မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအား အမေရိကန်က ဆက်လက်ပံ့ပိုးသွားမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauert က အမေရိကန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဆက်တိုးလုပ်ဆောင်သွားမည်ဟု ပြောသည်။

ရန်ကုန်တွင် နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်သည့် အစည်းအဝေးတစ်ရပ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၅ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း Nauert က ပြောသည်။

“အမေရိကန်အနေနဲ့က မျှော်လင့်ထားတယ်။ ရခိုင်ဒေသတွင်းကို မီဒီယာတွေကို လွပ်လပ်စွာသတင်းယူခွင့်ပြုဖို့ပါ။ အထူးသဖြင့်တော့ ဒုက္ခသည်တွေ နေရပ်ပြန်လည်နေရာချထားတဲ့ အချိန်မှာပါပဲ။”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာဆီရယ်က ပြောသည်။

“ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။”ဟု ဆိုသည်။

နိုဝင်ဘာ ၁၄ ရက် အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် အရှေ့အာရှထိပ်သီးညီလာခံပြင်ပန်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရက်ဇ်တေလာဆန်တို့ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းသည် ရိုဟင်ဂျာဆိုသူများအား နယ်မြေကျူးကျော်ကာ ဝင်ရောက်နေထိုင်သူများဟု လက်ခံထားသည့် ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံတွင်းက ယုံကြည်မှုနှင့် ပြည်ပနိုင်ငံတကာ၏ ဖိအားပေးဝေဖန်နေမှုများကြား ကြိုးတန်းလမ်းလျှောက်သလို ထိန်းမတ်လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း ထောက်ခံသူများက ပြောသည်။

တေလာဆန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှု မစမီ ဓာတ်ပုံရိုက်ခွင့်ပြုချိန် သတင်းထောက်တစ်ဦးက ရိုဟင်ဂျာဆိုသူများက မြန်မာနိုင်ငံသားများလားဟူသော အမေးကို မဖြေကြားဘဲ နေခဲ့သည်။

ထိုတွေ့ဆုံမှုအပြီး မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေသည့် တေလာဆန်အား မြန်မာခေါင်းဆောင်များအတွက် မည်သည့်သတင်းစကား ရှိနေသနည်းဟု မေးမြန်းရာတွင် ၎င်းက မေးခွန်းကို မသိကျိုးကျွန်ပြုနေဟန်ရှိပြီး “ကျေးဇူးတင်ပါတယ်။”ဟူ၍သာ ပြောသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ(ရိုဟင်ဂျာ) အရေးတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ မည်သည့်လူ့အခွင့်အရေးအလွဲသုံးစားမှုမျှ ကျူးလွန်ထားခြင်း မရှိကြောင်း တပ်၏ ပြောကြားချက်အပေါ် အမေရိကန်လူ့အခွင့်အရေးအဖွဲ့များက မှန်ကန်ခြင်းမရှိဟု ပြောထားကြသည်။

“ဖြစ်ပျက်သက်သေတွေနဲ့က ဆန့်ကျင်ဖက်ကွဲလွဲနေတယ်။”ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောသည်။

နိုဝင်ဘာ ၁၃ ရက်တွင် တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ရာတွင် တိုက်ပွဲများအတွင်း အကြမ်းဖက်သမား ၃၇၆ ဦးအား သုတ်သင်ခဲ့သော်လည်း အပြစ်မဲ့ပြည်သူများ သေဆုံးခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။

“မြန်မာအာဏာပိုင်တွေဟာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ နိုင်ငံတွင်းကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ခွင့်ပြုဖို့လိုအပ်တာကို လွှဲရှောင်ပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက်ကို ပျက်ကွက်ခဲ့တယ်။”ဟု ထုတ်ပြန်ချက်တွင် Adams က ပြောသည်။

“မြန်မာအာဏာပိုင်တွေဟာ သူတို့ကို သူတို့ ခိုင်ခိုင်လုံလုံ အစစ်ဆေး အစုံစမ်း မခံနိုင်တာကို ထပ်ပြီး ပြသလိုက်တာပဲ။”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်အေးလွင် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အောက်တိုဘာ ၁၃ မှ နိုဝင်ဘာ ၇ ရက်အတွင်း ကျေးရွာသူရွာသားပေါင်း ၃၂၁၇ ဦးကို အင်တာဗျူးမေးမြန်းခဲ့ပြီး မျက်မြင် ၈၀၄ ဦးကို စုစည်းကောက်ယူခဲ့သည်။ ထိုအင်တာဗျူးမေးမြန်းမှုတွင် ဘင်္ဂါလီများပါ ပါဝင်သည်။ ထိုသို့ စုံစမ်းမေးမြန်းမှုများတွင် စစ်တပ်နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ချိန်မှ စကာ ဘင်္ဂလားဒေ့ရှ်ဖက်သို့ ရွှေ့ပြောင်းထွက်ခွာသော ဘင်္ဂါလီထောင်ပေါင်းများစွာမှ မပါဝင်ကြောင်း သိရသည်။

တပ်မတော်၏ အဆိုပါ ထုတ်ပြန်ချက်တွင် “လက်နက်ကိုင်ပဋိပက္ခနှင့် အစွန်းရောက်တိုက်ဖျက်ရေး စစ်ပွဲများအတွင်း ဆောင်ရွက်နေသော စစ်ဆင်ရေးတာဝန်များတွင် ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့်နှင့်အတူ ဥပဒေ၊ အမိန်လုပ်ထုံးများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဘင်္ဂါလီများ စွပ်စွဲထားသကဲ့သို့ နေအိမ်စွန့်ခွာအောင် လုပ်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ အခြားသော လိင်အခြေခံအကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ နေအိမ်နှင့် ဗလီများ ဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်းလည်း ငြင်းချက်ထုတ်ထားသည်။ ထိုပြင် စစ်ဆင်ရေးအတွင်း ဒုံးကျည်နှင့် လောင်ချာများကဲ့သို့ လက်နက်ကြီးများ အသုံးပြုသည်ဆိုခြင်းအား ငြင်းဆန်ထားသည်။

================

Mizzima - News in Burmese

http://www.mizzimaburmese.com/article/34214
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.