အင်းစိန်အကျဉ်းထောင်ထဲမှ သမိုင်းပါရဂူ



အာဏာရှင်ရဲ့ အကျဉ်းသားဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ပါရဂူတစ်ယောက်အကြောင်းကို တင်ပြမှာပါ။ သူကတော့ ဆရာဒေါက်တာ အေးချမ်းပါပဲ။ ဆရာကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအပိုင်းအစတစ်ခုကို သူပြောပြခဲ့တာတွေထဲက ကျွန်တော် မှတ်မိသလောက် ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားခဲ့တဲ့နှစ်မှာ ကျွန်တော့်ဘ၀မှာလည်း ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်ခဲ့တဲ့နှစ်ပေါ့။ အဲဒီနှစ်မှာပဲ ကျွန်တော် ပါရဂူဘွဲ့ရခဲ့တယ်။ သမိုင်းသမားတို့ သမိုင်းဆရာတို့ဆိုတာ နိုင်ငံရေးကို သီးခြားလိုက်စားနေရတာမျိုး မဟုတ်ဘူးဗျ။ အဲဒီဖြစ်ပျက်နေတဲ့ သမိုင်းတွေကို လေ့လာသင်ယူ သင်ပြရေးသားနေရတဲ့ အလုပ်နဲ့ နပန်းလုံးနေရတဲ့ ဘ၀ပါပဲ။ ကျွန်တော်က သမိုင်းချည်း သက်သက်ဝါသနာပါတာ မဟုတ်ပါဘူး။ အနုပညာဘက်မှာလည်း အတော်လိုက်စားခဲ့ဖူးတယ်။ ၁၉၈၃ ခုနှစ်မှာ ဂျပန်ပြည် ကျိုတိုတက္ကသိုလ်မှာ ပါရဂူတန်းကို တက်ခွင့်ရခဲ့တယ်။ ဂျပန်မှာ ငါးနှစ်ကြာခဲ့တယ်။ ဂျပန်က ပြန်လာတော့ ရန်ကုန်တက္ကသိုလ်မှာပဲ အလုပ်ပြန်ဝင်ရတယ်။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် တက္ကသိုလ်ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက တော်တော် အရှိန်ရနေပြီ။

ကျောင်းထဲမှာ ဇွန်လအရေးအခင်းဖြစ်နေပြီ။ ဒီအချိန်မှာ သမိုင်းဌာနပါမောက္ခ ဦးထွန်းအောင်ချိန်က ဇွန်လအရေးအခင်းကို ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ သွားရောက် ညှိနှိုင်းပြောဆိုဖို့ ကျွန်တော့်ကို တာဝန်ပေးလာတယ်။ ဒီလို တာဝန်ပေးလာတော့ ကျွန်တော်က “ဟာ ဆရာကြီးကတော့ လုပ်ပြီ။ ဆိုင်းမထည့်နဲ့ဆိုတဲ့ ဘုန်းကြီးအကြောင်းကို ကြားဖူးတယ် မဟုတ်လား။ ကျွန်တော်က ကျောင်းသားတွေကို မတားဆီးနိုင်ဘဲ ကိုယ်တိုင်ဆန္ဒပြရာမှာပါ သွားမှဖြင့်ဟုတ်ပေ့ ဖြစ်နေဦးမယ် ဆရာ” လို့ ဆိုတော့ ပါမောက္ခက “ပါလည်းပါပေါ့ ဆရာရယ်။ ကိုယ်တို့ဌာနမှာက အားကောင်းမောင်းသန်ဆိုလို့ ကိုရင်တို့လောက်ပဲ ရှိတာလို့” ဆိုရှာတယ်။ တကယ်ပါပဲ၊ ကျွန်တော်လည်း ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံအားပေးရင်း တပည့်တွေနဲ့ အတူတူ တဖြည်းဖြည်း ပါသွားခဲ့တယ်။ နောက်ဆုံးမတော့ စစ်ကြောရေးစခန်း ခရောင်းလမ်းကို ဖြတ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံရသည်အထိ ဆိုပါတော့။

ဒီလိုနဲ့ တစ်နေ့မှာတော့ ကျောင်းသားတစ်ယောက်က အခုလိုမေးလာတယ်။ ဆရာ “အကျဉ်းထောင် လက်စွဲဥပဒေ” ကို ဖတ်ဖူးသလားတဲ့။ ကျွန်တော်က “ငါတော့ သေချာမဖတ်ဖူးဘူး။ ဒါပေမဲ့ ငါကြားဖူးသလောက်တော့ အကျဉ်းသားအခွင့်အရေးဆိုတာက အရင်ဆုံးလာပြီးမှ အဲဒီနောက်မှာ အကျဉ်းသားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေ မလိုက်နာရင် ချမှတ်ခံရမယ့် ပြစ်ဒဏ်တွေဆို တာလာတယ်လို့ ကြားဖူးတယ်” လို့ ပြောလိုက်တော့ အဲဒီကျောင်းသားက “ဒါဖြင့် ထောင်ပိုင်ကို ဆရာ့အနေနဲ့ ဒါကိုပြောသင့်တယ်။ ထောင်ပိုင်ကို ဆရာပြောပါ” လို့ အရေးဆိုလာတယ်။

အဲဒီအချိန်က အင်းစိန်ထောင် ထောင်ပိုင်ကြီးနာမည်က ဦးဘိုကြည်တဲ့။ သူက ကျွန်တော်တို့ကို တစ်လတစ်ခါ ခေါ်တွေ့လေ့ရှိတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခေါ်တွေ့တဲ့အခါတိုင်း သူ့နှုတ်က ရွတ်နေကျ စကားလုံးတွေက ဘယ်လိုလဲဆိုတော့ “ခင်ဗျားတို့ အားလုံးကို ဒီမှာ လာထားတာဟာ ခင်ဗျားတို့ကို ကျွန်တော်တို့ အင်းစိန်အကျဉ်းထောင်မှာ လာနေပါလို့ ခေါ်လို့ခင်ဗျားတို့ ရောက်လာတာ မဟုတ်ဘူး။ အဲဒီလိုပဲ ခင်ဗျားတို့ကလည်း ဒီနေရာမှာတော့ နေလို့ကောင်းပါတယ်ဆိုပြီး နေချင်လွန်းလို့ လာနေကြတာ မဟုတ်ဘူး။ ထားတဲ့သူက လာထားလို့ ကျွန်တော်တို့က လက်ခံထားရခြင်းသာ ဖြစ်တယ်။ အဲဒီမှာ အဓိကကတော့ ကျွန်တော်တို့က ဒီအကျဉ်းထောင်ရဲ့ ဥပဒေအတိုင်း လုပ်ရမှာပဲ” တဲ့။

သူ့ရဲ့ ရွတ်နေကျ ထောင်တရား အဆုံးမှာ “ကျွန်တော်က ဟုတ်ပြီ အကျဉ်းထောင် လက်စွဲဥပဒေမှာ ထောင်ပိုင်ကြီး ပြောသွားတာထဲမှာ ကျွန်တော်တို့ကို ဘယ်လို ပြစ်ဒဏ်ပေးနိုင်တယ်။ ဘယ်လို အပြစ်ပေးနိုင်တယ် ဆိုတာတွေကိုပဲ ပြောသွားတယ်။ အကျဉ်းထောင် ဥပဒေမှာ အကျဉ်းသား အခွင့်အရေး ဆိုတာလည်းပါတယ်။ အဲဒီ အကျဉ်းသား အခွင့်အရေးဆိုတာကိုလည်း ကျွန်တော်တို့ကို ပြောပြပါလို့” ဆိုတော့ ထောင်ပိုင်ကြီးရဲ့ မျက်နှာဟာ အတော်လေး မကြည်မလင် ဖြစ်သွားတယ်။

အဲဒီ တွေ့ဆုံပွဲပြီးလို့ သိပ်မကြာခင် စက်တင်ဘာ ၂၅ ရက် အရေးအခင်း ဖြစ်လာတယ်။ ကြိုးတိုက်က စအော်တယ်။ မနက်စောစော ငါးနာရီလောက်ကတည်းက “အကျဉ်းသား အခွင့်အရေး ရရှိရေး ဒို့အရေး ဒို့အရေး” လို့ ကြွေးကြော်ကြတယ်။ ဒီလို ကြွေးကြော်တော့ ထောင်မဖွင့်ပေးတော့ဘူး။ ထောင်ဖွင့်တယ်ဆိုတာ ရေချိုးဆင်းချတာ။ မိလ္လာချတာ။ အခန်းထဲကနေ တိုက်ဝင်းထဲကို ခဏလေး ထွက်ခွင့်ရတာကို ပြောတာ။ အခုဟာက ထောင်ကမပွင့်တာ သက်သက် မဟုတ်တော့ဘဲ အကျဉ်းသားတွေကို အရေးယူ အပြစ်ပေးတာကိုပါ ချက်ချင်း လုပ်လာတယ်။ ထောင်ဘူးဝတွေပေါ်မှာ လော်စပီကာကြီးတွေတင်ပြီး အဲဒီတုန်းက သိပ်ခေတ်စားခဲ့တဲ့ ဟင်္သာတထွန်းရင်ရဲ့ ‘စာဥ’ သီချင်းကို အကျယ်ကြီး ဖွင့်ထားတယ်။ ရည်ရွယ်ချက်ရှိရှိ ဖွင့်ထားတာ။ အင်းစိန်ထောင်တစ်ထောင်လုံး အရှင်လတ်လတ် ငရဲခံနေရတဲ့ အသံတွေအပြင်ကို လျှံထွက်သွားမှာကို ကာကွယ်တဲ့ အနေနဲ့ စာဥကို ဖွင့်ထားတာ။

အဲဒီတုန်းက ကျွန်တော်က ငါးတိုက်မှာ။ ငါးတိုက်မှာ ပထမဆုံး ဆွဲထုတ်ခံရတဲ့သူကတော့ ကျွန်တော်ပါပဲ။ လာပြီး အရင်ဆုံး ဆွဲထုတ်တာပါပဲ။ လာပြီးဆွဲထုတ်တဲ့လူက ကျောင်းနေဖက် သူငယ်ချင်း ပြုံးချိုတဲ့။ သူက ဒုတိယ ထောင်ပိုင်၊ ထောင်ပိုင်ကြီးပြီးရင် ဒုတိယအာဏာ အရှိဆုံးသူပေါ့။ သူက “သူငယ်ချင်း မင်းကို ထောင်ပိုင်ကြီးက စကားပြောချင်လို့ လိုက်ခဲ့ပါ” တဲ့။ ကျွန်တော်က “အေးပါ လိုက်ခဲ့တာပေါ့။ အေးဆေးပေါ့။ လိုက်တာပေါ့” ဆိုတော့ “ပုံစံလဲပါ” တဲ့။ ဒါကြောင့် ပုံစံလဲလိုက်တယ်။ ပြီးတော့သူက “သူငယ်ချင်း မင်းကို ဒီမှာထားလို့ မရတော့ဘူး” တဲ့။ “မင်းပစ္စည်းတွေ သိမ်းကွာ” တဲ့။ သိမ်းဆိုလည်း သိမ်းတာပေါ့ကွာဆိုပြီး ရှိတဲ့ဟာလေးတွေကို ကောက်ထည့်နေစဉ်မှာပဲ ကြာတယ်ကွာလို့ ဟိုခပ်လှမ်းလှမ်းက တစ်ယောက်က အော်ပြောတာကို ကြားလိုက်ရတယ်။ ကြာတယ်ကွာ လူပဲထုတ်ခဲ့ကြတဲ့။ ဒီလိုအသံမျိုး ကြားလိုက်ရတော့ ကျွန်တော်လည်း သဘောပေါက်နေပြီ။ ဘာဖြစ်တော့မယ်ဆိုတာအလိုလို သိနေပြီ။

အခန်းထဲက အထွက်မှာ ကျွန်တော့်မျက်နှာကို အ၀တ်နဲ့ အုပ်လိုက်တယ်။ တိုက်အပြင်ကို ရောက်တယ်ဆိုရင်ပဲ ဂန်းပိုက်နဲ့ တီးတာဗျာ။ ဗုန်း ဗုန်း ဗုန်းနဲ့ တစ်လမ်းလုံး ကျွဲရိုက်နွားရိုက် ရိုက်ပြီးတော့ ဆွဲခေါ်လာကြတယ်။ တစ်လမ်းလုံး တဗုန်းဗုန်းနဲ့ တီးပြီးတော့ ထောင်ကျရုံးကို သူတို့ခေါ်သွားကြတယ်။ အဲဒီကိုရောက်တာနဲ့ ချက်ချင်းအခြား တစ်ယောက်နဲ့တွဲပြီး သံခြေချင်း ခတ်လိုက်တယ်။ နှစ်ယောက်တွဲ သံခြေချင်းခတ်ပြီးတာနဲ့ အမိန့်ပေးသံ တစ်သံကြားရတယ်။ “လာခဲ့၊ မင်းတို့ နှစ်ယောက်၊ ဒီမှာလာထိုင်” တဲ့။ ကျွန်တော်က အတူတူ ခြေချင်းခတ်ခံထားရတဲ့သူကို “ခင်ဗျား ဘယ်သူလဲဗျ” ဆိုတော့ သူက “ကျွန်တော် အောင်ဟိန်းပါ” တဲ့။ “ငါ အေးချမ်း” လို့ ပြန်ပြောတော့သူက “အသံကြားကတည်းက ဆရာမှန်း ကျွန်တော်သိတယ်” တဲ့။ အဲဒီအချိန်မှာ စကားမပြောနဲ့ကွဆိုပြီး နောက်ကလာပြီးတော့ ဗုန်း ဗုန်းနဲ့ ဆော်ပလော်တီးပြန်ရော။ အဲဒီလို အတီးခံနေရချိန်မှာပဲ တစ်ယောက်က ၀င်လာပြီး ကျွန်တော့် မျက်နှာကို ခြေထောက်နဲ့ ကန်ထည့်လိုက်တယ်။ နောက်ပြန်လန်ပြီး ကျသွားတယ်။ ဒါပေမဲ့ ကျွန်တော့် ဦးခေါင်းဟာ မြေကြီးပေါ်ကို ကျခွင့်မရလိုက်ဘူး။

ခေါင်း မြေကြီးကို မကျခင် အချိန်လေးမှာ တခြားတစ်ယောက်က ၀င်လာပြီး နောက်ကနေ ဆောင့်ကန်ထည့်လိုက်ပါလေရော။ ဟိုတုန်းက ဘာအခွင့်အရေးမှ မရှိဘူးလေ။ နှိပ်စက်ခံသက်သက်။ အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့ ကာလ။ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်း မည်းမည်းမြင်ရာ ဖမ်းဆိုသလိုဖမ်းပြီး စစ်ခုံရုံးကနေ အပြစ်ပေးနေတဲ့ကာလ။ အာဏာပိုင်တွေဟာ ထောင်မချခင် စစ်ကြောရေးမှာ ဆန်ခါစစ်သလို အသားကုန် စစ်ဆေးမေးမြန်းပြီးတာကိုတောင် မကျေနပ်သေးဘဲ ထောင်ထဲရောက်တော့လည်း နေ့စဉ်ရက်ဆက်ခေါ်ပြီး စစ်ကြောရေး လုပ်သေးတယ်။ အင်မတန် စိတ်ပျက်စရာ ကောင်းတယ်။ ဒီလိုမျိုး ခဏခဏခေါ်ပြီး စစ်ကြောရေးလုပ်ခံနေရတော့ အရမ်းစိတ်ဆင်းရဲရတယ်။ ဒီလို စိတ်ပျက်ရာကနေ လူ့ဘ၀ကြီးကိုလည်း ငြီးငွေ့လာတယ်။ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့တဲ့ ပါရဂူတစ်ယောက်ရဲ့ ဘ၀ကလည်း အင်းစိန်ထောင် ငရဲတွင်းမှာ ကျခံဖို့ပဲလားလို့ တွေးမိလာတယ်။

ဒါကြောင့် စဉ်းစားမိတယ်။ ငါဘာဖြစ်တာလဲ။ ငါ ဒီတိုင်းပြည်ကို ပြန်လာတာဟာ အရမ်းကို မှားသွားပြီလား။ နိုင်ငံခြားမှာနေခဲ့ရင် အကောင်းသား။ ငါဒီပါရဂူဘွဲ့ကြီးကို ရယူပြီး တိုင်းပြည်အတွက်လည်းဘာမှ အကျိုးမပြုနိုင်တော့ဘူး။ လူမျိုးအတွက်လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ငါ့အဖေလည်းဆုံးပြီ။ အမေလည်း ဆုံးပြီ။ သမီးလေး တစ်ယောက်တော့ ရှိတယ်။ ငါ့မျိုးဆက်တော့ ကျန်ခဲ့ပြီ။ ဒီတော့ ငါအသက်ရှင်နေလို့ရော ဘာထူးဦးမှာလဲ။ သေလိုက်တာက ကောင်းဦးမယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ဒါကြောင့် ဘယ်လိုသေရမလဲလို့ စဉ်းစားကြည့်တော့ ခြေရင်းဘက်က နံရံအထက်ပိုင်းမှာရှိတဲ့ လေ၀င်ပေါက်က သံတိုင်မှာ လုံချည်ကို ကြိုးကွင်းသိုင်းပြီး ဆွဲကြိုးချလိုက်ရင် တစ်ခါတည်း ကိစ္စပြတ်ရောလို့ တွေးမိတာနဲ့ ဂန်ဖလားထည့်တဲ့ ထင်းရှူးပုံးကို နံရံဘက်ကို ရွှေ့လိုက်တယ်။ ဂန်ဖလားဆိုတာက ထောင်ထဲမှာ အိမ်သာအဖြစ် အသုံးပြုတဲ့ဟာကို ခေါ်တာ။ ကျွန်တော်က အရပ်ကလည်း နည်းနည်းရှည်တယ်ဆိုတော့ အဲဒီထင်းရှူးပုံးပေါ် ဂန်ဖလားတင်ပြီး တက်ထရွန်လုံချည်ကို သံတိုင်မှာလျှိုပြီး ချည်လိုက်တာ အတော်ပဲ ဖြစ်သွားတယ်။ ကျွန်တော့်လည်ပင်းကို အဲဒီလုံချည်ကွင်းထဲထည့်ကြည့်တာ အံကျပါပဲ။ အောက်က ရပ်ထားတဲ့ ဂန်ဖလားကို ဆောင့်ကန်လိုက်ပြီးတာနဲ့ ကျွန်တော်လည်း တစ်ခါတည်း သေရောပဲ။

ဒီအချိန်မှာ ကိုယ့်ဘာသာကိုယ် အရေးကြီးတဲ့ မေးခွန်းနှစ်ခု မေးကြည့်တယ်။ နံပါတ် (၁) မေးခွန်းက အေးချမ်း မင်းကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေရဲသလား။ သေ၀ံ့သလား ဆိုတော့။ ဟုတ်တယ် ငါ ငါ့ကိုယ်ငါ သတ်သေ၀ံ့တယ်။ မသေရဲစရာ ဘာအကြောင်းမှ မရှိဘူး။ နောက်မေးခွန်းတစ်ခုက အိုကေ ဒါဆိုရင် အခုလို ဆွဲကြိုးချ သေတာဟာ သူရဲကောင်းတစ်ယောက်ရဲ့သေခြင်းမျိုး ဟုတ်သလား။ နံပါတ် (၂) မေးခွန်းရဲ့ အဖြေကျတော့ မဟုတ်ဘူး။ ဒါဟာ သူရဲကောင်းတစ်ယောက်ရဲ့ သေခြင်းမျိုးတော့ မဟုတ်။ ဒါဖြင့် ဒါဟာဘာလဲ။ အဲဒီလို ကျွန်တော်တစ်ယောက်တည်း ဖြစ်နေတုန်း ကျွန်တော့်နားထဲမှာ လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်လောက်က အသံတစ်သံကို ပြန်ကြားလာတယ်။

တစ်နေ့မှာ ကျွန်တော်က အဖေ့ကို အခုလို ပြောပြတယ်။ “ပါပါ၊ မောင်မောင်လေ ကိုယ့်ကိုယ်ကိုယ် သတ်သေ၀ံ့တဲ့ လူတွေကို အရမ်းချီးကျူးတယ်ပါပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်ကိုတောင် သတ်ဝံ့တဲ့လူ၊ ဒီလူတွေဟာ တကယ်သတ္တိကောင်းတဲ့ လူတွေပဲလို့” ကျွန်တော်က ပြောတော့ အဖေက “ဟေ့ကောင် မင်းမှားနေပြီ။ မင်းထင်တာတွေ ဘာတစ်ခုမှ မဟုတ်ဘူး မောင်မောင်။ ငါ့သားမင်းရဲ့ အတွေးအခေါ်တွေ အရမ်းမှားနေပြီကွာ။ ဒီလို ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ လူတွေဟာ သတ္တိကောင်းလွန်းလို့ မဟုတ်ဘူးကွ။ သူတို့ဟာ လောကဓံတရားကို ရင်မဆိုင်ဝံ့လို့၊ ခံစားနေရတဲ့ ဒုက္ခတွေကို ရင်မဆိုင်ဝံ့လို့ ကြောက်လို့ လောကကြီးထဲက ထွက်ပြေးသွားကြတာ။ သတ္တိကြောင်တာ သူရဲဘောကြောင်တာကွ။ သတ္တိရှိတာ မဟုတ်ဘူး။ ပါပါတို့ လူဖြစ်လာတာ တကယ်တော့ လောကဓံကို လက်မြှောက်အရှုံးပေးဖို့ လူဖြစ်လာတာ မဟုတ်ဘူးကွ ငါ့သား။ လောကဓံလှိုင်းကို အနိုင်ယူဖို့ လူဖြစ်လာတာကွ” လို့ဆိုတဲ့ အဖေပြောခဲ့တဲ့ အသံကို ပြန်ကြားမိတော့ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်သွားတယ်။

ချီတုံချတုံနဲ့ပေါ့။ အဖေပြောတာ ယုတ္တိတန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးဘူး။ သေချာစဉ်းစားဦးမယ်လို့ စိတ်ကူးနေခိုက်မှာ တိုက်ဝက အသံတစ်သံ ကြားလိုက်ရတယ်။ တာဝန်ဆိုတဲ့ ထောင်ဝါဒါ ရုတ်တရက် အော်လိုက်တဲ့ အသံ။ ဒါကြောင့် သံတိုင်မှာ ချည်ထားတဲ့ လုံချည်စကို ခပ်သွက်သွက်ကလေး ဖြုတ်ယူလိုက်တယ်။ အဲဒီအချိန်မှာ တာဝန်ကျ အရာ ရှိဟာ ကျွန်တော့် အခန်းရှေ့ကို ရောက်လာနေပြီ။ ဒီလောက်နဲ့ပဲ တော်လိုက်ကြဦးစို့။ ဒီလိုဇာတ်မျိုးကို ပြန်ခင်းရတာ အဟောင်းတွေ အသစ်အသစ် ပြန်ဖြစ်တတ်လွန်းလို့ဆိုပြီး ဇာတ်လမ်းကို အဆုံးသတ်လိုက်လေတယ်။

writer: ဌေးဝင်း

===========

Eleven Media Group

http://news-eleven.com/features/22399

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6925,interview,212,knowledge,7,Live,8,LocalNews,15028,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: အင်းစိန်အကျဉ်းထောင်ထဲမှ သမိုင်းပါရဂူ
အင်းစိန်အကျဉ်းထောင်ထဲမှ သမိုင်းပါရဂူ
https://3.bp.blogspot.com/-pJB7GYyR7YQ/WhF6Avc96II/AAAAAAAAdvc/FH1pcA8Fq9YqEhWFC0HIUO4KcDpm7nBGwCLcBGAs/s320/q1.jpg
https://3.bp.blogspot.com/-pJB7GYyR7YQ/WhF6Avc96II/AAAAAAAAdvc/FH1pcA8Fq9YqEhWFC0HIUO4KcDpm7nBGwCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/11/blog-post_108.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/11/blog-post_108.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy