တရုတ်ကဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချမလား၊ ဒေါ်အောင်ဆန်းစုကြည်ကတရုတ်ကိုအသုံးချမလား - သရ၀ဏ်(ပြည်)


နိုင်ငံရေးတွင်ထာဝရရန်သူမရှိ ထာဝရမိတ်ဆွေမရှိ ၊ထာဝရအကျိုးစီးပွားသာရှိသည် ဟူသောဆိုရိုးစကားတခုရှိသည် ။ ထိုဆိုရိုးစကားကြောင့် ရန်သူတွေ မိတ်ဆွေဖြစ်သွားကြသည် ။ မိတ်ဆွေတွေရန်သူဖြစ်သွားကြသည် ။ထိုဆိုရိုးစကားကိုတရုတ်ပြည်ကလက်တွေ့ ကျင့်သုံးသောအခါ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကျဆုံးခန်းသို့ ရောက်သွားသည် ။ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယခင်က တရုတ်အစိုးရအဆက်ဆက်အားပေးထောက်ခံခဲ့သည် ။ ထောက်ခံရာတွင်ဝါဒရေးရာ စိတ်ဓာတ်ရေးရာ၊ နိုင်ငံရေးရာတို့ တွင်ထောက်ခံသည်သာမကစစ်ရေးအထောက်အပံ့အကူအညီများစွာပေးခဲ့သည် ။ မြန်မာအစိုးရကိုလက်နက်ကိုင်လမ်းစဉ်ဖြင့်ဖြုတ်ချကာ ကွန်မြူနစ်အစိုးရ အောင်ပွဲခံနိုင်ရန် တရုတ်ပြည်အစိုးရသည် လက်နက်အင်အားအပြည့်ပံ့ပိုးကူညီခဲ့သည် ။ အချို့တိုက်ပွဲများတွင် တရုတ်တပ်သားများကို ဗကပ၀တ်စုံဝတ်ပေးကာ ကိုယ်ထိလက်ရောက်ဝင်တိုက်ပေးခဲ့သည် ။ သို့ သော် ကြာကြာဝါးမှခါးမှန်းသိဆိုသလို ဗကပ တို့သည် ဖြစ်ဖြစ်မြောက်မြောက်စစ်ရေးအောင်မြင်မှုကိုဘာမှမပြနိုင် ။ မြန်မာပြည်တွင်းမှာလည်းလူထုထောက်ခံမှု ထိုးကျနေသည် ။ နောက်ဆုံးတွင် တရုတ်အစိုးရသည် ဗကပတို့ကိုထောက်ပံ့အားပေးနေခြင်းဖြင့် ငွေကုန်လူပန်းဖြစ်ရုံကလွဲ၍ တရုတ်ပြည်အတွက်အကျိုးမရှိပုံကိုသိမြင်လာပြီး ဗကပတို့အားထောက်ပံ့မှူကိုရပ်စဲလိုက်သည် ။ နှစ်ပေါင်းများစွာလက်တွဲလာသော ဗမာပြည်ကွန်မြူနစ်ပါတီနှင့်လမ်းခွဲလိုက်ပြီး အာဏာရအစိုးရဖြစ်သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ၊ထို့နောက် န.၀.တ/န.အ.ဖ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့်လမ်းစဉ်ကိုအကွက်ရွှေ့ သည် ။ ထိုအချိန်မှစကာ ဗကပအဖွဲ့အင်အားချည့်နဲ့လာကာ တဖြည်းဖြည်းလုံးပါးပါးသည် ။တကယ်တော့ မြန်မာနိုင်ငံမှလက်နက်ကိုင်အဖွဲ့များသည် တရုတ်၏အထောက်အပံ့မရပဲကြာရှည်မရပ်တည်နိုင် ၊ ၀အဖွဲ့နှင့်ကိုးကန့် အဖွဲ့များသည်လည်းတရုတ်အထောက်အပံ့ဖြင့် ရှင်သန်ကြီးထွားလာကြခြင်းဖြစ်သည် ။ တရုတ်တို့က ဖိအားပေးလာပါက ထိုအဖွဲ့များရပ်တည်ရေးသည် ခက်ခဲသွားပေလိမ့်မည် ။ နောက်ဆုံးတွင် ဗ.က.ပလိုကျဆုံးရပေလိမ့်မည် ။တရုတ်သည်ဒါကိုနိုင်ကွက်တကွက်အဖြစ်ကိုင်ထားသည် ။ ထို့နောက် တရုတ်၏အကျိုးစီးပွားများမြန်မာအစိုးရနှင့်ပေါင်းကာ ပြည်တွင်းသို့ တစိမ့်စိမ့်ဝင်ရောက်လာသည် ။မြန်မာစစ်အစိုးရကလည်း နိုင်ငံရေးထောက်ခံမှုတခုအတွက် တရုတ်အစိုးရကိုအလွန်အကျွံအားကိုးခဲ့ကြသည် ။ တရုတ်သည် နိုင်ငံရေးမှာသာမက စီးပွားရေးမှာပါမြန်မာနိုင်ငံကိုလွှမ်းမိုးကြီးစိုးထားလေသည် ။ ထိုစဉ်ကတရုတ်အစိုးရ၏ မိတ်ဆွေမှာ စစ်အစိုးရဖြစ်သည် ။ NLD နှင့် ဒီမိုကရေစီဘက်တော်သားများကို ရန်သူအဖြစ်မဟုတ်တောင် ခပ်စိမ်းစိမ်းဆက်ဆံသည် ။ အဆက်အဆံမလုပ်သလောက်ဖြစ်သည် ။

သို့ သော်တရုတ်ကအလွန်လည်သည် ။ တရုတ်ပြည်သည်စီးပွားရေးအလွန်တိုးတက်လာမှုနှင့်အတူ စွမ်းအင်လိုအပ်ချက် ၊ သယံဇာတလိုအပ်ချက်၊ကုန်ကြမ်းလိုအပ်ချက်အင်မတန်ကြီးမားလာသည် ။ ထိုအခါ သံဇာတကြွယ်ဝသောအိမ်နီးချင်းမြန်မာနိုင်ငံ၏အရေးပါမှုကိုကောင်းကောင်းသိသည် ။ စစ်အစိုးရကျဆုံးသွားခြင်း၊ စစ်အစိုးရကြောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူထုထောက်ခံမှုကျဆုံးကာ အစိုးရအဖြစ်မှဆင်းပေးလိုက်ရခြင်း တို့သည် တရုတ်၏ နိုင်ငံရေးရပ်တည်ချက်ကိုတနည်းတဖုံပြောင်းစေသည် ။ သူတို့ပြောင်းလဲလိုက်တာက ရိုးရိုးလေးဖြစ်သည် ။ နိုင်ငံရေးတွင်ထာဝရမိတ်ဆွေမရှိဆိုသည့်အတိုင်း စစ်သားလူထွက်များကြီးစိုးသော ကြံ့ခိုင်ရေးပါတီနှင့်အဆက်အဆံခပ်ကျဲကျဲလုပ်လိုက်သည် ။ အစိုးရဖြစ်လာသော NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေစီဘက်တော်သားများကိုချက်ခြင်း မိတ်ဆွေကောက်တော်ပစ်လိုက်သည် ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကိုပင် တရုတ်တို့ကမိတ်ဆွေအဖြစ်ကောက်ကာငင်ကာသတ်မှတ်၍ လေ့လာရေးတွေဘာတွေ ခေါ်ကာ ရင်းနှီးကျွမ်းဝင်ပြလိုက်သည် ။ တကယ်တော့တရုတ်၏မူဝါဒမပြောင်းလဲပါ ။ သူတို့မူဝါဒမှာ နိုင်ငံရေးအာဏာရှိနေသူ နှင့်မိတ်ဆွေဖြစ်ရေးဖြစ်သည် ။ ထိုဝါဒအရ တ.စ.ည ပါတီတက်လာလျှင် တ.စ.ည ကိုလူရာသွင်းမည်ဖြစ်သည် ။ NDF တက်လာလျှင် NDF ကို မိတ်တွေဖွဲ့မည်ဖြစ်သည် ။ ၈၈ မျိုးဆက်တွေအာဏာရလာလျှင် ကိုကိုကြီး၊မင်းကိုနိုင်တို့နှင့်မဟာမိတ်ဖွဲ့ကာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတွေဘာတွေကြွေးကြော်ဦးမည်ဖြစ်သည် ။ ကြံ့ခိုင်ရေးပါတီပြန်လည်အနိုင်ရလျှင် နဂိုထဲကခင်မင်ခဲ့သော အစ်ကိုကြီးညီလေးတွေဖြစ်ကြဦးမည်ဖြစ်သည် ။တက်လာတဲ့အစိုးရငါ့အစိုးရဟူသော (မြန်မာအခေါ်သာကူး)မူဝါဒသည် တရုတ်နိုင်ငံ၏မူဝါဒဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် သူ၏အမျိုးသားအကျိုးစီးပွားကြောင့်ဖြစ်သည် ။မြန်မာသည်ဘာသယံဇာတမှမရှိသော ကျွန်းနိုင်ငံသေးသေးလေးသာဖြစ်လျှင် မြန်မာကိုဤသို့ တူတူတန်တန်အလေးထားဆက်ဆံမည်မဟုတ်တာသေချာပေသည် ။
သေချာသည်ကတော့ တရုတ်နိုင်ငံအတွက်မြန်မာနိုင်ငံသည် မက်လောက်စရာ သယံဇာတတွေ ၊ စွမ်းအင်အရင်းအမြစ်တွေ ၊စီးပွားရေးလုပ်ကွက်တွေ၊ ပင်လယ်ထွက်ပေါက်တွေ ရှိနေတာဖြစ်သည် ။ မြန်မာနှင်.တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ဒေါ်လာဘီလီယံ ၁.၄ ခန်.ရှိပါ၏ ။ ဤအရေအတွက်ကားမှောင်ခိုကုန်သွယ်ခြင်းမပါသေး ။တရားမ၀င်သစ်ခိုးခုတ်ခြင်းတို.မပါဝင်သေးပါ ။တရုတ်သည် ရခိုင်ပြည်နယ်စစ်တွေကမ်းလွန်ဒေသတွင်ရှိသောမြန်မာ. သဘာဝဓါတ်ငွေ.သိုက်ကိုလည်းလက်ဝါးကြီးအုပ်ထားနိုင်သည် ။ တရုတ်သည်မြန်မာအားငွေများထုတ်ချေး၏။အကြွေးများပေး၏။ အပြန်အလှန်အားဖြင်. တရုတ်နိုင်ငံယူနန်ပြည်နယ်မှမြန်မာနိုင်ငံရခိုင်ကမ်းမြောင်အထိ ၂၃၈၀ ကီိုမီတာရှည်သောပိုက်လိုင်းကြီးကိုဖြတ်သန်းတည်ဆောက်ခွင်.ရခဲ.၏ ။ ဧရာဝတီနှင်.သံလွင်မြစ်ပေါ်တွင်ရေကာတာများပိတ်ဆို.တည်ဆောက်ခွင်.ရခဲ.၏။ China National Offshore Oil Corporation နှင်.China National Petroleum Corporation တို.သည် မြန်မာ.ရေနံများကိုသန်.စင်မှု အဆင်.မြှင်.တင်မှုလုပ်ငန်းများတွင် လုပ်ဆောင်ရန် အရေးပါသောလုပ်ခွင်.ကန်ထရိုက်ရခဲ.ပြီး ထွက်လာသောရေနံများကိုပါအချိုးကျခွဲဝေယူခွင်.ရရှိခဲ.သည် ။ Patro China ကုမ္မဏီသည် ရွှေသဘာဝဓါတ်ငွေလုပ်ကွက် (၁) မှ တရုတ်နိုင်ငံ ယူနန်ပြည်အထိ ရေနံနှင်.သဘာဝဓါတ်ငွေ.ပိုက်လိုင်းတည်ဆောက်ခွင်.ရခဲ.သည် ။

ထိုအရာတွေကြောင့်တရုတ်သည်မြန်မာနှင့်ပတ်သက်လာလျှင် အဝေးမှဥရောပနိုင်ငံများလိုမာမာကြောကြော မဆက်ဆံ ၊ အမြဲတမ်းမြန်မာနှင့်ဆက်ဆံရေးကောင်းရန်ကြိုးစားလေ့ရှိသည် ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံတွင်ပါဝင်သော တရုတ်နိုင်ငံသည် မြန်မာအတွက်ဆိုလျှင် အမြဲတမ်း ရှေ့တန်းမှမားမားမတ်မတ်ရပ်တည်ခဲ့သည် ။ သုံးခဲလှသောဗီတိုအာဏာကိုပင် မြန်မာအတွက်ဆိုလျှင် ဖောဖောသီသီသုံးပေးခဲ့သည် ။ မကြာသေးမီကာလများက ရခိုင်အရေးနှင့်ပတ်သက်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲများတွင် တရုတ်၏ပြင်းထန်စွာကန့်ကွက်မှုကြောင့် မြန်မာနိုင်ငံကို ရှုတ်ချပြစ်တင်သော မည်သည့်ဆုံးဖြတ်ချက်မှ မချနိုင်ပဲဖြစ်ခဲ့ရသည် ။ Non binding ခေါ်ဥပဒေအရစည်းနှောင်မှုမရှိသော (မလိုက်နာလည်းဘာမှမဖြစ်သော ) ကြေညာချက်များသာထုတ်နိုင်ခဲ့သည် ။ ထိုသို့ကာကွယ်ပေးခြင်းသည် မြန်မာနိုင်ငံကိုအနောက်တိုင်းသားများ ၊ ကုလသမဂ္ဂတို့ဝင်ရောက်ခြေရှုပ် မှာကိုစိုးရိမ်၍ဖြစ်သလို တရုတ်တို့၏အကျိုးစီးပွားအတွက်မြန်မာနှင့်ဆက်ဆံရေးကောင်းလိုသောကြောင့်ဖြစ်သည် ။ တရုတ်တို့မြန်မာထံမှအမြဲတမ်းအလိုရှိနေသည်မှာ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းပြန်စဖို့ဖြစ်သည် ။ ထိုစီမံကိန်းကိုပြန်လည်စတင်ဖို့တရုတ်တို့ဘက်ကဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းသွားမည်ဟုပြောထားခဲ့ဖူးသည် ။ China Power Investment Corporation ကလည်းမြစ်ဆုံစီမံကိန်းအတွက် ဒေါ်လာ ၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံထားသည် ။ ထို.ကြောင်.စီမံကိန်းကိုလွယ်လွယ်နှင်.အလျှော.ပေးမှာမဟုတ် ။

နိုင်ငံရေးတွင်တိုက်ဆိုင်မှုဆိုတာရှိခဲသည် (ရှိလေ့မရှိ) ။ ယခုရက်ပိုင်းအတွင်း တရုတ်နှင့်မြန်မာကြားထူးခြားမှုသုံးခုဆက်တိုက်ဖြစ်သည် ။ပထမတခုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် နိုဝင်ဘာ ၂၁ နှင့် ၂၂ တွင်ကျင်းပမည့် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာခြင်းဖြစ်သည် ။ သို့ သော် မစ္စတာဝမ်ယီသည် မြန်မာနိုင်ငံတွင်ရှိစဉ် သမ္မတဦးထင်ကျော် ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအာင်လှိုင်တို့ နှင့်ဆက်တိုက်တွေ့ ဆုံခဲ့သည် ။ တနည်းပြောရလျှင် မြန်မာနိုင်ငံတွင်အာဏာအရှိဆုံးလူသုံးဦးနှင့် နိုဝင်ဘာလ၁၉ ရက်တနေ့တည်းတွင် တယောက်ပြီးတယောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည် ။တကယ်တော့ အာရှ-ဥရောပအစည်းအဝေးက ၂၁ ရက်နေ့မှစတင်သော်လည်း ၂ ရက်ကြိုရောက်လာခြင်းမှာ မြန်မာနိုင်ငံမှအရေးအပါဆုံးခေါင်းဆောင်သုံးဦးနှင့်တွေ့ ဆုံဖို့ ဆိုတာထင်ရှားလေသည် ။နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ရီတို့တွေ့ ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်းလုံခြုံတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးကသတင်းထုတ်ပြန်သည် ။ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ။တခုတည်းသောရပ်ဝန်း တခုတည်းသောလမ်းကြောင်း( One Belt –One Road ) စီမံကိန်း ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ရခိုင်ပြည်နယ်အရေး တို့ကိုဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည် ။
“တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဟာ အရွယ်အစား၊အင်အား အလွန်ကွာခြားပေမယ့် နှစ်ဦးနှစ်ဖက်နားလည်မှုရှိတဲ့နေရာမှာ တူညီတဲ့တန်ဖိုးတွေနဲ့အတူ မိတ်ဆွေနိုင်ငံတွေဖြစ် ကြပါတယ် “ ဟုဒေါ်အောင်ဆန်းစုကြည်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည် ။
ဒုတိယထူးခြားချက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည်တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်နေပြည်တော်တွင်တွေ့ ဆုံပြီး (၂)ရက်အကြာ နိုဝင်ဘာ ၂၁ ရက်နေ့ တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးထွက်သွားခြင်းဖြစ်သည် ။တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng ၏ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည်နိုဝင်ဘာ ၂၁ရက်နေ့နံနက်တွင်နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ခဲ့သည် ။ ထိုခရီးစဉ်တွင် တပ်ချုပ်သည် တရုတ်နိုင်ငံ အစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအကြီးအကဲများနှင့်တွေ့ ဆုံဆွေးနွေးခြင်း၊တရုတ်နိုင်ငံရှိစစ်ဘက်ဆိုင်ရာသင်တန်းကျောင်းများ၊စက်ရုံများနှင့် အထင်ကရနေရာများ အားလှည့်လည်ကြည့်ရှုလေ့လာခြင်းများဆောင်ရွက်သွားမည်ဟုသိရသည် ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတရုတ်ခေါင်းဆောင်များကအလေးထားကြောင်းပြသသည့်အနေဖြင့် တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်က ပေကျင်း၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့သည် ။ တရုတ်ပြည်ခရီးစဉ်အတွင်းဗိုလ်ချုပ်မှူးကြီးမင်ေးအာင်လှိုင်သည် တရုတ်နိုင်ငံသမ္မတစီကျင်းပင်နှင့်လည်းတွေ့ ဆုံခဲ့သည်။ခရီးစဉ်အတွင်းသတိထားမိသည်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံရှိ မြစ်ကြီးသုံးသွယ်ရေကာတာ( Three Gorges Dam) သို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည် ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တရုတ်ပြည်မှ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်မြန်မာပြည်သို့ ပြန်ရောက်လာ၏ ။

တတိယထူးခြားမှုအဖြစ် နောက်တနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံသို့  အလုပ်သဘောချစ်ကြည်ရေးခရီးသွားရောက်မည်ဟူသောကြေညာချက်ထွက်လာပါသည် ။ ယခုခရီးစဉ်ပါထည့်တွက်လျှင် ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံသို့ သွားခြင်းမှာ တတိယအကြိမ်ဖြစ်သည် ၂၀၁၆ သြဂုတ်လအတွင်းကတကြိမ်၊ ၂၀၁၇ မေလကတကြိမ် ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားပြီးသားဖြစ်သည် ။ ၂၀၁၇ နိုဝင်ဘာလကုန် (သို့မဟုတ်)ဒီဇင်ဘာလဆန်းတွင်ထပ်သွာဲး့လျှင်ရှားရှားပါးပါး တနှစ်ထဲ တရုတ်ပြည်သို့  နှစ်ခေါက်သွားသော မြန်မာခေါင်းဆောင်ဖြစ်လာပေမည် ။တရုတ်ကွန်မြူနစ်ပါတီနှင့်ပြည်ပနိုင်ငံရေးပါတီများအကြားအဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲ သို့ တက်ရောက်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရေးမြှင့်တင်ရန်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်တရုတ်နိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်သည် ။

ဤကိစ္စသည် စဉ်းစားဖွယ်ဖြစ်၏ ။ တရုတ်ကွန်မြူနစ်ပါတီကပြည်ပနိုင်ငံရေးပါတီအဆင့်မြင့်ခေါင်းဆောင်များနှင့်ဆွေးနွေးပွဲဟုဆိုထားရာ ဒေါ်အောင်ဆန်းစုကြည်သည် လောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ပါတီလုပ်ငန်းများကိုဝင်ရောက်လုပ်ကိုင်ခွင့် ရပ်နားထားရရာ NLD ပါတီအဆင့်မြင့်ခေါင်းဆောင်အနေနှင့်သွားလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်ပေလိမ့်မည် ။ တကယ်ဆိုလျှင်ပါတီခေါင်းဆောင်များဖြစ်သော ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်းတို့ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဖြစ်စေ ၊ အတွင်းရေးမှူးများဖြစ်စေသွားရမည်ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်သည် လောလောဆယ်ပါတီလုပ်ငန်းများဝင်ရောက်ဆောင်ရွက်ခွင့်မရှိသဖြင့် ပါတီခေါင်းဆောင်အနေနှင့် သွားခွင့်မရှိပေ ။ ဖိတ်သည့်ခေါင်းစဉ်ကလည်းမရှင်းမရှင်းဖြစ်နေသည် ။ပြည်ပမှနိုင်ငံရေးပါတီအဆင့်မြင့်ခေါင်းဆောင်များနှင့်တရုတ်ကွန်မြူနစ်ပါတီတွေ့ ဆုံပွဲ ဟုလည်းအမည်တပ်ထားသည် ။ အလုပ်သဘောဟုလည်းပါသေးသည် ။ အကယ်၍ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော်တာဝန်ဖြင့် အလုပ်သဘောအရ နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်အဖြစ် တရုတ်ပြည်သို့ သွားခဲ့လျှင်တော့ အခြေခံဥပဒေကိုကျော်လွန်ခြင်းမရှိပေ ။ ပါတီခေါင်းဆောင်အနေနှင့်သွားလျှင်တော့ အခြေခံဥပဒေကိုကျော်လွန်ဖောက်ဖျက်မှုအဖြစ် စွပ်စွဲခံရနိုင်ပေသည် ။ ဖြစ်နိုင်သည်မှာ တရုတ်ကွန်မြူနစ်ပါတီမှ ပြည်ပပါတီခေါင်းဆောင်များနှင့်တွေ့ ဆုံပွဲသို့ ဖိတ်သည်ဆိုခြင်းမှာတရုတ်တို့ဘက်မှအကြောင်းမရှိအကြောင်းရှာ ခေါင်းစဉ်တပ်ခြင်းဖြစ်သည် ။ ဖြစ်နိုင်သည်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြစ်ကြီးသုံးသွယ်ရေကာတာခေါ်ပြပြီး မပြီးပြတ်သေးသောစကားများအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုထပ်ခေါ်ကာ မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်စတင်ဖို့ နှပ်ကြောင်းပေးစည်းရုံးလို၍ဖြစ်နိုင်သည် ။ ထိုအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ နေပြည်တော်သို့ရောက်လာကာ ကြီးသုံးကြီးဖြစ်သော ( ၊ သမ္မတကြီးဦးထင်ကျော် ၊ နိုင်ငံခြားရေးဝန်ကြီး နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးအမေစု၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ) ထင်၊စု၊လှိုင်ကိုလာရောက်တွေ့ ဆုံသွားခြင်းဖြစ်နိုင်သည် ။ ၀မ်ယီလာပြီးနောက် တပ်ချုပ်ကြီးမင်းအောင်လှိုင်တရုတ်ပြည်သို့ ထွက်သွားသည် ။ ထို့ နောက်ဒေါ်အောင်ဆန်းစုကြည်ရက်ပိုင်းအတွင်းသွားမည် ။ တိုက်ပဲတိုက်ဆိုင်လွန်းလှသည် ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်ပိုင်းဆိုင်ရာကိစ္စများတွင် အဆုံးအဖြစ်ပေးနိုင်သော ( Decision Maker )ဖြစ်သည် ။ သို့ သော် မြစ်ဆုံဆည်စီမံကိန်းပြန်စဖို့ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တယောက်တည်းနှင့်မပြီးနိုင် ။ ထိုကိစ္စအတွက် အဆုံးအဖြတ် ပေးနိုင်သူ ( Decision Maker ) မှာ မြန်မာပြည်တွင်ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲရှိသည် ။ တနိုင်ငံလုံးကဆန့်ကျင်နေသောလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတွင်ဒေါ်အောင်ဆန်းစုကြည်ကြားဝင်ပြီးဆုံးဖြတ်ပေးလိုက်ရာ ကြီးမားသော လူထုဆန့်ကျင်မှုမရှိတာ့ပဲ ပြေလည်သွားဖူးသည် ( တရုတ်တို့အောင်ပွဲရဖူးသည် ) ။ ဒေါ်အောင်ဆန်းစုကြည်နောက်တွင်ပြည်သူလူထုရှိသည် ။ အနည်းဆုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ဘာပဲဆုံးဖြတ်သည်ဖြစ်စေ ထောက်ခံမည့် NLD ပါတီဝင်များရှိသည် ။ ဒေါ်အောင်ဆန်းစုကြည်ကသာ မြစ်ဆုံဆည်စီမံကိန်းကိုအကြောင်းပြချက်ကောင်းကောင်းဖြင့် ပြန်လည်စတင်လိုသည်ဆိုလျှင် NLD ပါတီဝင်များက လက်ခံကြမှာသေချာသည် ။ပြည်သူလူထုကလည်း လက်ခံကြလိမ့်မည်ဟု (လက်ပန်းတောင်းတောင်စီမံကိန်းကိုအတုယူ၍) တရုတ်တို့ စဉ်းစားဟန်ရှိသည် ။ မြစ်ဆုံရေကာတာစီမံကိန်းကိုလက်ခံခဲ့သူမှာ တပ်မတော်ခေါင်းဆောင်ဟောင်းများဖြစ်သည် ။ ခေတ္တဆိုင်းငံ့သည်ဟုမရှုပ်မရှင်းလုပ်ခဲ့သူမှာလည်း တပ်မတော်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန်အစိုးရဖြစ်သည် ။ ဒီကိစ္စတွင်တပ်မတော်ခေါင်းဆောင်ဟောင်းများပါဝင်ပါတ်သက်မှုကြီးမားနေသည် ။တပ်ခေါင်းဆောင်ဟောင်းများနှင့်တရုတ်တို့ချုပ်ဆိုခု့သော မြစ်ဆုံဆည်စီမံကိန်းစာချုပ်ကိုလည်းပြည်သူလူထုသို့ယခုတိုင်ချမပြသေးချေ။ထို့ကြောင့် လက်ရှိတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုခေါ်၍တိုင်ပင်ဆွေးနွေးညှိနှိုင်းခြင်း၊အကြံဥာဏ်တောင်းခြင်းတို့ ရှိနိုင်သည် ။ ထိုမှတဆင့်တက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်အတွင်းနှစ်ကြိမ်တိတိ (မည်သည့်နိုင်ငံခြားခေါင်းဆောင်ကိုမှတနှစ်အတွင်းတရုတ်ပြည်သို့ နှစ်ကြိမ်ချစ်ကြည်ရေးခရီးမဖိတ်ဖူးပဲ) အဖိတ်ထူးကာ ဖိတ်ခေါ်တာလားဟုတွေးမိလေသည် ။ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေးသြဇာနှင့်ပုဂ္ဂိုလ်ရေးအရှိန်အ၀ါကိုတရုတ်ခေါင်းဆောင်များကမြစ်ဆုံဆည်ရေကာတာစီမံကိန်းအတွက်အသုံးချနေခြင်းလားဟု သံသယပွားမိပါသည် ။

ယခုအခါဒေါ်အောင်ဆန်းစုကြည်တွင်လည်း နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍အခက်အခဲပေါင်းစုံနှင့်ရင်ဆိုင်နေရသည် ။ ဥရောပသမဂ္ဂ။အမေ၇ိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာနှင့်ကုလသမဂ္ဂက မြန်မာနိုင်ငံနှင့်ဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာ့တပ်မတော်တို့အား ဘင်္ဂလီကိစ္စ ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီးဖိအားများစွာပေးနေချိန်ဖြစ်သည် ။ မကြာသေးမီရက်များက ရခိုင်ပြည်နယ်အခြေအနေနှင့်ပါတ်သက်၍ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  ( OIC ) ဦးဆောင်တင်သွင်းသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာမူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းဆိုင်ရာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မမတီ(တတိယကော်မတီ)တွင် ထောက်ခံမဲ ၁၃၅ မဲ ၊ကန့်ကွက်မဲ ၁၀မဲ ၊ကြားနေမဲ ၂၆ မဲ ၊ မဲမပေးသောနိုင်ငံ ၂၂ နိုင်ငံ တို့ဖြင့် အတည်ပြုခဲ့ကြသည် ။လူ့အခွင့်အရေးကောင်စီကလည်း မြန်မာနိုင်ငံအရေးကိုလူ့အခွင်းအရေးကော်မတီခံတွင်ယခုရက်ပိုင်းအတွင်းတင်ပြဆွေးနွေးကြပေဦးမည် ။ ထိုအချိန်တွင် မြန်မာဘက်မှ အားကိုးစရာမားမားမတ်မတ်ရပ်တည်မည့်နိုင်ငံမှာ တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံ နှင့်အိန္ဒိယနိုင်ငံများသာရှိတော့သည် ။ ထိုအခြေအနေတွင်တရုတ်က သူ၏ကြီးမားလှသော အရေးပါအရာရောက်မှုကိုအသုံးချကာ ဒေါ်အောင်ဆန်းစုကြည်ထံမှ မြစ်ဆုံသဘောတူညီချက်ကို ရဖို အသုံးချလာနိုင်ပေသည် ။

စဉ်းစားကြည့်ပြန်တော့ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုအရေးကိုမမြင်ပဲနေမည်မဟုတ် ။သူသည် အလွန်လိမ္မာပါးနပ်သောနိုင်ငံရေးသမားတယောက်ဖြစ်သည် ။ တရုတ်တို့ နှင်ပူးပေါင်းနေခြင်းသည် တိုင်းပြည်အပေါ်ကျရောက်နေသော နိုင်ငံတကာ ဖိအားများ ၊ပြစ်တင်ရှုတ်ချမှုများ ကိုလျော့ပါးသက်သာအောင် တရုတ်တို့အားအသုံးချနေခြင်းလည်းဖြစ်နိုင်သည် ။ ဒေါ်အောင်ဆန်းစုကြည်သည်အနောက်တိုင်းတွင်ကြီးပြင်းနေထိုင်ခဲ့သူဖြစ်ရာ အချိန်တန်လျှင် အနောက်နိုင်ငံများနှင့် ပြန်လည်သင့်မြတ်ကာသဟဇာတဖြစ်သွားမည်သာဖြစ်သည် ။ ယခုပြသနာများမှာလည်း ဘင်္ဂလီအကြမ်းဖက်သမားများ ဂြိုဟ်မွှေသောကြောင့် တပ်မတော်အပေါ်အနောက်နိုင်ငံများအမြင်မကြည်လင်ရာမှဒေါ်အောင်ဆန်းစုကြည်ကိုပါရောယောင်ပြစ်တင်ရှုတ်ချနေကြခြင်းဖြစ်ပေသည် ။ ဒါဆိုလျှင်နိုင်ငံတကာဖိအားများ လျော့ပါးအေးချမ်းသွားချိန်အထိ တရုတ်တို့နှင့် အပေါ်ယံဟန်ပြ ချစ်ကြည်ရေးလုပ်နေသလားဟုလည်းတွေးမိပေ၏ ။ ဒေါ်အာင်ဆန်းစုကြည်ကတရုတ်တို့ကို မြန်မာ့နိုင်ငံအရေးအတွက် အသုံးချနေခြင်းလည်းဖြစ်နိုင်ပေသည် ။ မကြမီသောကာလတွင်မည်သူကမည်သူ့ ကို အသုံးချနေသလဲဆိုတာ ကာယကံရှင်တို့၏ ကာယကံ ၊၀ဇီကံတို့မှတဆင့်ပေါ်ပေါက်လာပေလိမ့်မည် ။ ဘာပဲပြောပြော နိုင်ငံရေးတွင်ထာဝရမိတ်ဆွေ ၊ထာဝရရန်သူမရှိ၊ထာဝရအကျိုးစီးပွားသာရှိသည်ဆိုတာကို ယခုအချိန်တွင်တော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရော ၊ မြန်မာဘက်မှနိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရော ကောင်းကောင်းသဘောပေါက်ကြမှာတော့အသေအချာပင်ဖြစ်ပါပေ၏။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁.၁၂.၂၀၁၇[full-post]

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6948,interview,213,knowledge,7,Live,8,LocalNews,15057,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: တရုတ်ကဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချမလား၊ ဒေါ်အောင်ဆန်းစုကြည်ကတရုတ်ကိုအသုံးချမလား - သရ၀ဏ်(ပြည်)
တရုတ်ကဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချမလား၊ ဒေါ်အောင်ဆန်းစုကြည်ကတရုတ်ကိုအသုံးချမလား - သရ၀ဏ်(ပြည်)
https://gdb.voanews.com/AFCC9C5B-9945-44E5-8918-5B97E5060A52_cx9_cy21_cw85_w250_r1_s.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_18.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_18.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy