လူဆိုး၊ လူမိုက်များကို ခေါ်ယူအသုံးချမှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ GPRM အဖွဲ့ ဖွဲ့စည်း


“လက်မည်းကြီးလို့ ပြည်သူလူထုက အမည်တပ်ထားတဲ့ အဖွဲ့အစည်းဟာ ထောင်ထွက်လူဆိုး၊ လူမိုက်တွေကို ပထမဆုံးအနေနဲ့ စွမ်းအားရှင်အဖြစ် အသုံးချပြီး အခုအချိန်မှာတော့ ထောင်ထွက်တွေကို ကြေးစားလူသတ်သမားတွေဖြစ်အောင် …”

------ ------ ------ ----- -----

လူဆိုး၊ လူမိုက်များကို မကောင်းသည့်အဖွဲ့အစည်းများက ခေါ်ယူအသုံးချမှုများကို ကာကွယ်နိုင်ရန်နှင့် ပြည်သူများ ဒုစရိုက်ဘေးမှ ကင်းဝေးနိုင်ရန် ရည်ရွယ်၍ အထွေထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး(မြန်မာ)(General Prisoner's Rehabilitation Myanmar(GPRM) အဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ ဥက္ကဌ အင်းစိန် အောင်စိုးက ပြောသည်။

အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ City Star Hotel၌ပြုလုပ်သည့် GPRM ၏ လုပ်ငန်းစဉ်များနှင့် မူဝါဒများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် အင်းစိန်အောင်စိုးက ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးအချိန်ကစပြီး ဒီနေ့အချိန်ထိ မွေးရာပါ ပင်ကိုယ်စရိုက်ဆိုးကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ရာဇဝတ်မှု၊ ဒုစရိုက်မှုကျူးလွန်ပြီး အပြစ်ဒဏ်ကျခံသွားရတဲ့ သူတွေကို အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့အခါမှာ အစိုးရကဖြစ်စေ၊ ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်းကဖြစ်စေ ကူညီတာ၊ စောင့်ရှောက်တာ လုံးဝမရှိခဲ့ပါဘူး။ အဲဒီလို မရှိခဲ့တဲ့အတွက် လူဆိုး၊ လူမိုက်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အပယ်ခံအဖြစ်နဲ့ လူတောမတိုး၊ လူရာမဝင်ကြတော့ဘဲ ဒုစရိုက်လောကမှာ ဇာတ်သိမ်းသွားကြပါတယ်။ ဒီစကား၊ ဒီအကြောင်းအရာတွေဟာ ၁၉၈၈ ဟိုဘက်၊ မဆလခေတ်က လူဆိုး၊ လူမိုက်တွေရဲ့ ဒုစရိုက်လောကမှာ ဖြတ်သန်းပြီးတော့ ဇာတ်သိမ်းသွားကြတဲ့ ပုံစံပါ။ ၁၉၈၈ နောက်ပိုင်း ဒီဘက်ခေတ်မှာတော့ နဝတ၊ နအဖ စစ်အာဏာရှင်ခေတ်ကနေ ဒီနေ့ ဒီမိုကရေစီခေတ်ထိအောင် လူဆိုး၊ လူမိုက်တွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးမှာ အစိုးရရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ပတ်သက်လာတာကို ကျွန်တော်တို့ အားလုံးသိပြီး ဖြစ်ပါတယ်”

“လက်မည်းကြီးလို့ ပြည်သူလူထုက အမည်တပ်ထားတဲ့ အဖွဲ့အစည်းဟာ ထောင်ထွက်လူဆိုး၊ လူမိုက်တွေကို ပထမဆုံးအနေနဲ့ စွမ်းအားရှင်အဖြစ် အသုံးချပြီး အခုအချိန်မှာတော့ ထောင်ထွက်တွေကို ကြေးစားလူသတ်သမားတွေဖြစ်အောင် ငွေနဲ့ ဖျားယောင်းသွေးဆောင်ပြီး ယုံကြည်လောက်တဲ့ မက်လုံးတွေပေးကာ အသုံးချမှုတွေ စတင်လုပ်ဆောင်လာတာကို ကျွန်တော့်ကိုယ်တွေ့ဖြစ်သလို တနိုင်ငံလုံးလည်း သိကြပါတယ်။ အလားတူကိစ္စရပ်တွေ ဖြစ်ပေါ်လာမှာကို သတင်းမျိုးစုံကြားသိနေရတဲ့အတွက် ကျွန်တော်တို့အဖွဲ့အနေနဲ့ ထောင်ထွက်တွေကို တဖက်အဖွဲ့အစည်းက ခေါ်ယူအသုံးချလို့ မရနိုင်အောင် တားဆီးတဲ့အနေနဲ့၊ အတိုင်းအတာတခုအထိ လက်မည်းကြီးတွေရဲ့ လုပ်ရပ်ကို ဟန့်တားပြီးဖြစ်သလို ပြည်သူလူထုကိုလည်း ဒုစရိုက်ဘေးက ကင်းဝေးအောင် လုပ်ဆောင်ပေးဖို့အတွက် ဒီအဖွဲ့အစည်းကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

GPRMကို ဥက္ကဌအင်းစိန်အောင်စိုး၊ ဒုဥက္ကဌဦးဝင်းနိုင်ထွေး၊ အတွင်းရေးမှူး ဒေါ်အိချယ်ရီအောင် အပါအဝင် အလုပ်အမှုဆောင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူများ၏ စားဝတ်နေရေးနှင့် မိသားစုဘဝရပ်တည်နိုင်ရန် အလုပ်အကိုင်ရှာဖွေပေးခြင်း အပါအဝင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် ၉ ရပ်ချမှတ်ထားကြောင်းလည်း သိရသည်။

မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.