ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲများသည် ဖိနှိပ်ခံနေရမှုများကို ညီညွတ်မှုဖြင့် တုံ့ပြန်နိုင်ရန် ရည်ရွယ်ဟု ဦးဥာဏ်ဝင်း ပြောကြား


နိုင်ငံအနှံ့ကျင်းပခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲများနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်ကော်မတီ (CEC)၏ ညွှန်ကြားချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဖိနှိပ်ခံနေရမှုများကို ညီညွတ်မှုဖြင့် တုံ့ပြန်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု NLD ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ပြန်ကြား ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယင်းပွဲများသည် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်နိုင်ကြောင်း မှန်းဆသုံးသပ်မှုများ ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည်က တစုံတရာညွှန် ကြားချက်ပေးခဲ့ခြင်းမရှိကြောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။ ''မပေးပါဘူး။ ကျွန်တော်တို့ CEC က လုပ်တာပါ''ဟု ဦးဥာဏ်ဝင်းက အောက်တိုဘာ ၂၅ ရက်တွင် News Watch သို့ ပြောကြားသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲများအပေါ် အဆိုးမြင်ဝေဖန်မှုများလည်း ထွက်ပေါ်နေပြီး ယင်းဝေဖန်မှုများအပေါ် တုံ့ပြန်ပြောဆိုရန်မရှိကြောင်း၊ အကြောင်းအမျိုးမျိုးအပေါ် မူတည်ကာဖြစ် ပေါ်နေသည့်ဖိနှိပ်ခံနေရမှုများကို ညီညွတ်မှုဖြင့် တုံ့ပြန်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

''သူတို့ကို ဝေဖန်တဲ့ဟာတွေကိုတော့ ကျွန်တော် ပြန်မပြောချင်ဘူး။ ကျွန်တော်တို့ ပြောချင်တာက ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်ခါမှာ အကြောင်းအမျိုးမျိုးအပေါ်မှာ မူတည်ပြီးတော့ ဖိနှိပ်ခြင်းကို ခံနေရတယ်။ ကျွန်တော်တို့နိုင်ငံဟာ သေးသေးလေးပါ။ လူဦးရေရော၊ ဘာရော။ အဲဒီတော့ ကျွန်တော်တို့က ဒါတွေကို ခုခံ နိုင်ဖို့ဆိုရင် ညီညွတ်မှဖြစ်မယ်။ ဒါညီညွတ်ရေးကို ကျွန်တော်တို့ လုပ်နေတာပါပဲ''ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
နိုင်ငံအနှံ့ကျင်းပနေသည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲများကို ယခုလ (အောက်တိုဘာ)နောက်ဆုံးပတ်တွင် အပြီးကျင်းပသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ သို့သော် တိုင်းနှင့်ပြည်နယ်အလိုက် တာဝန်ယူကျင်းပသူများအပေါ် မူတည်၍ အချိန်ကွာခြားချက်ရှိနိုင်ကြောင်း သိရသည်။

ရန်ကုန်တွင် ပထမအကြိမ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲကို အောက်တိုဘာ ၁၀ ရက်တွင် အောင်ဆန်းကွင်း၌လည်းကောင်း၊ ဒုတိယအကြိမ် ဆုတောင်းပွဲကို အောက်တိုဘာ ၁၇ ရက်တွင် အင်းလျားကန်ဘောင်၌လည်းကောင်း၊ တတိယအကြိမ်ဆုတောင်းပွဲကို အောက်တိုဘာ ၂၄ ရက်တွင် သုဝဏ္ဏ၌လည်းကောင်း ကျင်းပခဲ့ပြီး စတုတ္ထအကြိမ် (နောက်ဆုံးအကြိမ်) ဆုတောင်းပွဲကို အောက်တိုဘာ ၃၁ ရက်တွင် မြို့တော်ခန်းမရှေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲများကို တိုင်းနှင့်ပြည်နယ်အလိုက် ပါတီအလုပ်အမှုဆောင်အဖွဲ့က တာဝန်ယူကျင်းပရန် ဗဟိုအလုပ်အမှု ဆောင်ကော်မတီက ညွှန်ကြားခဲ့ပြီး တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များက ကူညီပံ့ပိုးမှုများပေးခဲ့ကြောင်း သိရသည်။

မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.