ မဟုတ်လား။

နောက်တစ်ဆင့်တိုးစဉ်းစားစေနိုင်တဲ့ အချက်က ခရိုနီ/တိုက်ကွန်းတွေဟာ လက်နက်တွေကို “ကိုယ်ပိုင်ကာကွယ်ရေးအဖွဲ့” တွေဖွဲ့ထားနိုင်တဲ့ အချက်ပါပဲ။ အင်အားဘယ်လောက်ရှိသလဲ။ တပ်စိတ်လား၊ တပ်စုလား၊ တပ်ခွဲလား၊ တပ်ရင်းလား။
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လိုအပ်တဲ့ အချိန်အခါအခြေအနေရောက်လာရင်(လူ+လက်နက်) အသင့်ကိုင်ဆောင်လှုပ်ရှားနိုင် ဖို့ ကုမ္ပဏီမှာ အခြားဝန်ထမ်းပုံစံနဲ့အသွင်ယူဖွဲ့စည်းထားတာတွေရောရှိနေသလား။ ဒီလိုလက်နက်ငယ် (တို/ရှည်) ကိုင်ဆောင်ခွင့်၊ လူနဲ့ တပါတည်းသွားလေရာသယ်ဆောင်ခွင့်၊ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်ထားခွင့်၊ အထူးပတ်စ်ပို့ကိုင်ဆောင်ခွင့် စတာတွေကို ဘယ်သူ တွေက ခွင့်ပြုထားသလဲ။ ဒီကိုင်ဆောင်ခွင့်တွေကို ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ပေးသလဲ။ ဒီခွင့်ပြုမိန့်ကို ဘယ်သူက တိုက်ရိုက်ပေး သလဲ။ ပြည်ထဲရေးဝန်ကြီးလား၊ ကာချုပ်လား။

ဖော်ပြပါအချက်တွေဟာ “ဖြိုးကိုကိုတင့်ဆန်း”တို့ရဲ့“လက်နက်/မူးယစ်ဆေးဝါးအမှု”နဲ့အတူ ပေါ်ပေါက်လာတဲ့ ဆက်စပ်စဉ်းစား တွေးတော၊ ဝေဖန်ဆန်းစစ်စရာ၊ မေးခွန်းထုတ်စရာ အချက်အလက်တွေပဲဖြစ်ပါတယ်။ ဒီကိစ္စတွေကို လွတ်လပ်မှုနဲ့လုံခြုံမှုကို နှစ်ဖက်မျှ ပေးဖို့ဆိုတဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို မျှော်မှန်းရှေ့ရှုကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်လည်းဖြစ်နေပါတယ်။
သေချာတာတော့ ခရိုနီ/တိုက်ကွန်းတွေမှာ သေနတ်(တို/ရှည်) တွေကိုင်ဆောင်ထားကြတယ်။ ကိုယ်ပိုင်သက်တော်စောင့် သေနတ်ကိုင်အဖွဲ့လေးတွေထိတောင်ရှိနိုင်တယ်။ ကိုယ်ပိုင်ဗေဒင်ဆရာ အကြားအမြင်ဆရာရှိသလို ကိုယ်ပိုင်ထောက်လှမ်းရေးအဖွဲ့ တွေ တောင်ရှိနေနိုင်ပါတယ်။
ပြည်သူတွေရဲ့နေ့စဉ်ဘဝကတော့ အဘက်ဘက်က လုံခြုံမှုနဲ့လက်ဦးမှုအစဉ်ကင်းမဲ့နေပြီး ခရိုနီတိုက်ကွန်းတွေနဲ့ အာဏာပိုင် တွေကတော့ ကိုယ်ပိုင်တပ်ဖွဲ့တွေ/ကိုယ်ပိုင်သေနတ်တွေနဲ့ အေးချမ်းလုံခြုံနေပါပေါ့လား။
ဒါကြောင့် ဒီလို အခွင့်ထူးမျိုးစုံ ရရှိထားတဲ့ ခရိုနီတွေ/တိုက်ကွန်းတွေကို သာမန် ရဲမှူးလေးတွေက ဘယ်လို ထိဝံ့မှာလဲ။ ၄ လောင်းပြိုင်၊ ၅ လောင်းပြိုင် အမှုတွေရဲ့ လက်သည်တရားခံ မဖော်ထုတ်နိုင်တာဟာလည်း ဘာမှ မဆန်းဘူးလို့ဆိုရပါလိမ့်မယ်။

ပိုပြီးသေချာတဲ့အချက်ကတော့
ခရိုနီ/တိုက်ကွန်းတွေဟာ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်” ထဲမှာ သေနတ်ကို အမိန့်ပေးနိုင်ခွင့် တစုံတရာရရှိထားကြ တယ်၊ သေနတ်ကိုင်ထားကြသူတွေကို အိတ်ထောင်ထဲထည့်ထားနိုင်တယ်၊ (သို့တည်းမဟုတ်) သေနတ်ကိုင်နိုင်သူတွေဟာ သူတို့ အိတ် ထောင်ထဲမှာရောက်နေကြတယ် (သို့မဟုတ်) သူတို့နဲ့နှစ်ကိုယ့်တစ်စိတ်ဖြစ်နေတယ် (သို့မဟုတ်) တစီးပွားထဲဖြစ်နေတယ်၊ သေနတ်ကိုင် ထားသူတွေဟာ သူတို့သားမက် (သို့မဟုတ်) ခမည်းခမက်ဖြစ်နေတယ်၊ သမီးယောက်ဖဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီလိုဖြစ်လာရတာကလည်း “သေနတ်”က “ဒီမိုကရေစီ” ကို နှစ်ပေါင်းများစွာ အမိန့်ပေးနိုင်ခဲ့လို့ပါပဲ။
ဒါကြောင့် “ဒီမိုကရေစီ”က“သေနတ်”ကို အမိန့်ပေးနိုင်အောင် ပြောင်းလဲပစ်ကြရမှာပါ။
တချို့တွေပြောနေကြတဲ့ “အရပ်ဘက်/တပ်ဖက်ဆက်ဆံရေး” ဆိုတာ ပြောင်းပြန်ဖြစ်နေတဲ့( “သေနတ်”က “ဒီမိုကရေစီ” ကို အမိန့်ပေးနေတဲ့) ဒီအနေအထားကို နေရာမှန်ဖြစ်တဲ့( “ဒီမိုကရေစီ” က “သေနတ်” ကို အမိန့်ပေးနိုင်တဲ့ ) အနေအထား သို့ရောက်အောင် ပြောင်းလဲပစ်ဖို့ဖြစ်သာပါတယ်။ စစ်မှန်တဲ့အပြောင်းအလဲဆိုတာ ဒီလိုပြောင်းလဲနိုင်မှသာ မှန်မှန်ကန်ကန်ခေါ်ဆိုရမယ့် အမည်နာမဖြစ် ပါ တယ်။
“၂၀၀၈ အခြေခံဥပဒေ” ဆိုတာကတော့ “သေနတ်” က “ ဒီမိုကရေစီ” ကို အမိန့်ပေးခွင့်ထာဝစဉ် ရှိနေတဲ့ အခြေခံဥပဒေဖြစ် ပါတယ်။ ဒါကြောင့် ဒီမိုကရေစီက သေနတ်ကို အမိန့်ပေးနိုင်တဲ့ အခြေခံဥပဒေနဲ့ မလွဲမသွေအစားထိုးရမယ်။ “၂၀၀၈ အခြေခံဥပဒေ” ကို
ဖျက်​သိမ်းပစ်​ရမယ်​။

တူမောင်ညို
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.