အာဆီယံမှာ မြန်မာ ဘိတ်ဆုံးဖြစ်တော့မလား


အပြေးပြိုင်ပွဲတခု ကြည့်ဖူးသည်။ ဘောလုံးကွင်းလို အားကစားကွင်းကြီး ကိုပတ်၍ အပြေးသမားများက ပြေးကြရခြင်း ဖြစ်သည်။ တာလွှတ်သည် နှင့် အပြေးသမား တစ်စု အားနှင့်အင်နှင့် ရှေ့ သို့ ပြေးထွက် သွားကြသည်။ ထိုအထဲတွင် ခြေအနုတ်အသိမ်းနှေးသော အပြေးသမား တယောက်ပါ သည်။ ထိုအပြေးသမားသည် တဖြည်းဖြည်းနှင့် နောက်မှာ ကျန်ခဲ့သည်။ အပြေးသမားအားလုံး သူ့ ကို ကျော်တက်သွားကြသည်။ တဖြည်းဖြည်းနှင့် သူ့ ကိုကျော်တက်သွားသူ များသည် ကွင်းပတ်ပြေးပွဲ ဖြစ်သောကြောင့် သူနှင့် တဖြည်းဖြည်းဝေးကာ သူ့ နောက်ဘက်သို့ ပင် ပြန်ရောက် လာသည်။ အမှတ်တမဲ့ကြည့်လျှင် ထိုအပြေးသမားသည် ရှေ့မှဦးဆောင် နေပြီး ကျန်အပြေးသမား တစ်စုသည် နောက်မှာ ပြတ်ကျန်ခဲ့သလိုလို ဖြစ်နေသည်။ ထိုအချိန်တွင်မှ အပြေးပြိုင်ပွဲကွင်းထဲသို့  ၀င်လာသော ဘကြီးတစ်ယောက်က ရှေ့မှပြေးနေသူကို ချီးမွမ်းသည်။

“တို့ ရွာက ကောင်ကတော့ ရှေ့ ကနေ အပြတ်အသတ်ပဲဟေ့၊ တော်တော် ကို ဖြတ်ထားနိုင်တာပဲ”

ထိုစကားကို ကြားရသူအပေါင်းက ရယ်ကြသည်။

“ရှေ့ ကဖြတ်တာ မဟုတ်ဘူး အဘရေ၊ နောက်ဆုံးပိတ် ဖြစ်နေတာ” ဟု ရယ်ရင်းပြောကြသည်။

ယခုအခါ မြန်မာပြည်သည် ထိုအပြေးသမားလို ဖြစ်နေပြီး အချို့သော သူများသည် ပြေးပွဲကို နောက်ကျမှ လာကြည့်သော တောမှဘကြီးလို ဖြစ်နေသည်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရင်း နိုင်ငံသည် တဖြည်းဖြည်း ပြိုင်ဘက်များ၏ နောက်သို့ ရောက်မှန်းမသိ ရောက်လာသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “ခရီးသွား လုပ်ငန်းကလွဲပြီး စီးပွားရေးကဏ္ဍတွင် တိုးတက်မှု မပြနိုင်သေး” ဟု ပြောသည်။ ၂၀၁၇ ဒီဇင်ဘာ ၅ ရက်နေ့ က နေပြည်တော်တွင် ကျင်းပသော မြန်မာ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောခဲ့ခြင်းဖြစ်သည်။ ဦးဟင်နရီဗန်ထီးယူသည် အမှန်ကို တစ်ဝက်မြင် သည်ဟု ပြောရမည်။ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ တိုးတက်မှု မပြနိုင် သေး ဆိုခြင်းမှာ အမှန်ကိုမြင်ခြင်း ဖြစ်သည်။ ခရီးသွား လုပ်ငန်းကလွဲပြီး ဟု စကားခံထားခြင်းကြောင့် မြန်မာ့ခရီးသွား လုပ်ငန်း တိုးတက်နေ သယောင် ထင်နေခြင်းမှာ မှားပေသည်။ သူသည် ခရီးသွားလုပ်ငန်းမှ လာသူတစ်ယောက် မဟုတ်သောကြောင့် အောက်က တင်ပြသော ကိန်းဂဏန်းများကို ကြည့်ကာ အားအရကြီးရနေခြင်းလည်း ဖြစ်နိုင်ပါ သည်။

တကယ်တမ်းတွင် မြန်မာ့ခရီးသွား လုပ်ငန်းသည် ကမ္ဘာတွင် မဆိုထားဘိ အာဆီယံဒေသတွင်ပါ ဘိတ်ဆုံး ကပ်နေသော လုပ်ငန်းဖြစ်သလို တိုးတက် မှု ရပ်တန့် နေရုံမက နောက်ပြန်ဆုတ်နေသော လုပ်ငန်းဖြစ်သည်။ အကယ်စင်စစ် အာဆီယံ ဆယ်နိုင်ငံတွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် အ၀င် အများဆုံးနိုင်ငံမှ အနည်းဆုံးသို့ နိုင်ငံသို့ စဉ်လိုက်လျှင် ၂၀၁၅ စာရင်းအရ

(၁) ထိုင်း(၂၉ သန်း)
(၂) မလေးရှား (၂၅ သန်း)
(၃) စင်ကာပူ(၁၅ သန်း)
(၄) အင်ဒိုနီးရှား(၁၀ သန်း)
(၅) ဗီယက်နမ် (၇.၉ သန်း)
(၆) ဖိလစ်ပိုင်(၅ သန်း)
(၇) ကမ္ဘောဒီးယား ( ၄.၇ သန်း)
(၈) လာအို(၄.၆သန်း)
(၉) မြန်မာ(၄.၆ သန်း)
(၁၀) ဘရူနိုင်း( ၂ သိန်း ၁ သောင်း ) တို့ ဖြစ်သည်။

မြန်မာသည်အဆင့် (၉) ဖြစ်သည်။ သူ့ အောက်တွင် ဘရူနိုင်းနိုင်ငံပဲ ရှိတော့သည်။ ဒါတောင် မြန်မာနိုင်ငံက တင်ပြထားသော ကိန်းဂဏန်းများသည် အမြဲတမ်း တိကျမှန်ကန်သည်ဟု မပြောနိုင်။ လူကြီးကျေနပ်အောင် ပိုပိုသာသာ စာရင်းပြခြင်း၊ နယ်စပ်မှ နေ့ချင်းပြန် ၀င်ထွက်သွားလာသော ဈေးသယ်များ၊ ကူလီများ၊ ကားသမားများ မကျန် တိုးရစ်စာရင်း သွင်းထားခြင်းတို့ ပါဝင်နိုင်သည်။ တကယ့် တိုးရစ်စာရင်းအမှန်မှာ ရွှေတိဂုံဘုရားသို့  လာရောက် လည်ပတ်သော နိုင်ငံခြားသားစာရင်းမှာ အနီးစပ်ဆုံးမှန်ကန်နိုင်သည်။ ၂၀၁၅ ခုနှစ်အတွက် ရွှေတိဂုံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားမှာ ၅၁၇,၀၀၀ ယောက်ဖြစ်သည်။ ရွှေတိဂုံသို့ ရောက်မလာသော တိုးရစ်များမှာ သုံးဆအထိရှိနိုင်သည်ဟု ပိုပိုသာသာ ခန့်မှန်းလိုက်ဦး၊ မြန်မာနိုင်ငံသို့ ၂၀၁၅ တွင် ၀င်လာသော ကမ္ဘာလှည့်ခရီးသည် အရေအတွက် အစစ်အမှန်မှာ နှစ်သန်း ထက်မပိုပေ။ တစ်နှစ်လျှင် ငါးသိန်း တိုးလာဖို့ဆိုသည်မှာ လွယ်သည် မဟုတ်။ သို့သော် ထိုနှုန်းနှင့် တိုးလာသည်ပဲထားဦး၊ မြန်မာနိုင်ငံသို့ ယခုနှစ်ရောက်လာသော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား အရေအတွက်မှာ သုံးသန်းထက်မပိုနိုင်ပေ။

ဟိုတယ်ခရီးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၅ တွင် မြန်မာနိုင်ငံသို့ လာသော တိုးရစ်စုစုပေါင်းမှာ ၄.၆ သန်း (၄,၆၈၁,၀၂၀ ဦး) ရှိသည်ဆို၏။ ထိုအထဲတွင် နယ်စပ်ဝင်ပေါက်များမှ ၀င်လာသူပေါင်းမှာ ၃.၃ သန်းကျော် (၃,၃၇၃,၄၃၇ ဦး) ရှိသည်ဆိုသဖြင့် အမှန်တကယ် ရန်ကုန်၊ မန္တလေး၊ မြိတ်၊ နေပြည်တော် တို့မှ ၀င်လာသော တိုးရစ်မှာ ၁ သန်း ၃ သိန်းကျော် (၁,၃၀၇,၅၈၃) ပဲ ရှိလေသည်။ ၀န်ကြီးဌာနက ၆ သန်းလာရမည်ဟု မျှော်မှန်းထားရာ များစွာ လျှော့နည်းနေပေသည် ။ ထို့ ကြောင့် မြန်မာ့ခရီးသွား လုပ်ငန်းသည် သဘာဝ တောတောင်ရေမြေနှင့် ယဉ်ကျေးမှု အခြေခံဆွဲဆောင်မှုတွေ ရှိသော်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ဈေးနှုန်းများ အဆမတန် ကြီးမြင့်ခြင်း တို့ ကြောင့် ၁၀ နိုင်ငံတွင် အဆင့် ၉ ဖြစ်နေရခြင်း ဖြစ်သည်။

၂၀၁၅ တိုးရစ် ၀င်ရောက်မှုတွင် လာအိုနိုင်ငံနှင့် မတိမ်းမယိမ်း ရှိသော်လည်း လာအိုနိုင်ငံက လူသုံးထောင်ကျော် ပို၍၀င်သည်။ ပို၍အရေးကြီးသည်မှာ လာအိုနိုင်ငံသည် မြန်မာနိုင်ငံထက် သုံးဆခန့် ပို၍သေးငယ်သော ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်သည် (လာအိုနိုင်ငံ၏ ကုန်းမြေဧရိယာမှာ ၂၃၇၉၅၅ စတုရန်း ကီလိုမီတာဖြစ်ပြီး မြန်မာနိုင်ငံ၏ အကျယ်အ၀န်းမှာ ၆၇၆၅၇၈ စတုရန်း ကီလိုမီတာ ဖြစ်သည်)။ ပင်လယ်ကမ်းခြေ တောတောင်ရှုခင်း၊ သဘာဝ ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသော မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းတွင် လာအိုနိုင်ငံနောက် ရောက်နေသည်မှာ အောင်မြင်မှု မဟုတ်။ ကျဆုံးမှုသာ ဖြစ်သည်။ မြန်မာ့ခရီးသွား လုပ်ငန်းသည် ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ဘ၀မှ လွတ်မြောက်လာသော ၂၀၁၀ နိုဝင်ဘာ ၁၃ ကာလများ ဖြစ်သော ၂၀၁၀-၂၀၁၁ ကာလများတွင် အကြီးမားဆုံး အောင်မြင်မှုအဖြစ် နိုင်ငံတကာ ခရီးသွားများ ကြိတ်ကြိတ် တိုးအောင် လာရောက် လည်ပတ်ခဲ့ကြဖူးသည်။ သို့သော် မြန်မာတို့သည် အောင်မြင်မှုကို ထိန်းမထားနိုင်ခဲ့။ အစိုးရဘက်ကရော၊ ပုဂ္ဂလိကဘက်ကရော ထိထိရောက်ရောက် ဘာမှဝန်ဆောင်မှု ကောင်းကောင်း မပေးနိုင်ဘဲ “လာတဲ့ဧည့်သယ် တွယ်သာတွယ်” ဆိုသော ဆောင်ပုဒ်အရ နိုင်ငံခြားသားများအပေါ် ရသလောက် လက်တဆုံး ငွေညှစ်ကြတော့သည်။ တစ်ညဒေါ်လာ ၂၀ သာတန်သော ဟိုတယ်ကလည်း တစ်ညဒေါ်လာ ၁၀၀ တွေဘာတွေ ဖြစ်ကုန်သည်။ ဒါတောင် တည်းခိုလိုလျှင် ၁၀ ရက် တန်သည်၊ တစ်လတန်သည် ကြိုတင်၍ ငွေလာသွင်းခိုင်းသေးသည်။

လေကြောင်းလိုင်းများကလည်း လေသံမာသလားမမေးနှင့်၊ ဘယ်ခရီးစဉ်ပဲ မေးလိုက်မေးလိုက် ကုန်ပြီ၊ booking တင်လို့ မရတော့ဘူးဟု ခပ်မာမာပြောသည်။ တိုးရစ်များနှင့် ခရီးသွားကုမ္ပဏီများမှာ လေကြောင်းလိုင်းနှင့် ဟိုတယ်တွေကို ရှိခိုးဦးတင် လုပ်နေကြရ သည်။ လေယာဉ်ခတွေကလည်း ဈေးကြီးသည်။ ပြည်တွင်း လေယာဉ်ခက နိုင်ငံခြား(ရန်ကုန် - ဘန်ကောက်သွားတာထက်) ပို၍ ဈေးကြီးနေသည်။ နောက်တော့ မြန်မာတွေ အရိတ်ကြမ်းသော သတင်းက ကမ္ဘာကိုပျံ့ သွားသည်။ မြန်မာပြည် လာမည့်ပိုက်ဆံသည် အခြားအာဆီယံနိုင်ငံတွေကို သွားလည်လျှင် နှစ်ဆလည်၍ ရသည်။ မြန်မာမှာ တစ်ရက်လည်၍ကုန်သော ပိုက်ဆံသည် ထိုင်းတို့ ဗီယက်နမ်တို့မှာ နှစ်ရက်လည်၍ ရသည်။ အစိုးရဘက်ကလည်း အခွန်နှင့် ၀င်ကြေးများ တိုးတိုးကောက်သည်ကလွဲ၍ ဘာဝန်ဆောင်မှုမှ ကောင်းမလာ။ အင်းဝသည် တိုးရစ်များ အလာများသော မြင်းလှည်းစီးကြသော မြို့ကလေး ဖြစ်သော်လည်း လမ်းများမှာ စုတ်ပြတ်နေသဖြင့် မြင်းလှည်းများ မှောက်ကြသည်။ ခရီးသည်တွေ ဒဏ်ရာရသည်။ အိမ်သာတက်စရာ နေရာ ကောင်းကောင်းကန်းကန်း အလွန်ရှားသည်။ ဖိနပ်ချွတ်ခိုင်းသော်လည်း ဘုရားအ၀င်လမ်းတွေမှာ ညစ်ပတ်နေသည်။ နေရာတကာ အမှိုက်တွေ ပျံ့ကျဲနေသည်။ ဟိုတယ်တွေ ဈေးကြီးသော်လည်း ၀န်ဆောင်မှုမှာ စုတ်ပြတ်နေသည်။ လေယာဉ်တွေက cancel ဖြစ်လျှင် Delay ဖြစ်လျှင် ဘာဝန်ဆောင်မှုမှ မရှိ၊ ဘာတာဝန်ခံမှုမှ မရှိ။ ကြော်ငြာကဏ္ဍ အတွက် Promotion အတွက်၊ ခရီးသွားလုပ်ငန်းအတွက် နိုင်ငံတော်က ငွေပြန်သုံးတာ မရှိသလောက် ဖြစ်ပြန်သည်။ ပုဂ္ဂလိက ကဏ္ဍကို နိုင်ငံတော်ကကူညီတာ မရှိသလောက်ဖြစ်သည်။ တဖြည်းဖြည်းဖြင့် Tourism မျိုးကန်းသည်။ နိုင်ငံက လှလွန်းသဖြင့် ဤမျှလာနေသေးတာ ဖြစ်သည်။ ဤအခြေအနေတွင် ခရီးသွားလုပ်ငန်း ကဏ္ဍကြီး တိုးတက်နေသည်ဟု ထင်လျှင် အပြေးပြိုင်ပွဲကို လာကြည့်သော တောကဘကြီးလိုသာ ဖြစ်ပေလိမ့်မည်။
အမှန်ကို မြင်သောသူလည်း ရှိသေး၏။ ထိုသူမှာ ယခင်အစိုးရ လက်ထက် စီးပွားရေးအကြံပေး အဖွဲ့ ခေါင်းဆောင်နှင့် လက်ရှိ ကုန်သည်စက်မှု အသင်းချုပ်၏ အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ဖြစ်သည်။

ဒေါက်တာဦးမြင့်သည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စီးပွားရေးအကြံပေးအဖြစ် လုပ်ခဲ့သည်ဆိုသော်ငြား အာဏာရှင် အလိုမလိုက်ဘဲ ပညာရှင်ပီသစွာ ထောက်ပြဝေဖန်မှုကြောင့် အများက လေးစားရသည့် ပညာရှင်တယောက် ဖြစ်သည်။ ဦးမြင့်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် လာအိုနိုင်ငံကို အမီလိုက်ရန်ပင် အလားအလာ နည်းနေကြောင်း ဝေဖန်ထောက်ပြခဲ့သည်။ ၉.၁၂.၂၀၁၇ နေ့ က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်၌ ပြုလုပ်သော UMFCCI Convention 2017 တွင် ပြောခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့က ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဂျီဒီပီအပေါ် ၁,၈၂၃ ဒေါ်လာရရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုပမာဏမှာ လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ် တွင် ရရှိခဲ့သည့် တစ်ဦးချင်း GDP သည်ပင်လျှင် ၂,၁၄၉ ဒေါ်လာ ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ခန့်မှန်းချက်ဖြစ်သည့် လူတစ်ဦးပျမ်းမျှ တစ်နှစ်ဝင်ငွေ ၁,၈၂၃ ဒေါ်လာ ဖြစ်လာလျှင်ပင် လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ် ဂျီဒီပီထက် လျော့နည်းနေသဖြင့် လာအိုနိုင်ငံကို အမီလိုက်ရန်ပင် ခဲယဉ်းသည့် အနေအထား ဖြစ်နေသည့်အပြင် လာအိုနိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီမှာလည်း ၂၀၂၀-၂၀၂၁ ကာလတွင် ထပ်မံမြင့်တက်နေဦးမည်သာ ဖြစ်သဖြင့် လာအိုကို အမီလိုက်ရန်ပင် အလားအလာ နည်းပါး နေရကြောင်း ဒေါက်တာဦးမြင့်က ပြောခဲ့သည်။ ဒေါက်တာဦးမြင့် စကားမှာ ကြားရတာ ခါးသီးသော်လည်း အမှန်တရားပင်ဖြစ်သည်။ လောလောဆယ်၌ မြန်မာနိုင်ငံသည် အာဆီယံဆယ်နိုင်ငံတွင် လူတစ်ဦးချင်းစီ၏ ဂျီဒီပီ (Gross Domestic Product) တွင် အဆင့် (၉) ချိတ်လျက်ရှိပါ၏။ မြန်မာအောက်တွင် ကမ္ဘောဒီးယားသာ ကျန်ပါတော့၏။

အားကစားတွင်လည်း ဘိတ်ဆုံးနီးပါး ရောက်နေ၏။ မြန်မာ U23 သည် ဗီယက်နမ်U23 ကို ၄း ၀ ဖြင့် ဂိုးပြတ်ရှုံး၏။ လက်ရှိစီးပွားရေး နာမကျန်းမှုကို ကုစားရန်နှင့် ရပ်တန့်နေသည့် စီးပွားရေး ပြန်လည် လည်ပတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးရမည်ဖြစ်ပြီး စီးပွားရေး တိုးတက် အားကောင်းမှု ပြန်လည် တည်ဆောက်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အချက်လေးချက်ကို လုပ်ဆောင်ပေးဖို့ စဉ်းစားရန် တင်ပြပါကြောင်းလည်း ဒေါက်တာဦးမြင့်က ပြောကြားခဲ့သည်။ ပထမအချက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ထပ်တူ ပြည်တွင်းစီးပွားရေးကို ထိပ်ဆုံးဦးစားပေး ကိုင်တွယ်ရန်၊ ဒုတိယအချက်မှာ စီးပွားရေး မဟာဗျူဟာတစ်ရပ် ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြအတည်ပြုရန်၊ တတိယအချက်မှာ အဆင့်တိုင်းတွင် လုပ်ပိုင်ခွင့် ပိုမိုပေးရန်၊ စတုတ္ထအချက်မှာ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန်ဖြစ်သည် ။ ထိုအချက် လေးချက်လုံးမှာ မလုပ်နိုင်စရာ ကိစ္စများတော့ မဟုတ်။ အရေးတကြီး စတင်လုပ်ဆောင်လိုစိတ် ရှိရန်သာ အရေးကြီးပေသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တစ်ကွင်းလုံး လိုက်လံကစားနေရသော ဘောလုံးသမား တစ်ယောက်လို ဖြစ်နေပြီး လိုသည်ထက် ပင်ပန်းနွမ်းနယ်မှုကို ခံစားရရုံသာမက နေရာတိုင်းတွင် ထောင့်စေ့အောင် ကစားနိုင်မည် မဟုတ်ချေ။ တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည် ယူထားသော ရာထူးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံသာဖြစ်သဖြင့် နိုင်ငံတော်က အကြံဥာဏ် လိုလာသောအခါမှ အကြံပေးရန် ဖြစ်ပေသည်။ နိုင်ငံတော်ကို တကယ် ဦးဆောင်မောင်းနှင်ရမည်မှာ သမ္မတ ဖြစ်ပေသည်။ သမ္မတဆိုသည်မှာ ရိုင်းရိုးင်းပြောရလျှင် ကူလီခေါင်းနှင့်တူသည်။ ကူလီခေါင်းသည် သူကိုယ် တိုင် ဆန်အိတ်ကို နှစ်အိတ်ဆင့်ကာ ထမ်းနေစရာမလို၊ ဘယ်သူ ဘယ်နေရာက ဆန်အိတ်ကိုထမ်းခဲ့၊ ဘယ်အဖွဲ့က ဘယ်ကားပေါ်က ကုန်ကိုချ၊ ဘယ်အဖွဲ့က သင်္ဘောပေါ်ကို ဘိလပ်မြေအိတ်တွေတင်ကြ ဟုသာ အမိန့်ပေးပြီး သူခိုင်းသလို လုပ်မလုပ် လှည့်ပတ်ကြည့်ရှုရမည် ဖြစ်သည်။ ကူလီခေါင်းတော်လျှင် တော်သလို အလုပ်ပြီးစီးသည်။

ကုန်တင်ကုန်ချ မြန်ဆန်သည်။ အလေအလွင့် နည်းမည်ဖြစ်သည်။ ကူလီခေါင်းက လက်အောက်ငယ်သားများကို ကောင်းကောင်း မခိုင်းတတ်ဘူးဆိုလျှင် အလုပ်ချိန်တွင် ကျားထိုးသူက ထိုးနေမည်၊ ဆေးလိပ်သောက်သူက သောက်နေမည်၊ လမ်းတစ်ဝက်တွင် ဆန်အိတ်ကိုချပြီး ထိုင်သူကထိုင်နေမည်၊ အချင်းချင်းရန်ဖြစ် သတ်ပုတ်ကောင်း သတ်ပုတ်နေမည်။ သင်္ဘောပေါ် တင်သလိုလိုဖြင့် အိမ်သို့ သယ်သူက သယ်ကြမည်၊ အချိန်မီ် မပြီးစီးသဖြင့် အလုပ်ရှင် များက အခြားဆိပ်ကမ်း၊ အခြားအလုပ်သမားများဆီသို့ ပြောင်းရွှေ့သွားကြမည်၊ ဤကဲ့သို့ အဖြစ်မျိုး ဖြစ်မည် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံမှာလည်း ဤနည်းနှင်နှင် ဖြစ်သည်။ သမ္မတသည် သူ၏အလုပ်သမား (ကူလီ)များ ဖြစ်ကြသော ၀န်ကြီးအဖွဲ့ကို ကောင်းကောင်း ခိုင်းနိုင်ရမည်။ ထိန်းချုပ်ကိုင်တွယ်နိုင်ရမည်။ ဘယ်ဝန်ကြီးသည် ဘယ်ကိစ္စကို ဘယ်အချိန်အတွင်းပြီအောင် လုပ်ခိုင်းရမည်။ ပြီးမပြီး၊ လုပ်မလုပ်လည်း အောက်ခြေအထိဆင်းကာ ကြည့်ရမည်။ အသုံးမကျလျှင် မလုပ်တတ်လျှင် နောက်တစ်ယောက်နှင့် ရဲရဲဝံ့ဝံ့အစားထိုးရမည်။ သမ္မတက ခိုင်းတတ်လျှင် ခိုင်းတတ်သလို၊ ဦးဆောင်နိုင်လျှင် ဦးဆောင်နိုင်သလို ၀န်ကြီးအဖွဲ့ ၏ လုပ်ဆောင်မှုများ အောင်မြင်မှု အသီးအပွင့်များ ဖြစ်ပေါ်လာမည်။ သမ္မတက မခိုင်းတတ်လျှင် မသွက်လက်လျှင် စီမံခန့်ခွဲမှုညံ့လျှင် သို့မဟုတ် စီမံခန့်ခွဲနိုင်မှု နည်းပါးလျှင် အကွပ်မရှိသော ကြမ်း ပရမ်းပတာဆိုသလို၊ ကူလီခေါင်းမရှိသော ကမ်းနား အလုပ်သမားတွေလို ထင်ရာတွေလုပ်ကြ ထင်ရာတွေ ပြောကြလိမ့်မည်။

ဒီဇင်ဘာ ၈ ရက်က ကျင်းပသွားသော ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ငါးဦးလျှင် သိပ္ပံလက်တွေ့ စမ်းသပ်သည့် ပစ္စည်းတစ်စုံစီ ရအောင် လုပ်ပေးရမည်ဖြစ်ကြောင်း ပြောသွားသည်။ သူပြောသည်မှာ မ.ဆ.လ ခေတ်၊ စစ်အစိုးရခေတ်ကလို အပေါ်ယံဟန်ပြ ပြောသလိုဖြစ်နေသည်။ တကယ်တော့ ပြောရမည်မဟုတ်၊ လုပ်ရမည် ဖြစ်သည်။ ထိုသို့ဖြစ်စေချင်လျှင် ပညာရေးဌာနက နိုင်ငံတော်ကို တရားဝင် ဘတ်ဂျက်တောင်းရမည်။ ရလာသော ဘတ်ဂျက်အတိုင်း သိပ္ပံလက်တွေ့ ပစ္စည်းများဝယ်ကာ လက်တွေ့ ဖြန့် ဖြူးပေးရမည်။ ထို့အတူ လက်တွေ့ ဘ၀၌ ကျောင်းများတွင် စာကြည့်တိုက်တွေသည် ဆရာ ဆရာမတွေအတွက် ၀န်ထုပ်ဝန်ပိုးကြီးတွေ ဖြစ်နေသည်။ မိမိမကျွမ်းကျင်ပါပဲ စာကြည့်တိုက်မှူး တာဝန်ကို စာသင်ချိန်ထဲမှဖဲ့၍ ဆရာဆရာမတွေ ၀င်ရောက် ထမ်းဆောင် နေရသည်။ စာကြည့်တိုက်အတွက် စာအုပ်ဝယ်ဖို့လည်း မဖြစ်စလောက် ပိုက်ဆံပဲရှိသည်။ ထိုအခက်အခဲမျိုးဆိုလျှင် ပညာရေးဝန်ကြီးသည် လေဖြင့် မိန့်ခွန်းပြောနေစရာမလို၊ လက်တွေ့ အလုပ်လုပ်ဖို့ လိုသည်။ ကျောင်းတိုင်းတွင် စာကြည့်တိုက်ထားဖို့  ထိုစာကြည့်တိုက်တွေတွင် စာကြည့်တိုက်မှူး သင်တန်းဆင်းပြီးသူများကို အလုပ်ခန့်ကာ သီးသန့် တာဝန်ပေးဖို့ ညွှန်ကြားချက် ထုတ်ရမည်။ စာအုပ်ဝယ်ဖို့ သီးသန့်ရန်ပုံငွေနှင့် ကျောင်းစာကြည့်တိုက် ၀န်ထမ်းများခန့်အပ်ဖို့ ငွေကို တွက်ချက်၍ လွှတ်တော်သို့ တင်ပြတောင်းခံရမည်။

ကျောင်းတစ်ကျောင်းလျှင် ဘယ်လောက်နှုန်း (ကျောင်းသားအရေအတွက်ကို မူတည်၍) ၀န်ကြီးဌာနက ချပေးရမည်။ သို့မဟုတ် ပညာရေးဌာနက ၀ယ်ယူပြီး ကျောင်းတွေသို့ ပို့ ပေးရမည်။ ဒါတွေသည် တကယ်လက်တွေ့ ဆောင်ရွက်ရမည့် အလုပ်တွေ ဖြစ်သည်။ အခုတော့ မြန်မာနိုင်ငံဝယ် အပြောတွေ များနေသည်။ အပြောကတော့ တက္ကသိုလ်တွေကို ဘယ်လိုလုပ်လိုက်မည်။ တကယ့်လက်တွေ့ ကျွန်တော့်သားတော်မောင် ပညာဆည်းပူးနေသော ဒဂုံတက္ကသိုလ်မှာ ဖုန်းလိုင်းပင် မမိချေ ။ Free Wifi ဆိုတာ ဝေလာဝေး။ ကိုယ့်ဖုန်းကိုပင် အင်တာနက်လိုင်း မတက်ချေ။ တက္ကသိုလ်သာ ဆိုသည် အပန်းဖြေရိပ်သာ (RC) မရှိ။ တက္ကသိုလ် အနုပညာအသင်း ဘာမှန်းမသိ၊ စာကြည့်တိုက် ဘယ်လိုနေသလဲ မသိ၊ အားကစားခန်းမ ဘယ်နေရာမှာ ရှာရမှန်းမသိ၊ မြက်တွေနှင့် တောထနေသော မြို့စွန်က ခြံဝင်းကြီး တစ်ခုကို တက္ကသိုလ်ဟု ခေါ်နေရသည်။ ဒါတွေသည် မျက်စိရှိလျှင် တကယ်လည်း သွားကြည့် လျှင် မြင်ရပါမည်။ မိန့်ခွန်းတွေ ပြောမနေပါနှင့်။ လက်တွေ့ တွေ အလုပ်လုပ်ကြပါဟု ပြောလိုသည်။

ဝန်ကြီးတွေ ဘာလုပ်ရမည်၊ တကယ်လုပ်နေသည် မလုပ်နေသည်ကိုလည်း သမ္မတက မျက်ခြည်မပြတ် ကြည့်ရှု၍ နောက်မှ တွန်းနေဖို့လည်း လိုသည်။ တက္ကသိုလ်တွင် ဖုန်းလိုင်းမမိလျှင် သမ္မတသည် ဆက်သွယ်ရေးဝန်ကြီးကို အမိန့်ပေးလိုက်ရုံပင် ဖြစ်သည်။ တစ်လအတွင်း ပြီးရမည်၊ ငါလာကြည့်မည် ပြောလိုက်ရုံပဲ ဖြစ်သည်။ ၀ိုင်ဖိုင်တွေ တပ်ပေးဖို့ ၊ လိုအပ်တာတွေ လုပ်ပေးဖို့လည်း ဒီအတိုင်းပင် ဖြစ်သည်။ ယခုတော့ ရန်ကုန်တက္ကသိုလ် (ပင်မ) သည်ပင်လျှင် ပြည့်စုံသော website မရှိ။ တော်၏ လျော်၏ လုပ်ထားသော သတင်းအချက်အလက် မပြည့်စုံသော website တစ်ခုသာ ရှိသည်မှာ နိုင်ငံတကာသို့ ချပြရမှာ ရှက်ဖို့ကောင်းလှသည်။ ဒါက ဥပမာပြောခြင်းဖြစ်၍ ၀န်ကြီးအဖွဲ့ကို သမ္မတက အပြင်းထန်ဆုံး ဖိအားပေးမောင်းနှင်နိုင်ပါမှ အဘက်ဘက်က နောက်ကျနေသော နိုင်ငံမှာ အလောတော် လောက်ကျပါမည်။ သမ္မတသည် အဘိဓမ္မာအသင်း ဥက္ကဋ္ဌ မဟုတ်သဖြင့် ရေခဲတုံး ဖြစ်စရာမလို၊ တွန်းတွန်းတိုက်တိုက် ဦးဆောင်သူ ဖြစ်သင့်ပါ၏။ ယခုအခါ မြင်ရသည်မှာ ကျွန်တော်တို့ သမ္မတကြီး သည်လည်း အေးလွန်းသည်။ ၀န်ကြီးအဖွဲ့ ကို အားကောင်းမောင်းသန် ထိန်းကျောင်း မောင်းနှင်နေမှု အားနည်းသည်။ လက်တွေ့  ထက် သဘော တရားတွေ များနေသည်။ ပြီးတော့ သမ္မတကြီးဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ အရိပ်မိုးနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အကြံပေးနေရာတွင်သာနေပြီး သမ္မတကြီးကိုပို၍ ရှေ့တန်းတင် သင့်သည်။

သမ္မတကြီးကလည်း ယခင်ကမည်သို့ ပင် တည်ငြိမ်အေးဆေးသည့် ပင်ကိုစရိုက်ရှိသည်ဖြစ်စေ မိမိသမ္မတ ဖြစ်နေပြီ ဖြစ်သဖြင့် နိုင်ငံတော်၏ အထွတ်အထိပ်ဆိုသော ရာထူးနှင့်လျော်ညီစွာ နွားတွေကို ကြိမ်မပြတ်တို့သလို မိမိတပ်ဖွဲ့ကို အားကောင်းမောင်းသန် ဦးဆောင်မောင်းနှင်နေဖို့ လိုမည်ဖြစ်သည်။ ဒီထက်ကောင်းမွန်သော အစွမ်းကိုပြဖို့ လိုမည်ဖြစ်သည်။ သဘောတရားတွေ၊ အမှာစကားတွေ၊ ဟန်ပြစာရင်းဇယားတွေနှင့် အချိန်ကုန်မနေဘဲ တကယ်ရွေ့အောင် တွန်းကြဖို့၊ တကယ်အလုပ်ဖြစ်အောင် လုပ်ကြဖို့ လိုပါမည်။ ထိုအခါ စင်ကာပူကို မီခြင်းမမီခြင်း ဟူသည် ဒုတိယရည်မှန်းချက် ဖြစ်ပြီး အာဆီယံ ဆယ်နိုင်ငံတွင် အဘက်ဘက်၌ နံပတ် (၉) ချိတ်နေရာမှာ ဘိတ်ဆုံး အဆင့် နံပါတ်(၁၀)သို့ မရောက်ရေးကို သေရေးရှင်ရေး အဖြစ် ဦးနှောက် ခါးတောင်းကျိုက်၍ စတင်ကြိုးစားဖို့ လိုပြီဖြစ်ပါကြောင်း။

===========

သရ၀ဏ်(ပြည်)
The Ladies News

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,8075,interview,222,knowledge,9,Live,8,LocalNews,16805,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,182,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: အာဆီယံမှာ မြန်မာ ဘိတ်ဆုံးဖြစ်တော့မလား
အာဆီယံမှာ မြန်မာ ဘိတ်ဆုံးဖြစ်တော့မလား
https://3.bp.blogspot.com/-PoOybH2Ps0w/WjYnc07UJMI/AAAAAAAAd8Q/YYM-j1Yug4MvCzL3VZsOMZnZiBfe6W8twCLcBGAs/s320/q1.jpg
https://3.bp.blogspot.com/-PoOybH2Ps0w/WjYnc07UJMI/AAAAAAAAd8Q/YYM-j1Yug4MvCzL3VZsOMZnZiBfe6W8twCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_780.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_780.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy