မြန်မာမှုလက်ရာ ကြေးသွန်းခေါင်းလောင်းလုပ်ငန်း


မန္တလေး ၁၄ နိုဝင်ဘာ

မြန်မာ့ပန်းဆယ်မျိုးထဲက ပန်းတဉ်းပညာတစ်ခုဖြစ်တဲ့ ကြေးသွန်းလုပ်ငန်းဟာ မန္တလေးမြို့ တံပဝတီရပ်မှာသာ ရှိပါတယ်။ ကြေးသွန်းလုပ်ငန်းတွေထဲမှာ ဘုရားဆင်းတုတော်တွေ သွန်းလောင်းတဲ့ လုပ်ငန်း၊ အရုပ်သွန်းလောင်းတဲ့ လုပ်ငန်း၊ ပုံတူသွန်းလောင်းတဲ့ လုပ်ငန်း၊ ကြေးစည်၊ ကြေးမောင်းသွန်းလောင်းတဲ့ လုပ်ငန်း၊ ဆိုင်းဝိုင်းတွေမှာတီးတဲ့ မောင်းသွန်းလောင်းတဲ့ လုပ်ငန်း၊ လင်းကွင်းသွန်းလောင်းတဲ့ လုပ်ငန်း၊ ခေါင်းလောင်းသွန်းလောင်းတဲ့ လုပ်ငန်းဆိုပြီး ရှိပါတယ်။
ဒီကနေ့ခေတ် ကြေးသွန်းလုပ်ငန်းမှာ ကြေးသွန်းဘုရား၊ ကြေးသွန်းပုံတူနဲ့ ကြေးသွန်းခေါင်းလောင်း လုပ်ငန်းတွေသာ လုပ်ကိုင်သူများလာပါတယ်။ မောင်း၊ လင်းကွင်း၊ ကြေးစည်သွန်းလောင်းတဲ့ လုပ်ငန်းတွေကတော့ နည်းလာတယ်လို့ ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားမှာ ကုသိုလ်ပြုပြီးတိုင်း အမျှဝေရင် ခေါင်းလောင်းထိုးပြီး အမျှဝေကြပါတယ်။ မြန်မာအပါအဝင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ ခေါင်းလောင်းကို စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်းတွေမှာ ထားရှိကြတယ်။ မြန်မာနိုင်ငံမှာ ခေါင်းလောင်း၊ ခြူနဲ့ ဆည်းလည်းတွေကို သရေခေတ္တရာ၊ ပျူလက်ထက်ကတည်းက သွန်းလုပ်တယ်လို့ မှတ်သားဖူးတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာသလို ခေါင်းလောင်းတွေမှာ ကြေးသွန်းတဲ့ပုံစံတွေလည်း ပြောင်းလာတယ်လို့ သိရပါတယ်။

“ခေါင်းလောင်းလုပ်ပုံချင်း မတူတော့ဘူး၊ အဆင့်ပိုမြင့်လာတယ်။ လူအများကြီး သုံးရမယ့်နေရာမှာ လူလျှော့လာတယ်။ လူအင်အား နည်းသွားတော့ မ,ပြီးသွား မ,ပြီး ပြေးတဲ့ စနစ်တွေ သုံးလို့ မရတော့ဘူး။ တွန်းလှည်းတွေ၊ ထွေလာတွေနဲ့ အိုးပေါ်တင်တွန်း၊ လှည်းနဲ့ ပို့တဲ့စနစ်တွေ တီထွင်ပြီး သုံးလာကြတယ်” လို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းက ဦးအောင်သန်းမော်က ပြောပါတယ်။
ခေါင်းလောင်းတစ်ခု သွန်းလောင်းဖို့အတွက် ပထမဆုံးအနေနဲ့ မြေသားခပ်မာမာကို နယ်ပြီး အသားပြားရှည်ပေါ်မှာ လက်သုံးလုံးခန့်ထု ဖြစ်အောင် မြေသားတွေကို ပြားလိုက်ရပါတယ်။ လုပ်မယ့် ခေါင်းလောင်းအရွယ်အစားပေါ် မူတည်ပြီး ဗုံရှည်ပုံစံ စဥ့်ခွေရပါတယ်။

စဥ့်ခွေပြီးတဲ့အခါ ခေါင်ချက်လို့ခေါ်တဲ့နေရာကို ဝင်ရိုးထည့်ပြီး လည်လို့ရအောင် ပြုလုပ်ရတာပါ။ စဥ့်ကိုလည်လို့ ရသွားပြီဆိုရင် အတွင်းထဲမှာ လိုဏ်ခေါင်းပုံဖော်ကာ လိုချင်တဲ့ အရွယ်အစား ရပါက မြေနုသားနဲ့ ထပ်မံပြီး စဥ့်တင်ရပါတယ်။

“စဥ့်တင်ပြီးလို့ ချောပြီးရင် ဖယောင်းကိုနှယ်၊ ဖယောင်းတင်ပြီး စဥ့်ပေါ်မှာပဲ လှည့်ခိုင်းရတယ်။ အဲလိုလှည့်ခိုင်းပြီး ဦးကပုံဖော်တယ်။ လိုချင်တဲ့ပုံရပြီဆိုမှ ဝင်ရိုးကိုချွတ်ပြီး အရုပ်တွေ၊ ပန်းတွေ၊ ပုံဖော်ရတယ်” လို့ ဦးအောင်သန်းမော်က ရှင်းပြပါတယ်။

ပုံဖော်ပြီးတဲ့ ခေါင်းလောင်းကို မြေနုနဲ့ မံ၊ မီးခံမြေကြမ်းသုတ်၊ သံပတ်တွေချုပ်ပြီး ဖယောင်းတွေကို မီးမြိုက်ပြီး ဖျော်ထုတ်ရပါတယ်။ ဖယောင်းတွေ ကုန်သွားတဲ့အခါမှ ခေါင်းလောင်းကို မီးဖုတ်ကြရတာပါ။ ခေါင်းလောင်းအရွယ်အစားပေါ် မူတည်ပြီး သုံးရက်၊ လေးရက်ဆက်တိုက် မီးဖုတ်ရပါတယ်။ မီးဖုတ်ပြီးသား ခေါင်းလောင်းကို အအေးခံပြီးတဲ့အခါ ဘေးမှာ ကြေးလောင်းတဲ့ အပေါက်ချန်ကာ မြေမြုပ်ရပါတယ်။ ကြေးတွေကိုကြိုပြီး ကြေးလောင်းပေါက်တွေကနေ ဖြည့်ရပါတယ်။ ကြေးတွေ ပြည့်သွားပြီဆိုမှ ခေါင်းလောင်းကိုထပ်မံပြီး အအေးခံရတယ်လို့ သိရပါတယ်။

အဲဒီနောက် ခေါင်းလောင်းပုံစံဖော်ပြီး အချောသတ်၊ အသံစမ်း၊ ရွှေဆေးသုတ်ပြီးတဲ့အခါ ပြီးပြည့်စုံတဲ့ ခေါင်းလောင်းတစ်လုံး ရရှိပြီဖြစ်ပါတယ်။ ကြေးပိဿာချိန် တစ်သောင်းခန့် ရှိတဲ့ ခေါင်းလောင်းတစ်ခု သွန်းလောင်းမယ်ဆိုရင် အရင်က လူ ၅ဝဝ ခန့် အသုံးပြုရတယ်လို့ သိရပါတယ်။ အရင်က ကြေးတစ်အိုးကို ပိဿာချိန် ၂၅ဝ သာ ကြိုချက်နိုင်ခဲ့တဲ့အတွက် မီးဖိုပေါင်း ၄ဝ လောက်နဲ့ တစ်ပြိုင်တည်း ကြေးကြိုရတယ်လို့ သိရပါတယ်။

“ အခုကျတော့ တစ်ဖိုကိုပိဿာချိန် ၂၅ဝ ကြိုနိုင်တာကနေ၊ ပိဿာချိန် ၅ဝဝ ကြိုနိုင်အောင် ပြောင်းလိုက်တယ်။ လူ ၅ဝဝ သုံးရမယ့်နေရာက လူ ၂၅ဝ ပဲသုံးရတယ်” လို့ ခေါင်းလောင်းပြုလုပ်ပုံ ပြောင်းလဲတာကို ဦးအောင်သန်းမော်က ရှင်းပြပါတယ်။ ဒီကနေ့ခေတ် ကြေးသွန်းလောင်းသူတွေဟာ ရိုးရာနည်းကို မပယ်ဘဲ တီထွင်ဆန်းသစ်မှုတွေကိုလည်း ပြုလုပ်လာကြပါတယ်။

“ရိုးရာနည်းမှာ လက်နဲ့လှည့်ရတာဆိုရင် စက်နဲ့လှည့်လို့ရအောင် တီထွင်တယ်။ အရင်က လုပ်ရတာခက်ခဲတယ်။ လူအင်အားအများကြီးသုံးရတယ်။ စက်ပစ္စည်းတွေနဲ့လုပ်တော့ အရင်က တစ်လလောက်လုပ်ရတဲ့ခေါင်းလောင်းတစ်ခုကို အခု ၁၅ ရက်လောက်နဲ့ပြီးတယ်” လို့ ဦးအောင်သန်းမော်က ဆိုပါတယ်။ ဦးအောင်သန်းမော်ဟာ သူ့ဆရာနဲ့အတူ ကြေးပိဿာချိန် ၁၁၁၁၁ ပိဿာ ရှိတဲ့ ခေါင်းလောင်းကြီးကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က သွန်းလောင်းခဲ့တယ်။ ဒီခေါင်းလောင်းကြီးကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းက မှာယူတာ ဖြစ်ပါတယ်။


ခေါင်းလောင်းကြီး သွန်းလောင်းခဲ့စဉ်က ခံစားချက်နဲ့ ပတ်သက်လို့ ဦးအောင်သန်းမော်က “စိုးရိမ်စိတ်လည်းများတယ်။ အောင်မြင်ချင်စိတ်လည်းများတယ်။ ပထမဆုံးအတွေ့အကြုံဆိုတော့ စိုးရိမ်တယ်။ ကိုယ်မလုပ်ဖူးတဲ့အလုပ်ဆိုတော့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တီထွင်ချင်တဲ့ စိတ်တွေဟာ လွန်ဆွဲနေတယ်” လို့ ပြောပါတယ်။ ကြေးပိဿာချိန် တစ်သောင်းကျော် ရှိတဲ့ ခေါင်းလောင်းတစ်လုံးဟာ ဒီကနေ့ပေါက်ဈေးနဲ့ တွက်ရင် ကျပ်သိန်းလေးထောင်ရှိတယ်လို့ သိရပါတယ်။

အရင်က အမရပူရမြို့နယ် တံပဝတီရပ်မှာသာရှိတဲ့ ကြေးသွန်းလုပ်ငန်းတွေဟာ နေရာအခက်ခဲကြောင့် အခြားနေရာတွေမှာ ရွှေ့ပြောင်းလုပ်ကိုင်လာကြပါတယ်။ ဦးအောင်သန်းမော်တို့ ကြေးသွန်းခေါင်းလောင်းလုပ်ငန်းလည်း တံပဝတီရပ်မှာ လုပ်ငန်းလုပ်ဖို့နေရာကျဉ်းလာတဲ့အတွက် မန္တလေး-ပြင်ဦးလွင် အတက်လမ်းနားက ရွာတန်းရှည်ကျေးရွာအုပ်စုမှာ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ ကြေးသွန်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေဟာ ရယ်ဒီမိတ် လုပ်ပြီးသား မရှိတာ၊ နည်းပညာ၊ စက်ပစ္စည်းတွေ လိုအပ်နေတဲ့ အခက်အခဲတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

မို့မို့
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.