ဒီဇင်ဘာ ၃၀ – ထိုင်းရဲအရာရှိဟောင်းတစ်ဦးက ထုတ်ယူခဲ့ပြီးဖြစ်တဲ့ ပေါက်မဲထီလက်မှတ်တစ်ခုဟာ သူပျောက်ဆုံး သွားတဲ့ထီလက်မှတ်ဖြစ်တယ်လို့ ထိုင်းကျောင်းဆရာတစ်ဦးက ပြောဆိုခဲ့တဲ့အတွက် ဘတ် သန်း ၃၀ (ဒေါ်လာ ၁.၂သန်း) တန်ထီဆုရဲ့ ကံကြမ္မာကို ဒီအင်န်အေနဲ့စစ်ဆေးပြီး ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကပေါက်ခဲ့တဲ့ ထီလက်မှတ်ငါးစောင် သူ့ဆီမှာပျောက်ဆုံးသွားခဲ့တယ်လို့ အသက် ငါးဆယ်အရွယ် ကျောင်းဆရာ ပရီချာကလက်ကူလန် က တိုင်ချက်ဖွင့်ခဲ့ပြီးနောက် ပြင်းထန်ရှုပ်ထွေးတဲ့သည်အမှု ပေါ်ပေါက်လာခဲ့ပါတယ်။ သည်ပေါက်မဲကို ကန်ချန်နာဘူရီခရိုင်က ပင်စင်စားရဲအရာရှိ ချာရွန်းဝီမွန် (၆၂ နှစ်) က ထုတ်ယူထားပြီးပြီ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးက ဆုကြေးကိုသူတို့ပိုင်တယ်လို့ ပြောဆိုနေကြပြီး မှုခင်းဆေးပညာရဲအရာရှိတွေက ထီလက်မှတ် ဖြတ်ပိုင်းမှာ ဘယ်သူရဲ့ လက်ဗွေရာနဲ့ ကိုက်ညီသလဲဆိုတာကို ဆုံးဖြတ်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။ “ကျွန်တော်တို့က DNA စမ်းသပ်ချက်ရလဒ်ကို စောင့်နေရတဲ့အတွက် သည်ကိစ္စမှာ ဘယ်သူ့ကိုမှ တရားမစွဲဆို ထားရသေးပါဘူး” လို့ ကန်ချန်နာဘူရီခရိုင် ရဲအရာရှိကြီး ခရစ်ဆန်နာဆက်ဒက်က အေအက်ဖ်ပီကို ပြောဆိုခဲ့ပါတယ်။ တရားရေးဌာနက မှုခင်းဆေးပညာအရာရှိတစ်ဦးက နောက်လမှာရလဒ်တွေသိရမယ်လို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
အခြားလောင်းကစားမှုအားလုံးနီးပါးကို ပိတ်ပင်ထားတဲ့ သည်ဘုရင့်နိုင်ငံမှာ အစိုးရက တစ်လနှစ်ကြိမ် ဖွင့်လှစ်ပေး တဲ့ ထီတွေဟာ အရူးအမူးအားထားရာတစ်ခုဖြစ်နေပါတယ်။ သည်အယူသည်းအစွဲအလမ်းကြီးတဲ့နိုင်ငံမှာ ထိုးသားတော်တော်များများဟာ ထီလက်မှတ်နံပါတ်တွေကို ရွေးဖို့ “ထီဂဏန်းပေးတဲ့ဘိုးတော်” တွေဆီ ခြေဦးလှည့်ကြပါတယ်။ နေ့ထူးနေ့မြတ်တွေ၊ အခြားအတိတ်နိမိတ်ဖြစ်ရပ်တွေနဲ့ ချိတ်ဆက်ပြီး ထီထိုးကြလေ့ရှိပါတယ်။
မေသက် [Ref: AFP. Dec 29, 2017]
https://www.kumudranews.com/news/international-news/%E1%80%98%E1%80%90%E1%80%B9%E1%80%9E%E1%80%94%E1%80%B9%E1%80%B8-%E1%81%83%E1%81%80-%E1%80%91%E1%80%AE%E1%80%86%E1%80%AF%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%BD%E1%80%84%E1%80%B9/

COMMENTS