နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန် ဝန်ကြီးချုပ်တို့အား သီးခြားစီ တွေ့ဆုံ

(၁၄-၁၁-၂၀၁၇ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့)

(၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မနီလာမြို့ Philippines International Convention Centre (PICC) ၌ ၁၃-၁၁-၂၀၁၇ ရက်နေ့ ညပိုင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. António Guterres အားလည်းကောင်း၊ ယနေ့ဒေသစံတော်ချိန် (၀၈၃၀)နာရီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Rex W. Tillerson အားလည်းကောင်း၊ ဒေသစံတော်ချိန်(၁၇၁၅)နာရီတွင် ဂျပန် ဝန်ကြီးချုပ် H.E. Mr. Shinzō Abe အားလည်းကောင်း တွေ့ဆုံခဲ့ပါသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အပေါ် ကုလသမဂ္ဂအနေဖြင့် ပါဝင်အကူအညီပေးနိုင်မှု အခြေအနေတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီ အသွင်ကူပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ရခိုင်ပြည်နယ်၌ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ ရန်ကုန်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ၀င်ငွေတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား ချေးငွေပေးရေး၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ အကူအညီ ပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ထောက်ခံအကူအညီပေးသွားမည့်ကိစ္စ၊ ကားလမ်းဖောက်လုပ်ရန်နှင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရန် အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့ ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဓါတ်ပုံ - သတင်းစဉ်
Ministry of Foreign Affairs Myanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.