ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်း


ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သောအားဖြင့် ဂီတပညာရှင်နှင့် Live Aid ပွဲ၏ ထိပ်တန်းပုဂ္ဂိုလ် ဘော့ဂဲဒေါ့က သူ၏ဇာတိ Dublin မြို့ ဂုဏ်ထူးဆောင်ဘွဲ့ကို ပြန်အပ်ဆိုသော သတင်းကိုဖတ်ရတော့ စိတ်မကောင်း ဖြစ်ရသည်။ ဒီကောင်တွေနှယ် ဘာမသိညာမသိ တို့ခေါင်းဆောင်ကို တိုက်ခိုက် စော်ကားလှချေလားဟုလည်း တွေးမိပါသည်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်အပါအ၀င် အာဆီယံသုံးနိုင်ငံမှ ခေါင်းဆောင်များက ရခိုင်အရေးနှင့်ပတ်သက်၍ အာဆီယံအစည်းအဝေးတွင် ရှင်းလင်းပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအစည်းအဝေးတွင် တောင်းဆိုခဲ့ပြန်သည်။ တချိန်တည်းမှာပင် မြန်မာပြည်တွင်းမှလည်း NLD ပါတီက ကြီးမှူးကျင်းပသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံများ ကိုင်ဆောင်ခြင်းအပါအ၀င် နိုင်ငံရေးပရိယာယ်များ ထည့်သွင်းခဲ့မှုပြုသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီအပါဝင် ပါတီ ၂၇ ခုက ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်လေ၏။

မြန်မာနိုင်ငံတွင် ခေါင်းဆောင်ကောင်းရှားသည်။ ထို့အတူ မြန်မာနိုင်ငံဝယ် နောက်လိုက်ကောင်းလည်းရှား၏။ ကျွန်တော်တို့သည် ခေတ်အဆက်ဆက်ခေါင်း ဆောင်ညံ့များ၊ ကိုယ်ကျိုးရှာသမားများ၊ ခေါင်းရှောင်များနှင့်သာ တွေ့ကြုံလာရသည်ဖြစ်ရာ ခေါင်းဆောင်မှု ငတ်မွတ်သောပြဿနာကြီး ဖြစ်ပေါ်လာရပေသည်။ ခေါင်းဆောင်ကောင်းရှားပါးမှုနှင့်အတူ ကိုယ်ကျိုးရှာခေါင်းဆောင်များသာမက အတုအယောင်နောက်လိုက် များပါ နယ်ပယ်အသီးသီးတွင် ပေါ်ပေါက်လာတော့သည်။ ထိုကိစ္စကို ကျွန်တော်တို့သည် ခေါင်းဆောင် ကောင်းနှင့် နောက်လိုက်ကောင်း ဟူသောအမည်ဖြင့် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ လုပ်ခဲ့ဖူးသည်။ ခေါင်းဆောင်ကောင်းတယောက်၏အင်္ဂါရပ်ကို ဆရာညီမင်းညိုက ဤသို့ဖွင့်ဆို၏။

''ခေါင်းဆောင်ဆိုတာကို ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ပြေလည်အောင်ဆောင်ရွက်ပေးနိုင်တဲ့ သူတွေကို ခေါင်းဆောင်လို့ ကျွန်တော်က သတ်မှတ်ချင်တယ်။ ခေါင်းဆောင်ဆိုတာက နိုင်ငံရေးခေါင်း ဆောင်လား၊ ဘာသာရေးခေါင်းဆောင်လား၊ ပညာရေးခေါင်းဆောင်လား၊ ခေါင်းဆောင်တွေက မျိုးစုံရှိမှာပေါ့။ မိသားစုတစုမှာ အိမ်ထောင်ဦးစီးဟာ မိသားစုရဲ့ကိစ္စတွေကို ပြေလည်အောင် ဆောင်ရွက်ပေးရမယ်။ ပြေလည်အောင်ဆောင်ရွက်ပေးနိုင်တဲ့သူကို အိမ်ထောင်ရှင်ကောင်း၊ ဖခင်ကောင်း၊ ခေါင်းဆောင်ကောင်း၊ အဲဒီလိုပဲ ရပ်ကွက်၊ မြို့ရွာမှာ ဦးဆောင်တဲ့သူတွေ အရာရာမှာ ပြေလည်အောင်၊ မပြေလည်သေးဘူးဆိုရင် ပြေလည်တဲ့နည်းလမ်းကိုရောက်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးစေချင်ပါတယ်''

ဆရာဦးဘုန်း(ဓာတု)ကတော့ ခေါင်းဆောင်ဆိုသည်ကို ဤသို့ ထင်မြင်ယူဆ၏။

''ကျွန်တော်သိတဲ့ခေါင်းဆောင်ဆိုတာ လူကို လူလို့ မမြင်တတ်တဲ့သူဟာ ခေါင်းဆောင်လို့ မဟုတ်ဘူး။ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတတ်တဲ့သူဟာ ဘယ်တော့မှ ခေါင်းဆောင်မဖြစ်ထိုက်ဘူး။ ကျွန်တော် တို့တိုင်းပြည်မှာ လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ နိုင်ငံတခုကို ကျွန်တော်တမ်းတတယ်။ ခေါင်းဆောင်ကောင်းဆိုတာ ဟာ နောက်လိုက်ကောင်းတသီကြီးရှိတဲ့သူကို ခေါင်း ဆောင်ကောင်းခေါ်တာ မဟုတ်ဘဲ၊ ကိုယ့်ထက်တတ် တဲ့သူတွေကို မွေးထုတ်ပေးနိုင်မှသာ ခေါင်းဆောင်ကောင်းလို့ ကျွန်တော် အဓိပ္ပာယ်ဖွင့်ချင်ပါတယ်''

စာရေးသူကတော့ ခေါင်းဆောင်ကောင်းဆိုသော ဝေါဟာရကို ဤသို့ထင်မြင်ယူဆကာ ဟောပြောဖူး၏။

''ခေါင်းဆောင်ဆိုတာ နှစ်မျိုးပဲရှိပါတယ်။ ကျွန်တော်တို့အယူအဆအရ အဲဒီခေါင်းဆောင်နှစ်မျိုးက ဘာလဲဆိုတော့ တိုင်းသူပြည်သားတွေက နောက်လိုက် ငယ်သားတွေက ချစ်လို့၊ ခင်လို့၊ အားကိုးလို့၊ သဘော ကျလို့ အားလုံးဆန္ဒတူညီ ၀ိုင်းပြီးတော့ ရွေးချယ်ခံရတဲ့ ခေါင်းဆောင်ဆိုတာတမျိုးရှိတယ်။ နောက်ခေါင်းဆောင် တမျိုးက ဘယ်သူကမှခန့်တာမဟုတ်ဘဲနဲ့ ငါ့ဘာငါ တက်ပြီးတော့လုပ်မယ်ဆိုပြီးတော့၊ လက်နက်အားကိုးနဲ့ လူမိုက်လုပ်ပြီးတော့ တက်ပြီးတော့ might is right အင်အားသည်သာ အမှန်တရားဆိုပြီးတော့၊ တိရစ္ဆာန် လောကမှာ ဗိုလ်တက်လုပ်တဲ့ကောင်က ကျန်တဲ့အန်တုလာရင် ဝှေ့ထုတ်မယ်၊ ခတ်ထုတ်မယ်၊ ခွာရာချင်းအတူ မခံဘူး။

အဲဒီလိုမျိုး တိရစ္ဆာန်အရိုင်းဆန်ဆန် တက်လာတဲ့ လူမိုက်ခေါင်းဆောင်။ ကိုယ့်ကိုယ်ကိုယ်ခန့်တဲ့ဟာတွေ ကလည်း ငါခေါင်းဆောင်လို့ပြောမယ်။ အဲဒီလိုလူတွေ ခေါင်းဆောင်တက်ဖြစ်ရင် တိုင်းပြည် တအားနာပါတယ်။ အဲဒီတော့ ခေါင်းဆောင်နှစ်မျိုးမှာ လူထုကလိုလားပြီးတော့ တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ရယ်၊ ငါ့ဘာငါတက်လုပ်မယ်ဆိုတဲ့ ခေါင်းဆောင်ရယ် နှစ်မျိုးရှိတယ်။ လူထုက တင်မြှောက်ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်ဆိုတာ သမိုင်းမှာ လူသေသွားလည်း နာမည်မသေဘူး။ ကြာရှည်ခံပါတယ်။ ငါ့ဘာငါခေါင်း ဆောင်တက်လုပ်မယ်၊ အာဏာသည် သေနတ်ပြောင်းဝမှလာသည် ဆိုတဲ့သူတွေကျတော့လည်း အာဏာရှိနေ တုန်းမှာ သူသည် ပြိုင်ဘက်ကင်းတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ သို့သော် အာဏာမရှိတော့တဲ့တနေ့မှာ ဒီခေါင်း ဆောင်တွေဟာ သမိုင်းမလှပပါဘူး''

ဤသည်ကား ခေါင်းဆောင်နှင့်ပတ်သက်၍ စာရေးဆရာများ၏ အမြင်အကျဉ်းချုပ်ဖြစ်ပေ၏။ ငါးရားငါးဆယ် ဇာတ်တော်ထဲဝယ် ခေါင်းဆောင်ကောင်းနှင့်ပတ်သက်သော ပုံဝတ္ထုအတော်များများ ပါဝင်ပေ၏။ ခေါင်းဆောင်ကောင်းဆိုသည်မှာ နောက်လိုက်များအတွက် မည်သို့အနစ်နာခံပုံ၊ တကိုယ်ကောင်းသမား ခေါင်းဆောင်များမှာ အခက်အခဲဖြစ်လာသောအခါ အများအကျိုးကိုမကြည့်ဘဲ မည်ကဲ့သို့ ကိုယ်လွတ်ရုန်း ပုံများကို ပေါ်လွင်အောင်ဖော်ပြထားလေ့ရှိသည်။ ဥပမာအနေနှင့် ဧကနိပါတ်၊ နိဂြောဓဇာတ်တော်ကို အကျဉ်း ရုံး တင်ပြပါမည်။ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ် မင်းကြီးစိုးစံစဉ်အခါက ဘုရင်တောကစားထွက်လေ့ရှိသည့် ဘုရင်ပိုင်ဥယျာဉ်ထဲဝယ် သမင်တထောင် နေထိုင်ကျက်စားလေသည်။ ထိုသမင်တထောင်မှာ ငါးရာသော သမင်အုပ်စုနှစ်စုအဖြစ်ကွဲနေသည်။ ပထမသမင်ငါးရာအုပ်စု၏ ခေါင်းဆောင်သမင်ကြီး၏အမည်မှာ သာခ သမင်ကြီးဖြစ်သည်။ ဒုတိယသမင်ငါးရာအုပ်စု၏ ခေါင်းဆောင်မှာ နိဂြောဓအမည်ရှိ သမင်ကြီးဖြစ်သည်။ အလွန်တရာထွားကျိုင်းပြီး အဆင်းလှသောကြောင့် ထိုသာခသမင်နှင့် နိဂြောဓသမင်ကြီးနှစ်ကောင်ကို ဘုရင်ကြီးက ဘေးမဲ့ပေးထားကာ ဘုရင့်စားဖိုဆောင်မှ သားသတ်သမားများ၊ မုဆိုးများကို ထိုသမင်ကြီး နှစ်ကောင်အား မသတ်ရန် အမိန့်ထုတ်ပြန်ထားလေသည်။ ကျန်သမင်များမှာတော့ အသက်အာမခံ ချက်မရှိချေ။ သမင်သားအလွန်ကြိုက်သော ဘုရင်ကြီး အတွက် နေ့စဉ်ပင် မုဆိုးများက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးကာ စားဖိုဆောင်သို့ ပို့ရ၏။ ထိုသို့ လေးမြားတို့ဖြင့် ပစ်ခတ်ဖမ်းဆီးသောကြောင့် သမင်အပေါင်း အလွန်ထိတ်လန့်ကြ၏။ ဖမ်းလိုသည်က တကောင်သာဖြစ်သော်လည်း ပြေးရင်းလွှားရင်းနှင့် သမင်သုံး၊ လေး ကောင် နေ့စဉ်သေကျေဒဏ်ရာရကြ၏။ ထိုအရေးကို ရှောင်လွှဲနိုင်ရန် နိဂြောဓသမင်ကြီးသည် သာခသမင် ကြီးနှင့်တိုင်ပင်ကာ နေ့တိုင်း တထိတ်ထိတ်တလန့်လန့်ပြေးလွှားနေရမည့်အစား တနေ့လျှင် တကောင် အလှည့်ကျ အသတ်ခံကြရန် သဘောတူကြ၏။ ထိုသဘောတူညီချက်အတိုင်း ကြီးစဉ်ငယ်လိုက်ရွေး၍ အုပ်စုတခုမှတကောင် အလှည့်ကျအသေခံကြရန် ဆုံးဖြတ်ကြပြီး သမင်တကောင်သည်နေ့စဉ်ပင် စားတော် ကဲတို့သတ်ဖြတ်ရန် လည်စင်း၍ အသက်ပေးလေ့ရှိ ၏။ ထိုကဲ့သို့ နေလာခဲ့ရာ တနေ့သောအခါတွင် သာခသမင်ကြီးအစုအဖွဲ့မှ သမင်မကလေးတကောင် အသေခံရမည့်အလှည့်ကျလာ၏။ သို့သော် ထိုသမင်မ ကလေးသည် ကိုယ်ဝန်(ဇီး)အရင့်အမာကြီးနှင့် ဖြစ်သည်။ သူသည် တာဝန်အရ အလှည့်ကျသေရမည်ကို မငြင်းလို သဘောတူလက်ခံပါသော်လည်း ဗိုက်ထဲက ကလေးအတွက် စိုးရိမ်ပူပန်မှုကြီးစွာဖြစ်ရသည်။ အကယ်၍ မိမိကိုသတ်လိုက်ပါက မိမိသာမက ဗိုက်ထဲမှကလေးငယ်မှာ ရော၍သေရပေတော့မည်။ တသက်အတွက် နှစ်သက်သေရမည့်အရေး ဖြစ်နေသည်။ အကယ်၍ ရက်အနည်းငယ် စောင့်ဆိုင်းနိုင်ပါက မိမိကလေးမွေးဖွားပြီးပါမှ လာရောက်အသက် စတေးခံရပါလျှင် မိခင်သေဆုံးသော်လည်း သမင်ကလေး အသက်ရှင်မည်ဖြစ်သည်။ ထိုသို့သော မိခင်မေတ္တာဇောဖြင့် သမင်မကလေးသည် သူတို့အုပ်စု၏ ခေါင်းဆောင်သာခသမင်ကြီးအား သွားရောက်တောင်း ပန်လျှောက်ထား၏။

''သားငယ်ပါ အကျိုးမဲ့သေရမှာမို့ မွေးဖွားပြီးအောင် ကျွန်မအလှည့်ကို ဆိုင်းငံ့ထားစေချင်ပါတယ်။ မွေးဖွားပြီးတာနဲ့ ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ပါ့မယ်''

သာခသမင်ကြီးက တင်းမာစွာပင် ပယ်ချလိုက်သည်။

''ကိုယ့်အလှည့်က ကိုယ့်အလှည့်ပဲ၊ရှောင်လွှဲလို့မရဘူး။ သူတပါးကို ပုံချလို့မရဘူး။ ကိုယ့်တာဝန်ကိုယ် ထမ်းရမယ်''

သမင်မ အခက်ကြုံလာချေပြီ။ သာခသမင်ကြီးကိုပြော၍မရသဖြင့်ရလိုရငြား သူတို့အုပ်စုကမဟုတ်ဘဲ ဟိုဘက်အုပ်စုကခေါင်းဆောင်ဖြစ်သော နိဂြောဓသမင်ကြီးအား သွားရောက်တင်ပြတောင်းပန်၏။

''အဲဒီလိုဖြစ်နေပါတယ် သမင်ကြီး၊ ကျွန်မ ဗိုက်ထဲက ကလေးမသေအောင် ကူညီပါ''

''ကောင်းပြီ၊ တသက်အတွက် နှစ်သက်မသေ စေရပါဘူး။ မင်းအလှည့်မရောက်အောင် ငါကပဲ ဖန်တီးလိုက်ပါ့မယ်''

ဥယျာဉ်ထဲသို့ အချိန်မှန်ရောက်လာသော စားတော်ကဲသည် စဉ်းတီတုံးပေါ်တွင် လည်စင်းနေသော နိဂြောဓသမင်ကြီးကိုမြင်လျှင် ဘေးမဲ့ပေးထား သောသမင်ကြီးဖြစ်သဖြင့် ဘုရင်ကြီးအား သွားရောက် သံတော်ဦးတင်ရာ ဘုရင်ကြီးသည် ဥယျာဉ်ထဲသို့လိုက်လာပြီး အကျိုးအကြောင်းကိုမေးသောကြောင့် သမင်မ ကလေးအသက်နှင့် ဗိုက်ထဲမှ သမင်ကလေးအသက်ကို ကယ်ဆယ်ရန် မိမိအသက်ဖြင့် အစားထိုးအသေခံ ခြင်းဖြစ်ကြောင်း သိသွားတော့သည်။ ထိုအခါ ဘုရင်ကြီးသည် နိဂြောဓသမင်ကြီး၏ ခေါင်းဆောင်ကောင်း ပီသသော အာဇာနည်စိတ်ဓာတ်ကို ချီးကျူးလေးစားကာ သမင်ကြီးအား အသက်ဘေးမှ လွှတ်ပေးလိုက်သည်။ သမင်ကြီးက အခြားသမင်များကိုလည်း ဘေးမဲ့ပေးရန်တောင်းဆိုရာ ဘုရင်ကြီးကခွင့်ပြုသည်။ ဤသို့ဖြင့် ဥယျာဉ်ထဲမှ သမင်များသာမက တောထဲက သမင်များနှင့် အခြားသတ္တ၀ါများကိုပါ ဘေးမဲ့တောင်းခံရာ ဘုရင်ကြီးက ခွင့်ပြုသဖြင့် ခေါင်းဆောင်ကောင်း တယောက်အစွမ်းဖြင့် အသက်များစွာကို ကယ်ဆယ် နိုင်လိုက်လေသည်။ ဇာတ်ပေါင်းသော် ထိုနိဂြောဓသမင်ကြီးမှာ မြတ်စွာဘုရားဖြစ်လာပြီး သာခသမင်ကြီးမှာ ဒေ၀ဒတ်ဖြစ်လာပါသည်။ ဘုရင်ကြီးမှာ အရှင်အာနန္ဒာဖြစ်ပါသည်။ သမင်မမှာ ကုမာရကဿပ မိခင်ဖြစ်ပြီး ဗိုက်ထဲမှသမင်လေးမှာ အရှင်ကုမာရကဿပ ဖြစ်လာပါသည်။ ဆိုလိုရင်းကား သာခလို တကိုယ်ကောင်း ခေါင်းဆောင်၏လက်အောက်တွင် နေထိုင်ရသည့်ဘ၀နှင့် နိဂြောဓလို ခေါင်းဆောင်ကောင်း၏လက် အောက်တွင် နေထိုင်ရသောဘ၀တို့ ကွာခြားပုံဖြစ်ပေသည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ မိမိအတွက် နစ်နာမည်၊ မနစ်နာမည်ကို ထည့်မတွက် မိမိနောက်လိုက်များ ချမ်းသာရာရ၍ အဆင်ပြေရေးကိုသာ အဓိက ထားပေသည်။ ခေါင်းဆောင်ဆိုးတို့ မည်သည်ကား မိမိနာမည်မပျက်ရေး၊ မိမိဘေးကင်းလုံခြုံရေး၊ မိမိစည်းစိမ်ဥစ္စာ ပေါကြွယ်ရေး၊ မိမိလောကစည်းစိမ်ခံစားရေးကိုသာ အဓိကထားပြီး နောက်လိုက်ငယ်သားများ ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်သော စိတ်ထားပိုင်ရှင်များ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီး မရှုံးမီအချိန်အထိ ဂျပန်လူမျိုးအားလုံးနီးပါးသည် မိမိတို့ဘုရင်ကြီးကို နေနတ်မင်းမှ တိုက်ရိုက်ဆင်းသက်လာသော နေနတ်သားဟု စွဲမှတ်ယုံကြည်နေကြသည်။ နေကပေါက်ဖွားလာသူများမို့ နိုင်ငံတော်အလံကိုပင် အဖြူခံပေါ်တွင် အနီအလုံးကြီးဖြင့် နေ၀န်းပုံစံပြုလုပ်ထားကြသည်။ ကမ္ဘာ စစ်ကြီးဖြစ်သောအခါ သူတို့နိုင်ငံသူတို့လူမျိုးသည် ဘယ်အခါမှမရှုံးနိုင်ဟု လူမျိုးကြီးဝါဒစွဲကာ တွေးထင် ထားကြသည်။ သို့သော် အမေရိကန်ပြည်ထောင်စုသည် ၁၉၄၅ သြဂုတ်လ ၆ ရက်နေ့တွင် ဟီရိုရှီးမား မြို့ကိုလည်းကောင်း၊ သြဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့ကိုလည်းကောင်း အသီးသီး အဏုမြူဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ ဂျပန်လူထုသိန်းနှင့်ချီ၍ (ဟီရိုရှီးမားတွင် ၁၄၆၀၀၀ ဦး၊ နာဂါဆာကီတွင် လူ ၈၀၀၀၀ ခန့်) အချိန်တိုအတွင်း သေဆုံးခဲ့ကြသည်။ ဂျပန်လက်နက်ချအညံ့မခံပါက ဂျပန်နိုင်ငံ၏ အခြားမြို့ကြီးများသို့ အမေရိကန်က ဆက်လက်ဗုံးကြဲချဖွယ်ရာလည်း ရှိနေသည်။ ဤအခြေအနေတွင် ဂျပန်ဘုရင်ကြီး ဟီရိုဟီတို သည် နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်။ သူ့တွင် အကြီးမားဆုံးအခက်အခဲနှင့် ရင်ဆိုင်ရသည် လက်နက်ချရေး၊ မချရေးဖြစ်သည်။ လက်နက်ချအညံ့ခံလိုက်လျှင် သူ့နိုင်ငံမှ အပြစ်မဲ့အရပ်သားများ ထပ်မံသေဆုံးတော့မည် မဟုတ်တော့။ သို့သော် တနိုင်ငံလုံးက သူ့ကို နေနတ်မင်း၏သားဟုထင်နေကြသည်။ သူ့ပါးစပ်က အရှုံးပေးပါပြီဟု ကြေညာလိုက်လျှင် လူတွေက သူ့ကို အထင်သေးကြတော့မည်ဖြစ်သည်။ သူတို့ဘုရင်သည် သူတို့ထင်နေသလို နေနတ်မင်းမှ ဆင်းသက်လာသူမဟုတ်ဘဲ သာမန်လူသားတဦးဟု စိတ်ပျက်သွား ကြတော့မည်ဖြစ်သည်။ သူသာ ခေါင်းမာစွာနှင့် မိမိနာမည်ကြီးလို့ကိုသာ ရွေးချယ်ပြီး အရှုံးမပေးနဲ့ ဆက်တိုက်ကြ၊ တို့နေမျိုးနွယ်တွေဟာ ဘယ်တော့မှ မရှုံးဘူးဟုဆိုလိုက်လျှင် တနိုင်ငံလုံးက သူ့စကားနားထောင်ကာ စစ်ပွဲကိုဆက်တိုက်ကြမည်ဖြစ်သည်။ အများအကျိုးနှင့်မိမိအကျိုး ယှဉ်ပြိုင်စဉ်းစား သောပွဲတွင် ဂျပန်ဘုရင်ကြီးသည် သူ့အကျိုးကို လုံးဝထည့်မစဉ်းစားဘဲ ဂျပန်ပြည်သူလူထုအများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် လက်နက်ချအရှုံးပေးကြောင်း ကမ္ဘာကို ကြေညာလိုက်ခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့ပါသည်။ ဂျပန်ဘုရင်ကြီးသည် မိမိအတ္တထက် တိုင်းပြည်ကို ပိုချစ်ပြခဲ့ခြင်းဖြစ်သည်။ ဒါသည် ခေါင်းဆောင်ကောင်းတို့ စိတ်ဓာတ်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် ပြည်တွင်းပြည်ပ ဖိအားများစွာနှင့် ရင်ဆိုင်နေရပါသည်။ နိုင်ငံတော်တွင် ခေါင်းဆောင်လုပ်နေရသော ဒေါ်အောင်ဆန်းစုကြည်မှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသည်။ ရခိုင်ကိစ္စတွင် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချခြင်းများစွာ ကို ကြံ့ကြံ့ခံနေရသည်။ ပြည်တွင်းမှ တိုင်းရင်းသား များလည်း မနစ်နာအောင်၊ ပြည်ပမှလည်း အမြင်ကြည်လင်အောင်၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီအောင်၊ အမျိုးသားရေးအစွန်းရောက် ၀ါဒီများလည်း လက်ညှိုးမထိုးနိုင်အောင် အတော်ပင်ခက်ခက်ခဲခဲ ဆောင်ရွက်နေရသော အခြေအနေဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အခြေအနေမှာ ဗိုလ်ချုပ်အောင်ဆန်း ရင်ဆိုင်ဖြတ်သန်းခဲ့ရသောခေတ်ကာလကြီးထက် ခက်ခဲကြမ်းတမ်းသည်ဟုပင် ပြော၍ ရသည်။ ဗိုလ်ချုပ်အောင်ဆန်းတွင် တိုင်ပင်ဖော် တိုင်ပင်ဖက် လူတော်များစွာရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း ထက်မသာလျှင်တောင် မညံ့သောခေါင်းဆောင်များ အနားမှာရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းတွင် ကိုကြီးနု(သခင်နု)ရှိသည်၊ ကိုကျော်ငြိမ်းရှိသည်၊ ကိုဗဆွေရှိသည်၊ သခင်စိုးရှိသည်၊ သခင်သန်းထွန်းရှိသည်၊ ဗိုလ်လင်္ကျာရှိသည်၊ ဆရာဖြစ်သူ သခင်ကိုယ်တော်မှိုင်းရှိသည်၊ အစ်ကိုအရွယ်၊ ဦးလေးအရွယ်တွေဖြစ်သော ဒီးဒုတ်ဦးဘချိုရှိသည်၊ ဦးရာဇာတ်ရှိသည်၊ ဦးဘ၀င်းရှိသည်၊ သခင်မြရှိသည်။ ထိုသို့ လူတော်များ အနားမှာရှိနေသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏အားသာချက်မှာ မိမိမှားလျှင် အားမနာဘဲ ဝေဖန်ထောက်ပြမည့် လူရင်းများ၊ လူတော်များ အနားမှာရှိနေခြင်းဖြစ်သည်။ ထိုလူတွေမှားလျှင်လည်း မိမိက အားမနာစတမ်း ထောက်ပြဝေဖန်နိုင်သည်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းမည့်ကိစ္စတွင် သဘောမတူကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ဒီးဒုတ်ဦးဘချိုကို ပြတ်ပြတ်သားသား ကန့်ကွက်ဝေဖန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနားတွင် ထိုသို့တော်သော အရည်အချင်းရှိသော မိတ်ဆွေများမရှိသလောက်ပင် ဖြစ်သည်။ နောက်လိုက်များမှာလည်း လက်ညှိုးထောင် ခေါင်းညိတ်သမားတွေသာ များလေသည်။

ယခုအခါ NLD အစိုးရလက်ထက်တွင် ထိုအပြန်အလှန်ထိန်းကျောင်းမှု ပျောက်ဆုံးနေသည်။ နောက်လိုက်ကောင်းဆိုသည်မှာ မိမိခေါင်းဆောင် ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံသော၊ မိမိခေါင်း ဆောင်ကို ဝေဖန်ထောက်ပြလျှင် မှားသည်၊ မှန်သည်ကို မစဉ်းစားဘဲ ၀ိုင်းဝန်းတိုက်ခိုက်သောသူများကို ခေါ်သည် မဟုတ်ပေ။ နောက်လိုက်ကောင်းဆိုသည်မှာ ဆိတ်တွေ၊ နွားတွေ၊ ဘဲတွေလို ခေါင်းဆောင်သွားရာ နောက် ဘာမှမစဉ်းစားဘဲ တကောက်ကောက်လျှောက် လိုက်နေသူတွေကို ဆိုလိုသည် မဟုတ်။ နောက်လိုက် ကောင်းဆိုသည်မှာ မိမိခေါင်းဆောင်ကို သစ္စာရှိရသလို သူမှားနေလျှင်၊ လွဲနေလျှင် ဝေဖန်ထောက်ပြရဲ သူကိုသာ နောက်လိုက်ကောင်းဟု ခေါ်ခြင်းဖြစ်သည်။ ကျွန်နှင့် နောက်လိုက်ကောင်းမှာ မတူပေ။ ကျွန်သည် သခင်ဘာလုပ်လုပ် နောက်တော်ပါးကပါရမြဲဖြစ်ကာ သူ့တွင် ဝေဖန်ခွင့်မရှိပေ။ နောက်လိုက်ကောင်းကား မိမိခေါင်းဆောင်နိမ့်ပါးနေလည်း သစ္စာရှိကြရစမြဲဖြစ် စေကာမူ မဟုတ်လျှင် မဟုတ်ဘူးဟု ကိုယ်တိုင်ပြောရဲ သော သတ္တိရှိလို့လိုရုံမျှမက တတ်သိနားလည်သူက မိမိခေါင်းဆောင်ကို ထောက်ပြဝေဖန်လျှင် အကျိုး အကြောင်း ခိုင်လုံမျှတညီညွတ်ပါက သဘောထားကြီးကြီးဖြင့် လက်ခံရပေမည်။ တို့ခေါင်းဆောင်ကိုလာမထိ နဲ့ဟု မျက်စိမှိတ်အော်နေသူများကား ခေါင်းဆောင်ကို တကယ်ချစ်ကြသူများ မဟုတ်ပေ။ NLD အစိုးရ လက်ထက်တွင် မတိုးတက်မှုများစွာလည်းရှိ၏။ တိုးတက်မှုများစွာလည်း ရှိ၏။ အဓိကအားနည်းချက်မှာ ၀န်ကြီးများအပါအ၀င် အရေးပါသော လူအတော်များများကို လူမှန်နေရာမှန် အတော်ဆုံးလူများကို မခန့် အပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၀န်ကြီးများထဲတွင် တိုင်းပြည်က အားမရသော ၀န်ကြီးများစွာပါနေသည်။ ဥပမာ ပြန်ကြားရေးဝန်ကြီး၏ စွမ်းဆောင်ရည်ကို အတော်များများက သဘောမကျ၊ ဟိုတယ်နှင့်ခရီးသွား ၀န်ကြီး၏စွမ်းဆောင်ရည်ကို ကျွန်တော် သဘောမကျ၊ ပညာရေးဝန်ကြီး၏ စွမ်းဆောင်ရည်ကိုလည်း လူအတော်များများက သဘောမကျကြ။ ထို့အတူ ၀န်ကြီးချုပ်အချို့၏စွမ်းဆောင်ရည်ကို သဘောမကျသူ များစွာရှိသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်မှာလည်း နှေးကွေးလှသည်။ လူ့အခွင့်အရေး ကော်မရှင်ကလည်း လူဟောင်းတွေနှင့်သာ စခန်းသွားနေသည်။ စီးပွားရေးတွင် အခွန်တွေ တိုးကောက်သည်။ ကုန်ဈေးနှုန်းတွေကြီးသည်၊ လွှတ်တော်သည် အစိုးရကို မတို့ရဲမထိရဲသလို ဖြစ်နေသည်။ ဒေါ်အောင်ဆန်း စုကြည်သည် အစိုးရအဖွဲ့ထဲတွင် ပါသွားသဖြင့် လွှတ်တော်သည် အစိုးရကိုကြောက်သလို ဖြစ်နေသည်။ Check and balance ကို ကောင်းကောင်းမမြင်ရပေ။ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ဒိုင်ခံ၍ ဆင်ဆာဖြတ်ချနေပေသည်။ အစိုးရဌာနများတွင် စီမံခန့်ခွဲမှု တွေညံ့ဖျင်းသည်။ အိမ်ရှင်မတယောက်ကို အရင်လူတွေနှင့် ယခုလူတွေ ဘာကွာသလဲဟု မေးကြည့်တော့ ယခုလိုဖြေသည်။

''အခုလူတွေက လူညံ့တွေများတယ်၊ အရင်လူတွေက သူခိုးတွေများတယ်''

အင်း သူခိုးထက်စာလျှင် ညံ့တာကမှ တော်ပေသေးသည်ဟု ဖြေရပေမည်။ ခိုးလည်းမခိုး၊ တော်လည်း တော်သည်ဆိုလျှင် ပိုကောင်းပေမည်။ ခေါင်းဆောင်တယောက်တည်းတော်နေပြီး နောက်လိုက်တွေ ညံ့ဖျင်းနေကြလျှင်ဖြင့် တိုင်းပြည်က ဘယ်လိုမှရှေ့ဆက်တိုးတက်လို့ မဖြစ်နိုင်ပေ။ ရထားတစီးတွင် ခေါင်းတွဲကောင်းသော်လည်း နောက်တွဲတွေအားလုံး မကောင်းမကန်းတွေဖြစ်နေပါလျှင် ရွေ့လျားနှုန်း နှေးကွေးပေလိမ့်မည်။ တွဲချော်တာတွေပြင်နေရတာနှင့် ရှေ့မဆက်နိုင်ဘဲရှိမည်။ အသုံးမကျသော တွဲများ ကိုဖြုတ်ထားခဲ့ကာ သစ်လွင်တောက်ပ အရည်အသွေးကောင်းမွန်သော တွဲသစ်များနှင့် အစားထိုးနိုင်လို့ လိုပေသည်။ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ကောင်းတယောက် ရှားရှားပါးပါးရထား၏။ သူ့အသက်က ကြီးလှပေပြီ။ သူ့တွင် သူ့ဖခင်လို မိတ်ဆွေကောင်းတွေ ရှားလှသည်။ သူ့ဖခင်လက်ထက်ကလို အရည်အချင်း ရှိသော နောက်လိုက်ကောင်းတွေ ရှားလှသည်။

ဂျပန်ဘုရင်ကြီးဟီရိုဟီတိုသည် မိမိဂုဏ်သိက္ခာ ပွန်းပဲ့ခံပြီး နိုင်ငံကိုချစ်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်သည် လည်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိဂုဏ်သိက္ခာပွန်းပဲ့ခံပြီး မြန်မာနိုင်ငံကိုချစ်ပြနေခြင်းဖြစ်ရာ မြင်အောင် ကြည့်တတ်လျှင် မြင်မည်ဖြစ်သည်။ မိမိကို အထင်ကြီးလေးစားကာ ဆုတံဆိပ်တွေတဖွဲဖွဲ ပေးအပ်ကြသော နိုင်ငံများ၏ အငြိုအငြင် အကဲ့အရဲ့ကိုခံကာ ကြံ့ကြံ့ခံရပ်တည်နေသည်မှာ သူ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံအတွက်ဖြစ်သည်မှာ ထင်ရှားနေပါသည်။ ခေါင်းဆောင်က အနစ်နာခံရတာနဲ့တန်အောင် နောက်လိုက်တွေကလည်း ကိုယ့်အရည်အချင်းကိုကိုယ်မြှင့်ရန် ဒီထက်အဆပေါင်းများစွာ ကြိုးစားကြလို့ လိုသည်၊ ရထားသော ရာထူးနေရာများနှင့် မထိုက်တန်ဘူးဟုထင်ပါကလည်း မြန်မြန်သွက်သွက် နုတ်ထွက်ကြလို့ လူတော်များကို နေရာပေးကြလို့ လိုမည်ဖြစ်ကြောင်း။

သရ၀ဏ်(ပြည်)
http://www.newswatch-mm.com/index.php?article_detail&id=159

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8450,interview,223,knowledge,9,Live,8,LocalNews,17349,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်း
ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်း
http://www.newswatch-mm.com/img_upload/newswatch_FSKY711.JPG
dawnmanhon
http://www.dawnmanhon.com/2017/11/blog-post_431.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/11/blog-post_431.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy