မျက်မြင်သက်သေမရှိသော လူသတ်မှုအား တရားခံ၏ ဖြောင့်ချက် တစ်ခုတည်းဖြင့် ရုံးတင်တော့မည်


(ဇနီးနှင့် သမီးငယ်တို့ကို ဆုံးရှုံးခဲ့ရသူ၊ The Ladies News ၏ ပင်တိုင်ဆောင်းပါးရှင် ဆရာလှမျိုးထွန်းက လှိုင်သီရိလူသတ်မှုနှင့် ပတ်သက်၍ မီဒီယာသို့ ရင်ဖွင့်)

လှိုင်သီရိအိမ်ရာတွင် ဖြစ်ပွားခဲ့သော ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၃ ဦး အား ရက်စက်စွာ သတ်ဖြတ်ခဲ့သော လူသတ်မှုအတွက် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည့် တရားခံ၏ ဖြောင့်ချက်အပေါ်တွင် မူတည်၍ ရုံးတင်တရားစွဲဆိုတော့မည် ဖြစ်သည်။ ၎င်းအမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖမ်းဆီးမှုအဖြစ် အခင်းဖြစ် နေအိမ် မှ ယူဆောင်လာခဲ့သော လက်ဝတ်လက်စားများအား လက်ခံထား သည့် ဇနီးနှင့် မိခင်တို့ကိုပါ တစ်ပါတည်း ရုံးတင်မည်ဖြစ်သည်။

ဖြောင့်ချက် ပေးခဲ့သူမှာ Stay A While စားသောက်ဆိုင်တွင် Bar Man အဖြစ် အလုပ်လုပ်ကိုင် နေသူဖြစ်သည်။ သေဆုံးသူများအနက် ဒေါ်ကေသီလှိုင်မှာ စားသောက်ဆိုင် မန်နေဂျာဖြစ်ပြီး၊ မအေးမာဦးမှာ ဆိုင်၏ စာရင်းကိုင်တစ်ဦး ဖြစ်ကြောင်းသိရပြီး အသတ်ခံရာတွင်ပါခဲ့သူ အသက် ၉ နှစ်အရွယ် ဒေါ်ကေသီလှိုင်၏ သမီးငယ်မှာ အထက (၁) ဒဂုံ တတိယတန်းကျောင်းသူ ဖြစ်သည်။ အဆိုပါ စားသောက်ဆိုင်မှာ လှိုင်တက္ကသိုလ် နယ်မြေအနီး မင်းလမ်းရခိုင်မုန့်တီဆိုင်၏ ကပ်ရက်တွင် ဖွင့်လှစ်ခဲ့သော Stay A While စားသောက်ဆိုင် ဖြစ်ကြောင်း သိရကာ ယခုနှစ်ဆန်းတွင်မှ ဆိုင်ပိတ်၍ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း၊ အမှတ် ၂၅ (ဂ) ပေါ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် ပြင်ဆင်နေဆဲ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် အပြင်မှ သော့ခတ်ပိတ်ထားသော လှိုင်သီရိအိမ်ရာ အခန်းအမှတ် ၅၀၃ မှ အဝါရောင် အရည်များ စီးကျ၍ အပုပ်နံ့များ ထွက်နေသောကြောင့် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ရာမှ ညပိုင်းတွင် သော့ဖျက် ဝင်ရောက်ကြည့်ရှုရာ သေဆုံးနေသော ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၃ ဦး၏ အလောင်းများကို တွေ့ရှိရခြင်း ဖြစ်သည်။ အမျိုးသမီးများအားလုံး ညအိပ်အဝတ်အစားများ ဝတ်ဆင်လျက် ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး သွေးစွန်းနေသော အသားခုတ် ဓားမကြီးတစ်ချောင်းကို လက်ဆေးဘေစင်တွင် ချထားသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်ခဲ့သည်။ သေဆုံးသူများမှာ Stay A While စားသောက် ဆိုင်နှင့် ပတ်သက်သူများ ဖြစ်ကြောင်း သိရှိရသဖြင့် ဆိုင်လိပ်စာအား ရှာဖွေစုံစမ်းနေဆဲမှာပင် သေဆုံးသူနှင့် ရင်းနှီးသော အိမ်နီးချင်းတစ်ဦးက ဆိုင်ကိုသိရှိကြောင်းပြောကာ သူ၏ကားဖြင့် ဆိုင်ဝန်ထမ်းများအား ချက်ချင်း သွားရောက်ခေါ်ယူကာ လှိုင်မြို့မရဲစခန်းသို့ ပို့ပေးခဲ့ခြင်းဖြစ် ကြောင်း ခေါ်ဆောင်ပေးခဲ့သူ ကာယကံရှင် ကိုယ်တိုင် ရဲတပ်ဖွဲ့၏ မှုခင်းသတင်း ထုတ်ပြန်ချက်များရေးသားရာ Yangon Police ၏ FB တွင် ပြန်လှန်ရေးသားခဲ့သဖြင့် သိရှိရသည်။

ဆိုင်တွင် အလုပ်လုပ်သူများအား ရဲတပ်ဖွဲ့မှ စစ်ဆေးမှုမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ လက်ဖဝါး ၂ ဖက်တွင် ဒဏ်ရာများ ရရှိထားသော ဇွဲလင်းထက်၏ ကွဲပြားခြားနားသည့် ထွက်ဆိုချက်များကြောင့် ယာဉ်ထိန်း အချက်ပြ CCTV မှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးရာ မူမမှန်ကြောင်း သိရဖြင့် ဒုတိယ အကြိမ် ပြန်လည် စစ်ဆေးသော အခါတွင် ဇွဲလင်းထက် က "သူကိုယ်တိုင် သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဦးတည်း ကျူးလွန်ခဲ့ ကြောင်း ဝန်ခံထွက်ဆို သဖြင့်” တရားခံအား လူသတ်မှုအကြောင်း သိသိချင်း ၃ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထိုအကြောင်းကို ရဲတပ်ဖွဲ့၏ FB စာမျက်နှာတွင် နိုဝင်ဘာ ၁၆ ရက် မနက်လင်းအားကြီး အချိန်မှာပင် ရေးသား သတင်းထုတ်ပြန် ခဲ့သည်ကို တွေ့ရသည်။ သို့သော် ထိုသတင်းနှင့်တွဲရက် ဓာတ်ပုံများကို ဖော်ပြရာတွင် တရားခံ၏ဇနီးဖြစ်သူ မခင်ခင်ဖြိုး၏ ပိုက်ဆံအိတ်အတွင်းမှ သေဆုံးသူ၏ လက်ဝတ်လက်စား အချို့နှင့်အတူ ကားသော့နှင့် အိမ်သော့ ၂ စုံကိုပါ သိမ်းဆည်းရမိသည်ကို တွေ့ရသည်။

မျက်မြင်သက်သေမရှိသော လူသတ်မှုအတွက် တရားခံတစ်ဦးတည်း၏ ဖြောင့်ချက်အပေါ်တွင် အတည်ပြု၍ လူသတ်မှု၊ လုယက်မှုအဖြစ် ပုဒ်မတပ်ကာ သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၉ ရက်နေ့ နံနက်စောစောတွင် လစာတိုးပေးရန် အတွက် မန်နေဂျာ အမျိုးသမီးဖြစ်သူထံ အိမ်အထိ လာရောက် တောင်းဆိုခဲ့ပြီး လစာ တိုးမပေးသဖြင့် လက်သီးဖြင့်ထိုးရာ မန်နေဂျာအမျိုးသမီးက အိပ်ခန်းအတွင်းမှ ဓားယူ၍ ရန်ပြုခဲ့သည်ဟု ဆိုပါသည်။ တရားခံက ဓားကိုလုယူရာမှ ထိုးမိသေဆုံး သွားကြောင်း၊ မန်နေဂျာအိမ်တွင် ထိုညက အဖော်လုပ် ညအိပ်ပေးနေသော လုပ်ဖော်ကိုင်ကိုင်ဖက် ဝန်ထမ်းအမျိုးသမီးနှင့် ၉ နှစ်အရွယ် သမီးငယ်တို့ကပါ ဝင်ဆွဲသဖြင့် သတ်မိသည်ဟု ဆိုပါသည်။

မျက်မြင်သက်သေမရှိသော လူသတ်မှုအတွက် ပြီးပြည့်စုံသော စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ခြင်း မရှိသည့်သဘောကို တွေ့ရသည်။

"ကျွန်တော့်ဇနီးဟာ သာမန်အမျိုးသမီးတွေထက် အရပ်အမောင်းရော ကိုယ်ခန္ဓာပါ ထွားကြိုင်းသန်မာသူပါ။ ခွန်အားလည်း ကြီးပြီး လက်မြန်ခြေမြန် သွက်သွက်လက်လက် လှုပ်ရှားတတ်သူဖြစ်ပါတယ်။ ကျွန်တော့်ဇနီးကို မြင်ဖူး တွေ့ဖူးသူတိုင်း ဒီအကြောင်းကို သိပါတယ်။ ကျွန်တော်တို့ မိသားစုက အေးချမ်းစွာ နေထိုင်တဲ့သူတွေပါ။ အိပ်ခန်းထဲမှာ ဓားဆောင်လေ့မရှိသလို အိမ်မှာလည်း မီးဖိုချောင်သုံး ဓားကလွဲလို့ လူသတ်သမားဝန်ခံထားတဲ့ ဓားတွေ မရှိပါဘူး”

“လူသတ်သမားက မီးဖိုချောင်က အသားခုတ်စတီးဓားလို့ ချန်ထားရစ်တဲ့ ဓားကိုပြောပေမယ့် အဲဒီဓားက အိမ်သုံးစတီးဓား မဟုတ်ပါဘူး။ အိမ်မှာ အဲဒီလိုဓားမျိုး လုံးဝမရှိပါဘူး။ စားသောက်ဆိုင်နဲ့ ဈေးထဲက အသားရောင်း တဲ့ဆိုင်တွေမှာသုံးတဲ့ အရိုးကိုပါ ပြတ်အောင်ခုတ်နိုင်တဲ့ ဓားမအကြီးစားကြီး ဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာ ဘယ်အိမ်မှာမှ အဲဒီလိုဓားမျိုးကို ဆောင်ထားမှာမဟုတ်ပါဘူး။ ဆိုင်မှာ အသားဝယ်တဲ့အခါ တစ်ခါတည်း ခုတ်ထစ်ပြီး အသင့်ချက်ရုံ၊ ရေခဲသေတ္တာထဲထည့်ရုံ အနေအထား လုပ်ပေးလိုက်တာချည်းပါပဲ။ ရန်ကုန်မှာ နေတဲ့သူတိုင်း အလွယ်တကူသိနိုင်တဲ့ ကိစ္စပါ”

“ဒီထက်ပိုပြီး အရေးကြီးတာက လူသတ်ရာမှာသုံးတဲ့ဓားကို ချောင်းထဲ လွှင့်ပစ်လိုက်တယ်လို့နေရာ အတိအကျ ပြပေမယ့် ဓားကို ခုထက်ထိရေငုပ်ရှာနေတာမတွေ့ရသေးဘူးလို့ သိရပါတယ်။ ကျွန်တော့်ဇနီး လက်ထဲမှာ ဒီလိုဓားမျိုးသာ ရှိခဲ့ရင် သူ့တစ်ဝက်လောက်ပဲရှိတဲ့ လူသတ်သမားပဲ ဒဏ်ရာအကြီးအကျယ် ရသွားမှာပါ။ လူသတ်တယ်လို့ ဝန်ခံထားတဲ့ သူရဲ့အကြောင်းကိုလည်း ဆိုင်ကဝန်ထမ်းတွေ ကောင်းကောင်းသိပါတယ်။ အလွန် ကြောက်တတ်တဲ့ လူစားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလူသတ်ဓားတွေနဲ့ ပတ်သက်တဲ့ ဖြောင့်ချက်ကို အလွယ်တကူ ယုံကြည်နိုင်ဖို့ ခက်ခဲပါတယ်”

“ဓား ၂ လက်နဲ့ လူတစ်ယောက်က မိန်းမ ၃ ယောက်ကို ရုန်းရင်းဆန်ခတ် မဖြစ်ဘဲ အိမ်နီးချင်းတွေ သတိ မထားမိအောင် သတ်ဖို့ မလွယ်ပါဘူး။ လူသတ်တဲ့အချိန်က မနက် ၇ နာရီ ဝန်းကျင်ပေမယ့် တိုက်လှေကားက အိမ်တွေအားလုံး နိုးနေကြပါပြီ။ ကျွန်တော်တို့အိမ်ရာမှာ တိုက်လှေကားကို အလယ်ကောင်မှာ ထည့်သွင်းထားပြီး လှေကားပတ်လည်မှာ အိမ်ခန်း ၄ ခန်းရှိပါတယ်။ ၆ ထပ်ဆိုတော့ စုစုပေါင်း ၂၄ ခန်းပေါ့။ လူမနေတဲ့ အခန်းရယ် အခင်းဖြစ်အခန်းနဲ့ ကပ်ရက် သံပန်းတံခါးတစ်ခုတည်း ကျွန်တော့်အဖေနေတဲ့ အခန်းရယ်ကို ဖယ်လိုက်ရင် အခန်းနီးချင်း၊ လှေကားတူ အခန်းပေါင်း ၂ဝ ရှိပါတယ်။ အပေါ်ဆုံးထပ်ကနေ ပြန်ဆင်းရင်တောင် အခန်းပေါင်း ၂ဝ ရဲ့ တံခါးတွေရှေ့ကနေ ဖြတ်သွားရမှာပါ”

“စုစုပေါင်းတိုက် ၅ လုံးပဲရှိတဲ့ အိမ်ရာလုံခြုံရေးအတွက် အုတ်တံတိုင်းကာ သံဆူးကြိုးတပ်ထားတဲ့ အပြင် ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ကားအဝင်အထွက် လမ်းတိုင်းမှာ လုံခြုံရေးဂိတ်နဲ့ အစောင့်ကင်းတဲ ၃ လုံး ရှိတဲ့အတွက် လုံခြုံရေးကောင်းတဲ့ အိမ်ရာလို့တောင် ပြောနိုင်ပါတယ်။ ကြိုတင်မကြံစည်ဘဲနဲ့ လူမသိအောင် ကျွန်တော့်မိသားစုကို မသတ်နိုင်ပါဘူး”

“မနက်အစောကြီးလာပြီး လခတိုးတောင်းတာမရလို့ မန်နေဂျာကို ဘားမင်းက သတ်ပစ်လိုက်တယ် ဆိုတာ ထောင်ကျမယ်ဆိုတာ သိရက်နဲ့ ယုံတမ်းစကားကို တရားသူကြီးရှေ့ တရားဝင်အောင်ပြောတာနဲ့ တူပါတယ်။ မျက်မြင်သက်သေ မရှိတာကို အခွင့်ကောင်းယူ လူသတ်လက်နက်ကို ဖျောက်ပြီး ပြောချင်တာကို ထပ်တူကျ အောင် ၂ ကြိမ်လောက် ပြောလိုက်တာနဲ့ သူတစ်ယောက်တည်းက သတ်တာဆိုပြီး ရုံးတင် တရားစွဲတာမျိုးကို ကျွန်တော်တို့က လက်ခံလိုက်မယ်ဆိုရင် လူမမြင်အောင် သတ်ပြီး တရားခံအစားထိုးတဲ့ လက်မည်းကြီးခေတ်ကို အားပေးအားမြောက်ပြုရာ ကျတော့မှာပေါ့”

“လူသတ်သမား တစ်ယောက်တည်း မဟုတ်ဆိုတာ သေသေသပ်သပ် လုပ်သွားတဲ့ အချက်တွေရယ်၊ ယုတ္တိမတန် မူမမှန်တဲ့ ဖြောင့်ချက်ရယ်ကို ဆက်စပ်စဉ်းစားတာနဲ့တင် ပေါ်လွင်နေတယ်။ တရားခံလို့ ဝန်ခံလိုက်တာနဲ့ အချက်အလက်တွေ ထပ်မရှာတော့ဘဲ ၃ နာရီအတွင်း တရားခံကိုမိပြီလို့ အများပြည်သူကို သတင်းထုတ်ပြန်ခဲ့တဲ့ အတွက် ကာယကံရှင် မိသားစုဘက်က အလွန်စိတ်ဓာတ် ကျခဲ့ပါတယ်။ ခုတော့ ဒီပုံစံအတိုင်းပဲ ၃ နာရီ စာ အချက်အလက်နဲ့တင် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံးတင်စစ်ဆေးတော့မယ်လို့ တာဝန်ရှိသူတွေက ပြောတဲ့အတွက် တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ ချည့်နဲ့နဲ့ဖြောင့်ချက်ကို မျက်မြင် သက်သေမပါဘဲ အားကိုးရမလို ဖြစ်နေပါပြီ။ ဘယ်လိုမှ လက်မခံနိုင်ပါဘူး”

“လူယုံသတ်လို့သေရတဲ့ ကျွန်တော့်မိသားစုကို မပြည့်စုံတဲ့ဖြောင့်ချက်နဲ့ နောက်တစ်ခေါက် ထပ်ပြန်မသတ်ဖို့ တောင်းဆိုပါတယ်"

ဖြောင့်ချက်ပေးထားသူ တရားခံ၏လက်ဝယ်တွင် Toyota Wish အမျိုးအစား ကားသော့နှင့် အတူ ၎င်း၏ ဇနီးထံမှ Toyota RAV-4 ကားသော့ကိုလည်း သိမ်းဆည်းရမိသည်ဟု ကနဦး သတင်းထုတ်ပြန်ချက်တွင် သိရှိရသည်။

၎င်း၏ဇနီး မခင်ခင်ဖြိုးမှာလည်း Stay A While စားသောက်ဆိုင် ဝန်ထမ်း ဝိတ်တာ တစ်ဦးဖြစ်ပြီး ဆိုင်အဟောင်း မပိတ်မီကပင် အလုပ်ထွက်သွားသူ ဖြစ်ကြောင်းသိရကာ အခင်းမဖြစ်မီလပိုင်း အလိုကမှ ဆိုင်နေရာအသစ်တွင် ပြန်လည်အလုပ်-လုပ်လို သည်ဟု ပြောသဖြင့် ခန့်ထားကြောင်းသိရသည်။

စားသောက်ဆိုင်မှာ အချောသပ်ပြင်ဆင်ဆဲ ကာလဖြစ်ပြီး မကြာမီဖွင့်လှစ်နိုင်ရန် အတွက် ဝန်ထမ်းသစ်များ ခေါ်ယူနေချိန်ဖြစ်သည်။ မဖွင့်ရသေးသော ဆိုင်တွင် မန်နေဂျာမပါ အမျိုးသမီး ဝန်ထမ်း ၃ ဦးနှင့် ယောက်ျားလေး ဝန်ထမ်း ၄ ဦးသာရှိပြီး ဆိုင်တွင် ကျားဆောင်၊ မဆောင်ခွဲ၍ ညအိပ်ရန် စီစဉ်ပေးထားသလို ဝန်ထမ်းထမင်း၊ ဟင်းကိုပါ ချက်ပြုတ်ကျွေးမွေးသည်ဟု သိရသည်။ Toyota Wish အမျိုးအစား ကားအနက်ရောင်မှာ ဆိုင်ပိုင်ရှင်၏ ကားဖြစ်ပြီး မန်နေဂျာက ဆိုင်အတွက် အသုံးပြုကာ ညဘက်တွင်အိမ်ရာသို့ မောင်းနှင်သိမ်းဆည်းလေ့ ရှိသည်။ ဆိုင်သုံးရန်၊ ဈေးဝယ်ရန်၊ ဖယ်ရီပို့ရန်အတွက် သီးသန့်ကားတစ်စီးရှိပြီး ယာဉ်မောင်းသတ်သတ် ထားရှိကြောင်း ဖြောင့်ချက်ပေး တရားခံဘားမင်းအား ကားမောင်းခွင့်မပေးသလို ၎င်းထံတွင် လိုင်စင်လည်းမရှိကြောင်း သိရသည်။

အသတ်ခံရသော မန်နေဂျာ၏ ကိုယ်ပိုင်ကား Toyota RAV-4 မှာအခင်းဖြစ် တိုက်ခန်း၏ လှေကားအနီး အဝင်အထွက် လွယ်ကူသောနေရာမှာပင် ရပ်ထားပြီး ကားသော့ကိုသာ တရားခံက ယူဆောင်လျက် ဆိုင်ပိုင်ရှင်၏ကား Toyota Wish ကို မောင်းနှင်ယူသွားခဲ့ခြင်း ဖြစ်သည်။

တရားခံသည် အခင်းဖြစ်သည့် နိုဝင်ဘာ ၉ ရက်နေ့မှ ဖမ်းဆီးခံရသည့် နိုဝင်ဘာ ၁၅ ရက် နေ့ညအထိ ဆိုင်တွင် ဟန်မပျက် ဆက်လက် အလုပ်လုပ်မြဲဖြစ်ကြောင်းသိရကာ ရဲတပ်ဖွဲ့ကတိုက်ခန်းကို သော့ဖျက် ဝင်ရောက် နေကြောင်း လူသေအလောင်း ၃ လောင်းကို တွေ့ရှိကြောင်း FB တွင် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှစ၍ သတင်းများ အဆက်မပြတ် တက်နေသော်လည်း စိတ်ပူဟန် တစ်ချက်မှမပြဘဲ ရဲစခန်းသို့ အလွယ်တကူ လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။ လက်ကဒဏ်ရာကိုလည်း လုပ်ဖော်ကိုင်ဖက်များအား မန်နေဂျာအား ရန်ပြုသဖြင့် ဝင်ရောက်ကူညီရာမှ ရရှိခဲ့ကြောင်း ပြောပြခဲ့သည်။

ဆိုင်မန်နေဂျာ အပါအဝင် ဝန်ထမ်းအမျိုးသမီး ၂ ဦး တစ်ပတ်ကြာ ပျောက်ဆုံးနေသော်လည်း ဆိုင်ဝန်ထမ်း ၆ ဦး စလုံးက သက်ဆိုင်ရာ မိသားစုဝင်များအား အကြောင်းကြားအသိပေးခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၃ ဦး မိမိနေအိမ် အခန်းတွင်းမှာပင် အသတ်ခံရသော အမှုဖြစ်သောကြောင့် ပြည်သူအများ စိတ်ဝင်စားသော်လည်း တရားခံအား ၃ နာရီအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့၏ ချက်ချင်း သတင်းထုတ်ပြန်မှုကြောင့် စိတ်သက်သာရာရခဲ့သည်။ သို့သော်လည်း တရားခံ၏ ဖြောင့်ချက် တစ်ခုတည်းအပေါ်တွင် အားပြုရေးသားခဲ့သဖြင့် ဘဝင်မကျသူ အများအပြားရှိနေသည်။ အမျိုးသမီးများအတွက် ယောက်ျားသားမရှိဘဲ အိမ်တွင်နေထိုင်ရန် လုံခြုံမရှိသလို ခံစားနေရချိန်တွင် ကလေးပါမကျန် သတ်ဖြတ်ခဲ့သော လူသတ်မှုအား အမှန်အတိုင်း ပေါ်ပေါက်စေရန်အားထုတ်ပြီးမှ ဥပဒေ၏ အဆုံးအဖြတ်ကို ခံယူသင့်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်တို့က လိုလားလျက်ရှိသည်။


{ ပုံစာ - ဆရာလှမျိုးထွန်းက ဇနီးနှင့် သမီးငယ်အတွက် ရည်စူးအလှူ ပြုလုပ်နေစဉ်(၂၀၁၇ ဒီဇင်ဘာ ၂ ရက်) }

ရန်ကုန် ဒီဇင်ဘာ ၈ ရက် ၂ဝ၁၇

The Ladies News

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,8075,interview,222,knowledge,9,Live,8,LocalNews,16805,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,182,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: မျက်မြင်သက်သေမရှိသော လူသတ်မှုအား တရားခံ၏ ဖြောင့်ချက် တစ်ခုတည်းဖြင့် ရုံးတင်တော့မည်
မျက်မြင်သက်သေမရှိသော လူသတ်မှုအား တရားခံ၏ ဖြောင့်ချက် တစ်ခုတည်းဖြင့် ရုံးတင်တော့မည်
http://www.theladiesnewsjournal.com/sites/default/files/styles/large/public/images/news/%E1%80%86%E1%80%9B%E1%80%AC%E1%80%9C%E1%80%BD%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%91%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%80%20%E1%80%87%E1%80%94%E1%80%AE%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%20%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%84%E1%80%9A%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9%20%E1%80%9B%E1%80%8A%E1%80%B9%E1%80%85%E1%80%B0%E1%80%B8%E1%80%A1%E1%80%9C%E1%80%BD%E1%80%B4%20%E1%80%BB%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%94%E1%80%85%E1%80%A5%E1%80%B9(%E1%81%82%E1%81%80%E1%81%81%E1%81%87%20%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%B9%E1%80%98%E1%80%AC%20%E1%81%82%20%E1%80%9B%E1%80%80%E1%80%B9).jpg?itok=aPfBxm2h
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_398.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_398.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy