01/02/17


"စောနေဗလု ကနေပြီးတော့ ကိုလွင်မိုးဟာ BGF နဲ့ အမှုဆင်ပြီးတော့ သူ့ကို ဖမ်းတယ်။ အမှုမှန်ပေါ်ပေါက်အောင်လို့ တော်ဝင်နှင်းဆီမှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး ပါလာတော့ ဒါက ကျွန်တော် တော်တော်လေးကို ဒေါသထွက်တယ်ဗျ"
------ ------ ------ ------ ------

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်ချောင်ကျေးရွာအနီးရှိ မြေ ၂ ဧကနှင့်ပတ်သက်၍ ဥပဒေလမ်းကြောင်း အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရုပ်ဆောင်လွင်မိုးက ပြောကြားသည်။

ဇန်န၀ါရီ ၂ ရက် နေ့လယ် ၃ နာရီက ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လွင်မိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဒီကိစ္စက ပထမက မရှင်းဘူးလို့ နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုကျော်သူရလှိုင်ဆီက ၀ယ်ထားလို့ ကိုကျော်သူရလှိုင်ပဲ ရှင်းပါစေဆိုပြီး ကျွန်တော်ဝင်မပါပါဘူး။ ဒီမြေကို ၀ယ်ထားတဲ့ စာချုပ်စာတမ်းအပြည့်အစုံ ကျွန်တော့်မှာ ရှိပါတယ်။ အခု ကျွန်တော်ရှင်းလင်းရတာက ကျွန်တော်ငွေဆောင်မှာ မိသားစုနဲ့ New Year မှာ ရှိနေတဲ့အချိန်မှာ ကျွန်တော့်တပည့်တယောက်က ကျွန်တော့်ကို viber ကနေ လှမ်းပို့ပါတယ်။ စောနေဗလု ကနေပြီးတော့ ကိုလွင်မိုးဟာ BGF နဲ့ အမှုဆင်ပြီးတော့ သူ့ကို ဖမ်းတယ်။ အမှုမှန်ပေါ်ပေါက်အောင်လို့ တော်ဝင်နှင်းဆီမှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး ပါလာတော့ ဒါက ကျွန်တော် တော်တော်လေးကို ဒေါသထွက်တယ်ဗျ။ ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီမှာ အသိုင်းအ၀ိုင်းနဲ့ ဂုဏ်နဲ့နေတာ။ ဒီလိုမျိုးလုပ်လို့တော့ မရဘူး” ဟု လွင်မိုးက ပြောသည်။

အဆိုပါ မြေနေရာကို သရုပ်ဆောင်လွင်မိုးက ဦးကျော်သူရလှိုင်ထံမှ ငွေကျပ် သိန်း ၃၉၅၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ် ပြီး BGF တပ်ဖွဲ့မှ ဗိုလ်မှူး စောနေဗလုက ၄င်းပိုင်ဆိုင်သည်ဟု ဆိုကာ အောက်တိုဘာ ၂ ရက်တွင် ခြံစည်းရိုး ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျိုက်ထိုရဲစခန်းနှင့် တရားရုံးတို့တွင် အပြန်အလှန် အမှုဖွင့်မှုများ ဖြစ်ပွားလျက်ရှိနေ သည်။

အဆိုပါ ကျိုက်ထိုမြေကိစ္စနှင့်ပတ်သက်၍ BGF တပ်ဖွဲ့မှ ဗိုလ်မှူးစောနေဗလုက ဇန်န၀ါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန စီစဉ်ထားသည် ဟု သတင်းရရှိသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ BRT ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ BRT ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA
ရန်ကုန်မြို့ပေါ် ပြေးဆွဲခဲ့တဲ့ BRT Lite ယာဉ်လိုင်း က ယာဉ်မောင်းတွေဟာ ရန်ကုန်ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ YBPC ကနေ လုပ်ခ လစာငွေကျပ် ၃ သိန်းအပြည့်အ၀ရရှိဖို့အတွက် မင်္ဂလာဒုံမြို့နယ် အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ညှိနှိုင်းစစ်ဆေးရေး အဖွဲ့က တာဝန်ရှိသူတွေ၊ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဒီနေ့ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ ယာဉ်မောင်း တွေက ပြောပါတယ်။

ယာဉ်မောင်းတွေ တောင်းဆိုတာတွေကို လာရောက်ညှိနှိုင်းတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေက ဆုံးဖြတ်ချက်ချပေးနိုင်ခြင်း မရှိသေးဘဲ ထပ်မံညှိနှိုင်းသွားဖို့ပဲ သဘော တူခဲ့ကြတယ်လို့ BRT Lite ယာဉ်လိုင်းက ယာဉ်မောင်း ကိုအောင်ဇော်ထက် က ပြောပါတယ်။

" ကျနော်တို့ ယာဉ်မောင်းတွေ ကိုယ်စားကိုယ်စားလှယ် ၆ ဦးက ဒီကုမ္ပဏီက လူကြီးတွေနဲ့ အလုပ်သမားဝန်ကြီးဌာန လူကြီးတွေရှေ့မှာ ကျနော်တို့ အခြေခံလစာ ၃ သိန်း၊ အလုပ်ချိန် ၈ နာရီထက်ကျော်တဲ့ဟာကို အချိန်ပို ( OT ) ၊ ပြီးရင်း ထမင်းတနပ်ကြေးဆိုတဲ့ စနစ်ကိုပေးဖို့အတွက်ကို ယာဉ်မောင်းတွေဘက်ကနေ တောင်းဆိုးတယ်ဗျ၊ ကျနော်တို့ရဲ့ တင်ပြတောင်းဆိုချက်တွေကို BRT ကို တင်ပြပေးပြီးတော့ BRT ကနေပြီးတော့ ခွင့်ပြုချက် ရတယ်၊ မရဘူးကို ကျနော်တို့ နောက်ထက် ၅ ရက်နေ့ ရုံးချိန်းတစ်ချိန်း ထပ်ချိန်းလိုက်ပါတယ်။ "

အဲဒီယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ တစ်လ လစာငွေကျပ် ၃သိန်း ရရှိရမှာဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီဘက်က လစာပေးတဲ့အခါ တစ်လကို ၂၆ ရက် အလုပ်ချိန်ပြည့်မှသာ ၂ သိန်း ၆ သောင်းပေးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်ပျက်ရက်တွေ ရှိလာရင်လည်း တစ်ရက်ကို လစာထဲက ငွေ ၁ သောင်းကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ရန်ကုန်မြို့မှာ BRT ယာဉ်လိုင်းတွေကို နေ့စဉ် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ကနေ ပြည်လမ်းမကြီးအတိုင်း လှည်းတန်း၊ ဆူးလေ၊ ဗိုလ်တထောင်အထိ အမှတ် ၁၊ ၂၊ ၃ ဆိုပြီး လိုင်းခွဲ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

အဲဒီယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၆၅ စီးရှိပြီး ပုံမှန်ပြေးဆွဲနေတဲ့ အစီးရေ ၅၀ ကျော်နဲ့ ဝန်ထမ်းဦးရေ ၇၀ ကျော် ရှိပါတယ်။

အဲ့ဒီယာဉ်လိုင်းဟာ စပယ်ယာမပါဘဲ ယာဉ်မောင်းတစ်ဦးတည်းသာပါဝင်ပြီး ယာဉ်လိုင်းအားလုံး တစ်ဦးကို ယာဉ်စီးခ ငွေ ၃၀၀ ကျပ် သတ်မှတ်ထားပြီး ငွေပေး ကဒ်စနစ်နဲ့ ပေးချရတာဖြစ်ပါတယ်။


ဇန်န၀ါရီ ၂၊ ၂၀၁၇

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ ပြီးနောက် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် သတင်းအမှားများ ဖြန့်ချိခြင်း၊ အခြားနိုင်ငံများမှ ဖြစ်စဉ်များကို မြန်မာနိုင်ငံတွင် ဖြစ်နေသယောင် လုပ်ကြံဖန်တီး ဖော်ပြခြင်း စသည်တို့ ဆောင်ရွက်ခဲ့သည်။

၎င်းဆောင်ရွက်ချက်များ၊ မဟုတ်မမှန်လုပ်ကြံဖန်တီးထားခြင်းများကို နိုင်ငံတကာသတင်းမီဒီယာများ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများထံ ပေးပို့ဖြန့်ချိခဲ့ပြီး အထင်အမြင် လွဲမှားစေရန် ဆောင်ရွက်ခဲ့သည်။


ထိုသို့ ဖြန့်ချိခြင်းများကြောင့် သတင်းမီဒီယာအချို့က ချဲ့ကားရေးသားခြင်းများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာမှ နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့သော မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံနေစဉ်။ Photo: Union Election Commission/ Facebook
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလောင်း စုစုပေါင်း ၉၅ ဦးရဲ့ အမည်စာရင်းတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ အတည်ပြုထုတ်လိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၉၆ ဦးရှိခဲ့ရာမှာ တစ်ဦးဟာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ပယ်ချခံခဲ့ရတာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။

"ဝလစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ သူက မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးအေးနွယ်ပေါ့။ သူက ကျနော်တို့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ နဲ့ သွားပြီး ငြိသွားလို့ပေါ့။ ဝန်ထမ်းဖြစ်ခြင်းဆိုတာပါတယ်လေ။ သူက အဲ့မှာ ဝန်ထမ်းဖြစ်နေတဲ့အတွက် ရွေးကောက်တင်မြှောက်ပိုင်ခွင့်မရှိဘူးလို့ ဥပဒေမှာ ပြဌာန်းထားလို့"

လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ၉ ခုအတွက် ကိုယ်စားလှယ် ၄၉ ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေ ၃ ခု အတွက် ၁၅ ဦးနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော် မဲန္ဒနယ်မြေ ၇ ခုအတွက် ၃၀ ဦး တို့က ဝင်ရောက်အရွေးခံကြမှာ ဖြစ်ပါတယ်။

ပြည်သူ၊ အမျိုးသားနဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့အတွင်း ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အမည်စာရင်းတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အသီးသီးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကစတင်ပြီး ဥပဒေနဲ့ညီညွတ်မှုရှိ၊ မရှိစိစစ်ပြီး အတည်ပြု ထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ အခုလ ၃၀ ရက်နေ့က စတင်ပြီး လာမယ့် မတ်လ ၃၀ ရက်နေ့အထိ မဲဆွယ် စည်းရုံးခွင့်ရမှာ ဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေက လစ်လပ် မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေဟာ မနက်ဖြန်နေပြည်တော်မှာ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese





နေပြည်တော်တွင် ၁-၁-၂၀၁၇ မနက် ၄ နာရီကျော်ခန့်ကဖြစ်ပွားခဲ့သော ရဲအုပ်တဦး အသတ်ခံရမှု၌ ကျုးလွန်သူများမှာ သေဆုံးသူနှင့်ညီအစ်ကိုဝမ်းကွဲတော်စပ်သူများဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်တွင် အသတ်ခံရသည့် ရဲအုပ်ဇော်ဇော်နှင့် တ၀မ်းကွဲညီအစ်ကိုတော်စပ်သူ ကိုဖြိုးဆိုသူတို့ နှစ်သစ်ကူးအကြို အရက်သေစာသောက်စားပြီး ဇန်န၀ါရီ ၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်တွင် ကိုဖြိုးမှ ပြန်မည်ဟုပြော၍ ရဲအုပ်ဇော်ဇော်မှ လိုက်ပို့မည်ဟုပြောပြီး ကားပေါ်အတက်တွင် နှစ်ယောက်သား စကားများခဲ့သည်ဟု သိရသည်။ ၎င်းနောက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မိုးဝေလမ်းနှင့် ရွှေသပြေ (၁၃)လမ်း၊ လမ်းဆုံအနီးနေ ဆောက်လက်စတိုက်၏ နေအိမ်အစောင့်ဖြစ်သူ မစန်းစန်းရီ (ဈေးရောင်း)မှ ၎င်း၏ အိမ်အနီး လမ်းဆုံဘက်မှ ကယ်ပါဦးဟု အသံဆူဆူညံညံ ရန်ဖြစ်သံကြား၍ နေအိမ်မှ အခင်းဖြစ်ရာဘက်သို့ထွက်၍ ကြည့်ရှုရာ လမ်းမီးတိုင်အနီး အပြာရောင် (4C-6728 Corolla) Van ကားတစီးရပ်ထားပြီး လမ်းဘေးမြက်ခင်းပေါ်သို့ ခပ်တောင့်တောင့်အမျိုးသားတဦးက အမျိုးသားတဦးကို အပေါ်မှခွထိုးနေသည်ကို မြင်ခဲ့ရသည်ဟု သိရှိရသည်။ ယင်းအချိန်တွင် ကားအဖြူတစီး ထပ်မံရောက်ရှိပြီး အဆိုပါ ကားပေါ်မှ အမျိုးသားနှစ်ဦး ဆင်းလာကာ ရန်ဖြစ်သူနှစ်ဦးအား “မင်းတို့ ညီအစ်ကိုချင်း ဘာဖြစ်နေတာလဲ”ဟု မေးမြန်းရာ ထိုးနေသူက တစုံတရာပြန်ပြောပြီး ကားပေါ်မှ ဆင်းလာသူနှစ်ဦးကပါ ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည်ဟု မစန်းစန်းရီထံမှ စုံစမ်းသိရသည်။

ယင်းနောက် ဇန်န၀ါရီ ၁ ရက်ခန့်တွင် မသင်္ကာတရားခံကိုဖြိုးနှင့်အဖွဲ့အား ဖမ်းဆီးရမိနိုင်ရေးအတွက် ဒုနပရမှူး၊ ခရရမှူး(ဒက္ခိဏ)နှင့် မနရမှူးတို့မှ ကိုဖြိုး၏နေအိမ် လယ်ဝေးသို့ သွားရောက်စုံစမ်းခဲ့ရာ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးကြောင်း မြို့ဝင်ထွက်ဂိတ်များနှင့်ဆက်စပ် ပြည်နယ်/တိုင်းများသို့ ကူညီစုံစမ်းရန် အကြောင်းကြားခဲ့သည်ဟု သိရသည်။ ဆက်လက်၍ စုံစမ်းခဲ့ရာ မသင်္ကာတရားခံ ကိုဖြိုးသည် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် သံလွင် ၂ လမ်းရှိ Together ဘီယာဆိုင်ပိုင်ရှင် ကိုဝင်းဗိုလ်ထွန်း၏ ဘီယာဆိုင်သို့ ၁၀ နာရီခွဲအချိန်တွင် ကိုဖြိုးအပါအ၀င် အမျိုးသားသုံးဦးရောက်ရှိလာကာ ဘီယာသောက်၊ စကားပြောဆိုနေရင်းမှ ဘီယာဆိုင်ပိုင်ရှင်ဖြစ်သူ ကိုဝင်းဗိုလ်ထွန်းအား ၎င်း၏ အမျိုးသမီးကို လိုက်ချောင်းရန်အတွက် ကားချင်းခေတ္တချိန်းရန်နှင့် ကားအား ဇန်န၀ါရီ ၁ ရက် ညနေတွင် ပြန်လည်ပေးမည်ဟု ပြောဆိုကာ ည ၁၁ နာရီခွဲအချိန်တွင် ဘီယာဆိုင်ပိုင်ရှင်၏ကားကိုယူကာ ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။

ဇန်န၀ါရီ ၁ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် စုံစမ်းရရှိသည့်သတင်းများအရ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့သည် ပိန္နဲပေါက် စစ်ဆေးရေးဂိတ်၌ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ဘီယာဆိုင်ပိုင်ရှင်၏ ကားသည် တောင်ညိုလမ်းအတိုင်း ၀င်ရောက်လာသဖြင့် ထိုကားပေါ်တွင် ပါလာသည့် ကိုဖြိုးနှင့် ၀င်းကိုကိုတို့အား ခေါ်ဆောင်စစ်ဆေးခဲ့ရာ ရဲအုပ် ဇော်ဇော်အား သတ်ခဲ့ရာတွင် ၎င်း၏ အစ်ကိုရင်းများဖြစ်သည့် ၀င်းကိုကိုနှင့် ကိုမျိုးတို့နှင့်အတူ ၀ိုင်းဝန်းထိုးကြိတ်၍ ကိုဖြိုး၏ ပုဆိုးဖြင့်ပင် နောက်ပြန်တုပ်၍ မှောက်လျက်ထားခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် ကိုမျိုးဆိုသူအား လိုက်လံဖမ်းဆီးရာ ၉ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှုကျူးလွန်သူ ပြည့်ဖြိုး(ခ)ကိုဖြိုး အပါအ၀င် သုံးဦးသည် သေဆုံးသူ ရဲအုပ်ဇော်ဇော်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြသူများဖြစ်ပြီး ရန်ငြိုးရန်စ မရှိကြောင်း၊ အရက်သေစာသောက်စားရာမှ ဒေါသအလျောက် ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ယခုအခါ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ပြည့်ဖြိုး(ခ)ကိုဖြိုး၊ ၀င်းကိုကိုနှင့် ကိုမျိုး(ခ)မျိုးချစ်အောင်ဆိုသူတို့အား ဖမ်းဆီးရမိပြီးဖြစ်သဖြင့် မမစ (ဒက္ခိဏ)(ပ) ၂/၂၀၁၇ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မုံရွာ၊ ဇန်နဝါရီ ၂ ။ ။ မုံရွာသတင်းထောက် အသတ်ခံရမှုအတွက် မသင်္ကာ၍ ချုပ်နှောင်စစ်ဆေးနေသူ နှစ်ဦးအား ဇန်နဝါရီ ၂ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ KTV ဆိုင်မှ တာဝန်ရှိသူနှစ်ဦးကို စစ်ဆေးခဲ့ပြီး ခိုင်လုံသော သက်သေများမရရှိ၍ ပြန်လွှတ်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"တရားရုံး တင်ပို့နိုင်ဖို့ ခိုင်လုံတဲ့သက်သေ မရဘူးဖြစ်နေတယ်။ ဒါ့ကြောင့် ကျင့်၁၇၀(၁) အရ ခေတ္တပြန်လွှတ်ထားလိုက်တယ်။ ဒါပေမယ့် မသင်္ကာအနေနဲ့ကတော့ ရှိနေဆဲပါ" ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ရှင်းပြသည်။

အဆိုပါ မသင်္ကာသူနှစ်ဦးအား မြို့နယ်တရားရုံးမှ ချုပ်နှောင်ခွင့်ဖြင့် ချုပ်နှောင်စစ်ဆေးခဲ့ခြင်းဖြစ်ကာ နှစ်ပတ်ကြာ(၁၄ ရက်) စစ်ဆေးနေခဲ့ပြီး ဇန်နဝါရီ ၂ ရက်က ချုပ်နှောင်ခွင့်ပြည့်ခဲ့ခြင်းဖြစ်သည်။ မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း မသေဆုံးမီညပိုင်း၊ နောက်ဆုံးရှိခဲ့သည့် KTV ဆိုင်မှ တာဝန်ရှိသူနှစ်ဦးသည် သတင်းရရှိရန် စစ်ဆေးနေစဉ် ထွက်ဆိုချက်များ ကွဲလွဲခဲ့သဖြင့် ယခုကဲ့သို့ ချုပ်နှောင်ခွင့်ရယူ စစ်ဆေးနေခြင်းဖြစ်သည်။

ကိုစိုးမိုးထွန်း အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ လူဦးရေ ၆၀ ကျော်ကိုလည်း ခေါ်ယူ စစ်ဆေးပြီးဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကလည်း ယခုအမှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်သူများရှိပါက ထပ်မံ ဖော်ထုတ်ရန်အတွက် ပြောကြားထားသည်။

မုံရွာသတင်းထောက်ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် ၊ ညပိုင်းက မုံရွာမြို့၊ ဂေါက်ကွင်းအနီး၊ ပြည်ထောင်စုလမ်းမပေါ် တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
Mizzima - News in Burmese



 ဆီးရီးယား နိုင်ငံ Aleppo မြို့တောင်ပိုင်း ရှိ အစိုးရ ထောက်ခံသော တပ်ဖွဲ့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဒမာဒက် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် ဇန်နဝါရီ လ ၁ ရက်နေ့တွင် Homs ပြည်နယ် အလယ်ပိုင်း နှင့် Deir ez-Zor ပြည်နယ် အလယ်ပိုင်း တို့တွင် စစ်ဆင်ရေး ဆောင်ရွက်စဉ် အတွင်း IS အကြမ်းဖက် တပ်ဖွဲ့ဝင် များစွာ ကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား သတင်းမီဒီယာ ဖော်ပြချက်အရ  ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် Homs ပြည်နယ် အရှေ့ပိုင်း ဒေသ ရှိ IS တပ်ဖွဲ့၏ စခန်းများ နှင့် ထောက်ပံ့ရေး လမ်းကြောင်း များကို တိုက်ခိုက်ခဲ့ရာ IS တပ်ဖွဲ့ဝင် ဆယ်ယောက် ကျော် ကို ချေမှုန်း နိုင်ခဲ့ပြီး လက်နက်များကို သိမ်းဆည်းဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ ထို့ပြင် Deir ez-Zor ပြည်နယ် ရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်း တစ်ခုတွင် အစောင့်တပ်ဖွဲ့များ နှင့် IS အကြမ်းဖက် တပ်ဖွဲ့ တို့တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ တပ်ဖွဲ့မှ IS အကြမ်းဖက် တပ်ဖွဲ့ဝင် များစွာ ကို ချေမှုန်းနိုင်ခဲ့ ကြောင်း သိရှိ ခဲ့ရသည်။

ရုရှား နှင့် တူရကီ တို့မှ အဓိက ဆောင်ရွက် ခဲ့သည့် ဆီးရီးယား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုသည် ၂၀၁၆ ခုနှစ်  ဒီဇင်ဘာ ၃၀ ရက် သုည နာရီ တွင် စတင်အကျုံးဝင် ခဲ့ပြီး ဆီးရီးယား နိုင်ငံ အတွင်း တိုက်ပွဲ ထိတွေ့မှု အနည်းငယ် ရှိသော်လည်း အလုံးစုံ အားဖြင့်ဆိုရလျှင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုအား အကောင်အထည် ဖော်နိုင်ခဲ့သည်။ ဆီးရီးယား အစိုးရ တပ်ဖွဲ့ က IS အကြမ်းဖက် တပ်ဖွဲ့ နှင့် Al-Nusra Front  တပ်ဖွဲ့ နှင့် ၄င်းတို့ လက်အောက်ရှိ တပ်ဖွဲ့ များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တွင် အကျုံးမဝင်ကြောင်း ပြောကြား ခဲ့သည်။

အီရန် နိုင်ငံ သို့ရောက်ရှိနေသော ဆီးရီးယား ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး Walid Muallem က ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆောင်ရွက်ခြင်းသည် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပထမ ခြေလှမ်း ဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ အတွင်း အစိုးရ အတိုက်အခံ တပ်ဖွဲ့ အနေဖြင့် IS အကြမ်းဖက် တပ်ဖွဲ့ နှင့် Al-Nusra Front  တပ်ဖွဲ့ တို့နှင့် ကင်းရှင်းစွာ ရပ်တည်ရမည် ဖြစ်ကြောင်း ကိုအထူး ပြောကြား ခဲ့သည်။

(Xinhua)
http://xinhuamyanmar.com


အများပိုင်ဘတ်စ်ကားစနစ်မှာပါဝင်ပြေးဆွဲမယ့် City Liner ဘတ်စ်ကား အများပိုင်ကုမ္ပဏီအနေနဲ့ အများပိုင်ယာဉ်လိုင်းအတွက် ၂၀၁၆ခုနှစ်နဲ့ အထက်မော်ဒယ် ဘတ်စ်ကားအစီး(၄၀၀)နဲ့ ပြေးဆွဲသွားဖို့ စီစဉ်နေပါတယ်။

 အခုလက်ရှိမှာ ဘတ်စ်ကားအစီး(၂၀၀)တင်သွင်းပြီးဖြစ်ကာ နောက်ထပ်အစီး (၂၀၀)တင်သွင်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ City Liner ဘတ်စ်ကား အများပိုင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 ဒါ့အပြင်ယာဉ်အဟောင်း ပိုင်ရှင်တွေအနေနဲ့ City Liner ယာဉ်လိုင်းမှာလာရောက်ပြေးဆွဲလိုရင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် ပြေးဆွဲခွင့်ပြုသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

 ရန်ကုန်မြို့တွင်းဘတ်စ်ကားတွေကို အများပိုင်စနစ်ပြေးဆွဲနိုင်ရေး အများပိုင်ကုမ္ပဏီ(၈)ခုဖွဲ့စည်းထားပြီး City Liner ဘတ်စ်ကားအများပိုင်ကုမ္ပဏီကတော့ သန်မြန်သူယာဉ်လိုင်းနဲ့ အနာဂတ်ခရီးသည်ပို့ဆောင်ရေးတို့ ပေါင်းစည်းပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။

 လက်ရှိမှာလည်း ၄၅ အဲယားကွန်းဘတ်စ်ယာဉ်လိုင်းက အများပိုင်စနစ်ထဲမှာ ယာဉ်အစီးရေ(၅၀)ခန့်နဲ့ ပြေးဆွဲဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

 အများပိုင်ယာဉ်လိုင်းတွေ အခုလအတွင်းစတင်ပြေးဆွဲမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကတော့ ပြေးဆွဲမယ့်ရက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ 5 Plus ကိုပြောကြားထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews/



အိမ်သုံးမီတာတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသဖြင့် မိမိအသုံးပြုထားသည့် မီတာယူနစ်ကို မီးသုံးစွဲသူကိုယ်တိုင် မိုဘိုင်းလ် ဖုန်းမှတစ်ဆင့် သိရှိနိုင်မည့် အော်တိုမက်တစ် မီတာစနစ်ကို ပြောင်းလဲရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲ တပ်ဆင်မှု များပြုလုပ်နေကာ ထိုသို့ပြုလုပ် ရခြင်းမှာ အော်တိုမက်တစ် မီတာစနစ်အတွက် အခြေခံဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

“အဲဒီဒစ်ဂျစ်တယ်မီတာမှာ နည်းပညာသုံး ကတ်တစ်ခု စိုက်ထည့်လိုက်ရင် ရတယ်။ ပြီးရင် ဆော့ဖ်ဝဲလ်တစ်ခု ဖွင့်ပေးလိုက်မယ်။ မီတာပိုင်ရှင်က သူ့နံပါတ်ကို ဖုန်းကနေရိုက်လိုက်တာနဲ့ ဘယ်လောက်သုံးထားတယ်၊ ဘယ်လောက် ကျသင့်နေပြီဆိုတာ သိရမယ့်စနစ် ဖြစ်ပါတယ်'' ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထို့ပြင် ဒစ်ဂျစ်တယ်မီတာများ စတင် ပြောင်းလဲ တပ်ဆင်စဉ်က မီးသုံးစွဲသူများ အမှန်တကယ် သုံးစွဲသည့် ပမာဏနှင့် ပေးချေရသည့် မီတာခမှာ ကွဲလွဲမှုများ ရှိနေသဖြင့် မီတာဖတ်သည့် စနစ်အပေါ် ဝေဖန်မှုများ ရှိလာသဖြင့် အော်တိုမက်တစ်မီတာစနစ်သို့ ပြောင်းလဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com/myanmar



 သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် မိုင်ယာမီ ကမ်းခြေ မြို့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဝါရှင်တန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တောင်ပိုင်း ရှိ မိုင်ယာမီ မြို့တွင် ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိကာ ၄င်းတို့အနက် မှ ၃ ဦး မှာ အသက်မပြည့်သေးသည့် ကလေးငယ် များဖြစ်ကြောင်း သိရှိရသည်။
မိုင်ယာမီ ၏ သတင်း မီဒီယာ မျာဖော်ပြ ချက်အရ မိုင်ယာမီ မြို့ရှိ ရပ်ကွက် တစ်ခုတွင် ကားတစ်စင်း မှ လူများနေထိုင်ရာ နေအိပ် အနီးသို့ မောင်းနှင်လာ ခဲ့ပြီး ကားပေါ်မှ သေနတ် ဖြင့် ပစ်ခတ် ခဲ့ရာ အိမ်ရှေ့တွင် ရှိနေသော လူ ၇ ဦး မှာ ဒဏ်ရာရရှိ ခဲ့ပြီး ၄င်းတို့အနက် မှ အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦး မှာ အသက် အန္တရာယ် စိုးရိမ် ရကြောင်း သိရှိရသည်။

မိုင်ယာမီ ရဲဌာန က ပြစ်မှု ကျူးလွန် သူသည် လက်ရှိ ချိန်တွင် ရှောင်ပြေးနေဆဲ ဖြစ်ပြီး သတင်း အချက်အလက် သိရှိသော ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆက်သွယ် ကူညီရန် ကို ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံတွင် သေနတ် ပစ်ခတ်မှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ပြီးခဲ့သည့် ခရစ္စမတ် ကာလ အတွင်း အမေရိကန် နိုင်ငံ ချီကာဂို တစ်မြို့တည်းတွင် လူပေါင်း ၆၁ ဦး သေနတ်ပစ်ခတ်မှု ခံခဲ့ရပြီး ထိုအတွင်း မှ ၁၁ ဦးသေဆုံးကာ ယခု နှစ်အတွင်း ချီကာဂို မြို့တွင် သေနတ်ပစ်ခတ်ခံရမှု ကြောင့် သေဆုံးသူ ဦးရေ ၇၇၀ အထိ ရောက်ရှိစေ ခဲ့သည်။

(Xinhua)
http://xinhuamyanmar.com

ကိုးတန်ကောက်ကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ရဲတပ်ဖွဲ့ဝင်အချို့က ဘင်္ဂါလီရွာသားများအား ရိုက်နှက်နေသည့် ဖြစ်စဉ်ကို ရိုက်ကူး ထားသည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ကနဦးစိစစ် ဖော်ထုတ်ရရှိသူ များကို ထိန်းသိမ်းထားပြီး ထိရောက်စွာ အရေးယူနိုင်ရန် ဆောင် ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မ တီက ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် ညနေ တွင် လူမှုကွန်ရက်စာမျက်နှာ တစ်ခုက စတင်လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ဖိုင်၌ ရဲတပ်ဖွဲ့ဝင် အချို့က ရိုက်နှက် ကန်ကျောက် သည့် ပုံရိပ်များပါရှိပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ် စဉ် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အတွင်း ဖော်ပြ ထားသည်။

အဆိုပါဗီဒီယိုဖိုင်ကို ကိုးကား၍ အခြားသတင်းဌာနများက ဆင့် ပွားဖော်ပြနေသည်ကို တွေ့ ရှိရ၍ စိစစ်ဖော်ထုတ်ရာ ၂၀၁၆ နိုဝင်ဘာ ၅ ရက်၌ ကိုးတန် ကောက်ကျေးရွာတွင် အမှတ်(၂) နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲနှင့် အမှတ်(၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ ပူး ပေါင်းအဖွဲ့က နယ်မြေရှင်းလင်းစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များက ရွာသားများကို ထိန်းသိမ်းနေစဉ် ရဲတပ်သားဇော်မျိုးထိုက်က ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ဦးစီး ခေါင်းဆောင် တာဝန်ရှိသူမှာ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ခွဲမှ ရဲမှူးရဲထွန်းနိုင်၊ အမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲအုပ် တေဇာလင်း၊ ဗီဒီယိုရိုက်ကူးသူ ရဲတပ်သား ဇော်မျိုးထိုက်နှင့် ရွာသားများအား ရိုက်နှက်ကန်ကျောက်သူ ရဲတပ်သားပြည့်ဖြိုး သွင်တို့ဖြစ်ကြောင်း ကနဦးစိစစ် ဖော်ထုတ် ရရှိထားသည်။ ရိုက်နှက်ကန်ကျောက်ခဲ့သည့် ကျန်ရဲတပ် ဖွဲ့ဝင်များအား ဆက်လက်ဖော် ထုတ်နေကာ ကနဦးစိစစ် ဖော်ထုတ် ရရှိသူများကို ထိန်းသိမ်းထားပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ အရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

ကိုးတန်ကောက်ကျေးရွာတွင် နယ်မြေရှင်းလင်းရေးဆောင် ရွက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မောင်တောမြို့နယ် နိုရူလာရဲကင်းစခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သ မားများမှာ ကိုးတန်ကောက်ကျေးရွာ အတွင်း တိမ်းရှောင်နေကြောင်း သတင်းရရှိခြင်း၊ ကိုးတန်ကောက် ကျေးရွာသို့ နိုင်ငံခြား သံတမန်များ လာရောက်စဉ် ဖြစ်စစ် မှန်မဟုတ်သည့် စာတန်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ခြင်း ဖြစ်စဉ်များနှင့် ဆက်စပ်၍ စာများဖြန့်ဝေသူဟု သတင်းရရှိသူကို စိစစ်ဖော်ထုတ်ရန် နိုဝင် ဘာ ၅ ရက်က ၀င်ရောက်ရှင်းလင်းရေး ဆောင်ရွက်ခြင်း ဖြစ်သည်။

ကိုးတန်ကောက်ကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက်မှုများနှင့် ပတ်သက်သူ သုံးဦးကို လက်နက်နှင့် အတူ ဖော် ထုတ်ဖမ်းဆီးရမိခဲ့ ပြီး မပတ်သက်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇော်မင်းထွန်း
The Ladies News



ငြိမ်းချမ်းရေး အမြန်ရအောင် ဝိုင်းကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း (Myanmar State Counsellor Office)
အခုထိ ငြိမ်းချမ်းရေးမရသေးတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ ဇန်န၀ါရီလ (၁)ရက်နေ့က NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။

အခုလို ငြိမ်းချမ်းရေးလုပ်ဆောင်ရမှာ လက်ရှိအစိုးရအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးတခုတည်းကိုပဲ ဦးစားမပေးပဲ တိုင်းရင်းသားတွေဘက်ကိုပါ ကြည့်သင့်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။အေပီသတင်းတပုဒ်ကို အခြေခံပြီး အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

၂၀၁၇ခုနှစ် ဇန်န၀ါရီလ (၄)ရက်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရခဲ့တာ ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ အခုထိ မငြိမ်းချမ်းနိုင်သေးပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခတွေ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ် တနေ့ အောင်မြင်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့ပေမဲ့ အချိန်အတိုင်းအတာ ကြာရှည်သွားမယ့်အပေါ်မှာ အားမရဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

ပင်လုံ လို အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အချိန်စောနေသေးတယ်၊ အချိန်ပေးဖို့ လိုအပ်တယ်လို့ တချို့တွေက ပြောနေကြပေမဲ့ သူ့အနေနဲ့တော့ အချိန်ဟာ နောက်ကျလွန်းနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ကျွန်မတို့ ငြိမ်းချမ်းရေးလိုအပ်ခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။ လွတ်လပ်ရေး ရကတည်းက ဆိုတော့ အနှစ် ၇၀ လောက်ရှိနေပါပြီ။ အဲဒီတော့ ကျွန်မတို့ဟာ နောက်နှစ်ဆိုရင် အနှစ် ၇၀ ပြည့်တော့ မယ်။ ဒီနှစ်ဆိုရင် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၆၉၊ ၇၀ ဖြစ်တော့မယ် ကျွန်မ တို့ နိုင်ငံဟာ အခုချိန်အထိ မငြိမ်းချမ်းရေးလည်း မရသေးဘူး ဆိုတာက ဒါဟာ အချိန်တွေ လွန်လာပြီလို့ ကျွန်မတို့က ထင်ပါတယ်။

အချိန်တွေ လွန်လာလို့၊ ဒီနှစ်မှာလည်း ကျွန်မတို့ ငြိမ်းချမ်းရေးရဲ့ ပန်းတိုင်ကို တကယ့်ကို တည့်တည့်မတ်မတ် သွားနိုင်ပြီဆိုတဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ၀ိုင်းဝန်းပြီးတော့ ကြိုးစား စေချင်ပါတယ်။ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်တော့မယ်၊ တည့်တည့်ဖြောင့်ဖြောင့် လမ်းပေါ် ကို ရောက်နေပြီဆိုရင် ကျွန်မတို့ အားလုံးဝိုင်းပြီး အမြန်ဆုံးဖြစ်အောင် ကြိုးစားရမယ်။ တည့် တည့်မတ်မတ် လမ်းပေါ်ရောက်ဖို့က အကြီးဆုံးစိန်ခေါ်မှုပဲ ဖြစ်ပါတယ်။”

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီးနောက် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ ပျက်ပြားခဲ့ရတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ အထူးသဖြင့် အခုလို တပ်မတော်နဲ့ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရဘက်က ဘာတခုမှ ဆောင်ရွက်ပေးမှုမရှိဘူးလို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မှူး ရောထောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတက်လာပြီး သူကိုယ်တိုင် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ဖြစ်လာပြီးကတည်းက အခြေအနေတွေဟာ အရင်ကထက် ပိုပြီး ဆိုးလာတာပါ။ လူတိုင်းက ငြိမ်းချမ်းရေးအကြောင်း ပြောနေကြတယ်။ ပြောမှာပေါ့။ တိုင်းပြည်တည်ငြိမ်ပြီး ငြိမ်းချမ်းဖို့ လူတိုင်း လိုချင်တာကိုး။ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပတဲ့ အချိန်ကစပြီး ကျနော်တို့ အပေါ် တိုက်ခိုက်မှုတွေဟာ ပိုပြီး ဆိုးလာပါတယ်။ ဒါကို အစိုးရဘက်က ဘာမှ လုပ်မပေးဘူး။”

တဖက်မှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ လက်ရှိ NLD အစိုးရက တပ်မတော်နဲ့ ဆက်ဆံရေးကိုပဲ ဦးစားပေးနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိနေတာပါ။ အခုလို ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားတွေဘက်ကို ကြည့်ဖို့ လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေသူ ဒေါက်တာရန်မျိုးသိမ်းကပြောပါတယ်။

“မြန်မာ့ဒီမိုကရေစီရေးဖြစ်စဉ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလွန်အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် အစိုးရအနေနဲပ တိုင်းရင်းသားလူနည်းစုတွေကိုရော သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက်ပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ တပ်မတော်နဲ့ဆက်ဆံရေး တခုတည်းကိုပဲ ဦးစား မပေးသင့်ပါဘူး။”

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ရင် အရေးကြီးဆုံးက ယုံကြည်မှုတည်ဆောက်ဖို့နဲ့ ဖြောင့်မတ် ပွင့်လင်းဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အခုချိန်ထိ ငြိမ်းချမ်းရေးမရနိုင်ခဲ့တဲ့ အကြောင်းရင်းကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းမှာ ထောက်ပြသွားပါတယ်။

“လောဘနဲ့ ဒေါသကို အောင်နိုင် နိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိစရာအကြောင်း ဘာမှမရှိပါဘူး။ အဓိက ဒီနှစ်ခုပါဘဲ။ လောဘ ကိုယ့်အတွက် ကိုယ်လိုချင်တဲ့ စိတ်၊ ဒေါသ ဟိုဘက်ကို မလိုလားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ဟိုဘက်ကို ကျောချင်တဲ့စိတ် ဒီစိတ် နှစ်ခုကြောင့် ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး မရခဲ့တာ ဖြစ်ပါတယ်။ ဒီစိတ်နှစ်ခုသာ ပျောက်ကွယ် သွားမယ်ဆိုရင်၊ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အများကြီးလျော့ကျ သွားမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အောင်မြင်မယ်ဆိုတာ ကျွန်မလုံးဝ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အရှည်တည်တံစေရေးအထိမ်းအမှတ်နဲ့ သံလွင်ပင်ကို စိုက်ပျိုးပြီး နှစ်သစ်မှာ လုပ်ငန်းစဉ်တွေအောင်မြင်ဖို့ ၂၀၁၇ ဇန်န၀ါရီလ ၁ ရက်နေ့မှာNRPC ငြိမ်းချမ်းရေး အဆောက်အအုံကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 အင်ကြင်းနိုင်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ ၌ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညကို ပြည်သူများကြိုဆိုနေကြစဉ်(ဆင်ဟွာ)
    ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ အရှေ့ တောင်ပိုင်း၌ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးညတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်က ဇန်နဝါရီလ ၁ ရက်တွင်ပြောကြားသည်။

ဆာအိုပေါ်လို မြို့ အနီးရှိ Campinas မြို့ ၌ သေနတ်သမားတစ်ဦးသည် ၄င်း၏ ဇနီးဟောင်းဖြစ်သူ နေအိမ်ခြံဝင်း အုတ်တံတိုင်းကို ကျော်တက်ပြီး အထဲသို့ ဝင်ရောက်ကာ  ဇနီးဟောင်း အပါအဝင် အသက် ၈ နှစ်အရွယ် သားဖြစ်သူ နှင့် အခြားဆွေမျိုးများစွာတို့ ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက်တွင် သေနတ်သမားသည် ၄င်းကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း နှင့် သေနတ်ကျည်ဆံအများအပြားကို ၄င်းခန္ဓာကိုယ်တွင် တွေ့ ရှိခဲ့ကြောင်း သိရသည်။

O Globo နေ့ စဉ်သတင်းစာအရ သေနတ်သမားမှာ အသက် ၄ဝ နှစ်ခန့် အရွယ်ရှိပြီး ၄င်း၏ အမည်ကို ထုတ်ဖော်ရေးသားထားခြင်းမရှိကြောင်း နှင့် ၄င်းသည် လင်မယားကွာရှင်းခြင်းကို လက်မခံခဲ့ကြောင်း သိရသည်။

ကလေးငယ်အုပ်ထိန်းခွင့်ကို မယား(ဟောင်း) ဖြစ်သူက ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီးနောက် သေနတ်သမားသည် ၄င်း၏မယား(ဟောင်း) ကို သတ်ပစ်မည်ဟု ပြောဆိုခဲ့သည်ကို ကြားသိခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက O Globo သတင်စားသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိကြသူများအနက် နေအိမ်မှ ထွက်ပြေးလွတ်မြောက်သွားသူ တစ်ဦးမှာ ကလေးကျောင်းကြိုပေးသူတစ်ဦးဖြစ်ကြောင်း အိမ်နီးနားချင်းများက ပြောသည်။

သေဆုံးသူများ၏ အမည်စာရင်းကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၂ ဦး နှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

(XINHUA)
http://xinhuamyanmar.com/world



Jaw အကျဉ်းထောင် ၌ ၂၀၁၅ခုနှစ် မတ်လတွင်ဖြစ်ပွားခဲ့သည့် ထောင်တွင်းဆူပူထကြွမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မာနာမာ၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

    ဘာရိန်းနိုင်ငံ၏ အကြီးဆုံး အကျဉ်းထောင်တစ်ခုတွင် ဇန်နဝါရီ ၁ရက်က အကြမ်းဖက်မှုဖြင့် အကျဉ်းကျနေသူများစွာသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်ဖြတ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ထောင်ဖောက်မှုသည် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခံရသည့် အကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများအား ထိန်းသိမ်းထားသည့် ပြန်လည်ပြုပြင်ရေး နှင့် ပြန်လည်ထူထောင်ရေး အဆောက်အအုံ၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာနက Jaw အကျဉ်းထောင်ဖောက်မှုဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေးခြင်းအား တားဆီးရန်ကြိုးပမ်းခဲ့သေ Abdulsalam Saif အမည်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ အတည်ပြုပြောကြားခဲ့သည်။

အကြမ်းဖက်ပြစ်မှုရှိသည့် အကျဉ်းသားများစွာ Jaw အကျဉ်းထောင်မှ လွတ်မြောက်သွားခြင်းသည် အကျဉ်းထောင်၏ လုံခြုံရေး၊ တရားဝင်ဆောင်ရွက်ချက်နည်းစဉ်များ နှင့်ပတ်သက်၍ သတိပေးနေသကဲ့သို့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

၂၀၁၅ခုနှစ် မတ်လတွင်လည်း Jaw အကျဉ်းထောင်၏ အလားတူ အဆောက်အအုံမှ အကျဉ်းသားများ ပုန်ကန်ထကြွမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး၍ ပြန်လည် ထိန်းချုပ်ခဲ့ရကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com/world/


နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနှင့်သပြေ (၁၃) လမ်း လမ်းဆုံအနီးတွင် ပုဆိုးဖြင့် လက်နောက်ပြန်တုပ်ခံထားရသော လူတဦး လဲကျနေကြောင်း ၁-၁-၂၀၁၇ မနက် ၄ နာရီ ၂၀ မိနစ်ခန့်အချိန်က ပြည်သူတဦး၏သတင်းပေးချက်အရ ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်မြတ်ကိုကိုနှင့်အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့သည်။

ယင်းသို့သွားရောက်စစ်ဆေးရာ ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနှင့်သပြေ ၁၃ လမ်း လမ်းဆုံအနီး ကွန်ကရစ်လမ်းမပေါ်တွင် 4C-6728 Corolla အပြာရောက်ယာဉ်အား သော့တန်းလန်းဖြင့်ရပ်ထားသည်ကိုတွေ့ရှိရပြီး လူတဦး လက်ပြန်ကြိုးတုပ်လျက် လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်း၏မေးစေ့တွင် ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာတချက်၊ အပေါ်နှုတ်ခမ်း ဖူးရောင်ညိုမဲဒဏ်ရာ၊ လည်ပင်း၊ ၀ဲရင်ဘက်နှင့် ယာပေါင်တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး သေဆုံးသူမှာ မြို့နယ်မှူးရုံး(ဇမ္ဗူသီရိမြို့နယ်)မှ လ.၁၅၃၈၃၅ ရဲအုပ်ဇော်ဇော်(၄၈ နှစ်) ပျဉ်းမနားမြို့မရဲစခန်းဝင်းနေသူဖြစ်ကြောင်း၊ ရဲအုပ်ဇော်ဇော်၏အလောင်းအား နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ ပေးပို့ပြီး ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ (ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဆက်လက်၍ တရားခံဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးရာ ဇန်န၀ါရီ ၁ ရက်နေ့ ညပိုင်းက နေပြည်တော်တောင်ညိုတွင် တရားခံဟုယူဆရသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း ထပ်မံသိရှိရပါသည်။

ထွန်း(နေပြည်တော်)
https://www.facebook.com/NewsWatchJournal/

ကဗျာဆရာတင်မိုး(ခ)ဘဂျမ်း ၁၀ နှစ်ပြည့်အခမ်းအနားကျင်းပနေစဉ်။
ဓာတ်ပုံ-ဖြိုးမောင်မောင်
ရန်ကုန်၊ ဇန်န၀ါရီ ၁

ကဗျာဆရာ တင်မိုး(ခ)ဘဂျမ်းကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနားအား ရန်ကုန် မြို့၊ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ ကဗျာဆရာတင်မိုး၏
စာပေလောကမှမိတ် ဆွေစာရေးဆရာများ၊ ကဗျာဆရာများနှင့် နိုင်ငံရေး
အသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်အများအပြားတက်ရောက်ခဲ့ ကြပြီး စာပေလောကတွင် အတူတ ကွဖြတ်သန်းခဲ့ရသော အတွေ့အ ကြုံများ၊ အမှတ်တရများအား အသီး သီးတက်ရောက်ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက် လာသောစာရေးဆရာချစ်ဦးညိုက ကဗျာဆရာတင်မိုးနှင့်ပတ်သက်ပြီး ""ဒီပွဲဟာဆရာတင်မိုးကိုချစ်ခင်လေး စားတဲ့သူတွေရဲ့ပွဲပါ။ တစ်နည်းအား ဖြင့်ဆိုရင် ဒီမိုကရေစီသူရဲကောင်း တစ်ယောက်ကိုထိုက်ထိုက်တန်တန်ကြီးဂုဏ်ပြုတဲ့ပွဲပါ။ နောက်တစ်မျိုး ပြောရရင်NLDပါတီတွက်အများကြီးအလုပ်အကျွေးပြုခဲ့တဲ့ ကဗျာ စာဆိုကြီးကို
မြတ်နိုးစွာနဲ့ပူဇော်တဲ့ ပွဲပါ။ ဒီပွဲရဲ့နောက်ကွယ်မှာမြန်မာနိုင်ငံသမိုင်းရှိတယ်။
ဒီပွဲရဲ့နောက်ခံ မှာစစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှု တွေရှိတယ်။
ဒီပွဲရဲ့နောက်ခံမှာဒီမို ကရေစီအရေးတော်ပုံတပ်သားတွေ ရဲ့နှလုံးသားတွေ
ဝမ်းနည်းမှုရှိတယ်""ဟုပြောကြားသည်။

ဆရာကြီးသည်ယခင်အစိုးရလက်ထက်အာဏာရှင်များ၏စရိုက် ကို ၎င်းင်းတက်စွမ်းသောကဗျာစွမ်းရည် ဖြင့်ပြောင်မြောက်စွာရေးစပ်ကာ တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။ စာရေးဆရာမမသီတာ( စမ်း ချောင်း)ကလည်း""ဟိုတုန်းကတည်း ကဆရာ့ကဗျာတွေဖတ်ပြီးကြီးပြင်း ခဲ့ရတာပါ။ ၈၈ ကာလမှာဆရာရေး ခဲ့တဲ့ကဗျာတွေကိုတွေ့ပြီးတော့ ကျွန်မ ကNLD ရဲ့ပြန်ကြားရေးအနေနဲ့ ထုတ်ဖို့ခွင့်တောင်းခဲ့တော့ သူ့နာမည် နဲ့ပဲသတ္တိရှိရှိနဲ့သုံးခွင့်ပေးခဲ့တဲ့ ဆရာ ပါ။ ဆရာကအဲ့ဒီခေတ်၊ အဲ့ဒီကာလ ကဖြစ်တဲ့အခြေအနေကိုပွင့်ပွင့်လင်း လင်းရေးခဲ့တယ်။ ဆရာ့လိုကဗျာ ဆရာမျိုး ဆုံးရှုံးရတာတိုင်းပြည်အတွက်ရတနာတစ်ပါးဆုံးရှုံးရသလို ပါပဲ။ ဆရာ့ရဲ့ရသဂုဏ်၊ ပညာဂုဏ်၊ တော်လှန်ဂုဏ် ဒီဂုဏ်တွေအကုန်လုံး တစ်ယောက်တည်းမှာရှိဖို့ဆိုတာ လည်းအင်မတန်ခဲယဉ်းပါတယ်""
ဟုပြောကြားသည်။

ဆရာကြီးတင်မိုးကို ၁၉၃၃ခု နှစ် နိုဝင်ဘာ ၁၉ ရက်က မန္တလေး တိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ တွင် အဘဦးအို၊ အမိ ဒေါ်စံထယ် တို့ကမွေးဖွားခဲ့ကာ မွေးချင်းသုံးဦးအနက်ဒုတိယမြောက်သားဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ် မှမြန်မာစာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး ကဗျာလောကအတွင်းဝင် ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တတ်သိ ပညာရှင်များအဖွဲ့၌ ပါဝင်ဆောင် ရွက်ခဲ့ပြီး ပေဖူးလွှာမဂ္ဂဇင်းအယ်ဒီ တာချုပ်ဘ၀တွင် ထိန်းသိမ်းခံခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင်လွတ်မြောက်လာ သည်။ ဆရာကြီးသည်အမေရိကန် ပြည်ထောင်စု
အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပေး သောဆုကို ၂၀၀၂ ခုနှစ်တွင်ဆွတ်ခူးခဲ့ ပြီး နယ်သာလန်နိုင်ငံ၏ Claus Award စာပေဆုကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက ရရှိခဲ့ကြောင်း သိရသည်။

ZLH
#Democracytoday


တူရကီနိုင်ငံ Istanbul မြို့က Night Club တခုအတွင်း တနင်္ဂနွေနေ့စောစောပိုင်းက လူပေါင်း ၃၉ ယောက် ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို ညဦးပိုင်းအချိန်အထိ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေအနေနဲ့ ဒီပစ်ခတ်သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မဖေါ်ထုတ်နိုင်သေးပဲဖြစ်နေတယ်လို့ တူရကီ ၀န်ကြီးချုပ် Binali Yildrim ကပြောပါတယ်။

အချက်လက် အချို့တော့ စတင်ထွက်ပေါ်လာနေပါပြီ။ ဒါပေမယ့် အာဏာပိုင်တွေအနေနဲ့ ခိုင်မာတဲ့ သက်သေအထောက်ထားတွေ ရရှိဖို့ ကြိုးစားနေကြဆဲ ဖြစ်တယ်လို့ ၀န်ကြီးချုပ်က တနင်္ဂနွေနေ့ ညနေပိုင်းမှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

နှစ်သစ်ကူးည အခါသမယ ဆင်နွှဲသူတွေနဲ့ ပြည့်နေတဲ့ Night Club တိုက်ခိုက်မှုကို ဘယ်လူပုဂ္ဂိုလ် အဖွဲ့အစည်းကမှလည်း သူတို့ စီစဉ် ဆောင်ရွက်တာပါလို့ ထုတ်ဖေါ်ပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။

တချို့သတင်းတချို့မှာ သေနတ်သမားဟာ Santa Claus ခရစ္စမတ် ဖိုးဖိုးကြီး ၀တ်ဆင်တဲ့ အ၀တ်အစားမျိုး ၀တ်ဆင်ထားတယ်လို့ ဖေါ်ပြနေကြပေမယ့် ၀န်ကြီးချုပ်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ Night Club ပစ်ခတ်မှုကို သေနတ်သမားတဦးတည်းက ပြုလုပ်သွားခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Suleman Soylu နဲ့ Istanbul မြို့ အုပ်ချုပ်ရေးမှုး Vasip Sahin တို့က ပြောဆိုကြပါတယ်။

ဖေါ်ထုတ်နိုင်ခဲ့ပြီးသမျှထဲမှာတော့ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၅ ယောက်၊ တူရကီလူမျိုး ၅ ယောက်နဲ့ ရဲအရာရှိ တယောက် ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ကျန်သေဆုံးသူ ၁၈ ဦးကိုတော့ ရှာဖွေဖေါ်ထုတ်ဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူ ၆၉ ယောက်ကို ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး အဲဒီအထဲက လေးယောက်ဟာ စိုးရိမ်ရတဲ့ အခြေနေမှာ ရှိတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

=============

VOA Burmese News

http://burmese.voanews.com/a/search-continue-f…/3659006.html



၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့်ဒေါက်တာသီရိလွင်တို့သည် ၂၀၁၇ ဇန်န၀ါရီ ၁ ရက်က မင်္ဂလာလက်မှတ်ရေးထိုးသည်။

နှစ်ဖက်မိဘနှင့် မိသားစုရှေ့ မှောက်တွင် မင်္ဂလာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲပြုလုပ်မည်မဟုတ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ စမ်းချောင်းကိုကိုကြီးက ပြောသည်။

‘‘မိဘတွေရှေ့မှာပဲ လက်မှတ်ထိုးခဲ့တာပါ။ သူအရင်ကတည်းကလည်း ပြောထားတာပဲလေ။ မင်္ဂလာဧည့်ခံပွဲ မလုပ်ပါဘူး’’ဟု စမ်းချောင်းကိုကိုကြီးက ပြောသည်။ ကိုမင်းကိုနိုင်နှင့် ဒေါက်တာသီရိလွင်တို့သည် ၂၀၁၆ ဒီဇင်ဘာ၂၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ထပ်လက်စွပ်ဆင်မြန်းပေးခဲ့သည်။

‘‘ခရစ္စမတ်နေ့က လက်ထပ် လက်စွပ်လဲလှယ်တာလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးတာပေါ့။ အဲဒီပွဲမှာ သူ (ဒေါ်အောင်ဆန်းစုကြည်)က ဘာပြောသွားလဲဆိုတော့ ဒီဇန်န၀ါရီ ၁ ရက်က သူအိမ်ထောင်ပြုတဲ့နေ့ပဲလို့ပြောသွားတယ်’’ဟု၎င်းက ဆက်လက်ပြောကြားသည်။

အသက် (၅၄)နှစ်အရွယ် ကိုမင်းကိုနိုင်သည် သြစတြေးလျနိုင်ငံ၌ပြုလုပ်သော စာပေဟောပြောပွဲတစ်ခုသို့ သွားရောက်စဉ် သြစတြေးလျနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော ဒေါက်တာသီရိလွင်နှင့် စတင်တွေ့ဆုံဖူးစာဆုံခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က သတို့သားနှင့်သတို့သမီးကို လက်ထပ်လက်စွပ်ဆင်မြန်းပေးနေစဉ်(ဓာတ်ပုံ−မောင်သိန်း(ဒဿနိက))

=============

7Day News Journal

http://www.7daydaily.com/story/85164

လုံခြုံရေးရဲများ (ဇွန်လ ၂၀၁၂)
လုံခြုံရေးရဲများ (ဇွန်လ ၂၀၁၂)

ရခိုင်ပြည်နယ်အတွင်း ဒေသခံတချို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့က ရိုက်နှက် စစ်ဆေးနေတဲ့ ဗွီဒီယိုတွေ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ကိစ္စကို စုံစမ်း စစ်ဆေးပြီးတဲ့နောက် ပါဝင်ပတ်သက်တဲ့ ရဲအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အမည်တွေနဲ့တကွ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ တာဝန်ရှိသူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက ကိုးတန်ကောက်ကျေးရွာမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၅ ရက်နေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ရိုက်နှက် ကန်ကျောက်တဲ့ မှတ်တမ်း ဗွီဒီယိုတွေ ဒီဇင်ဘာလ ၃၁ နေ့ညက ပေါ်ထွက်လာပြီး နောက်တနေ့မှာပဲ သက်ဆိုင်ရာ တပ်ဖွဲ့တွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်း စစ်ဆေးပြီးတဲ့နောက် တာဝန်ရှိသူ ရဲအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီကနေ့ ဇန်န၀ါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကြေညာချက်ထဲမှာ ဖြစ်စဉ် အသေးစိတ်နဲ့ တပ်ဖွဲ့အမည် နံပတ်တွေအပြင် ပါဝင်ပတ်သက်တဲ့ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အမည်တွေကိုပါ အသေးစိတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဒီကိစ္စမှာ တာဝန်ရှိသူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒါ မနေ့ညက ပြန့်တယ်ပေါ့နော် ကျနော်တို့တွေ့တယ်။ ကျူးလွန်တဲ့လူတွေပေါ့နော် အဲဒီ ဗွီဒီယိုဖိုင်မှာပါတဲ့ အဖွဲ့ ဒီလိုမျိုး မသင့်မလျော် ချိုးဖောက်မှုတွေလုပ်တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေပေါ့နော်။ အဆင့်ဆင့်ကတော့ ကျနော်တို့ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ကျနော်တို့ ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပါတယ် တကယ်လို့ ကျူးလွန်ခဲ့တယ်ဆိုရင်တော့။”

မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ တပ်မတော် စစ်ကြောင်းတွေက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တ၀ိုက်မှာရှိတဲ့ ကျေးရွာတချို့ကို နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်စဉ်အတွင်း ဒေသခံ အကြမ်းဖက်သမားတွေရဲ့ ခုခံ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သလို နှစ်ဖက် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ကင်းစခန်းကို တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတချို့ကိုလည်း တပ်မတော်ဘက်က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေဟာ အင်မတန် နူးညံ့သိမ်မွေ့တဲ့အတွက် အစိုးရအနေနဲ့ အခြေခံမူ ၃ ရပ်ကို ချမှတ်ပြီး သတိထား ကိုင်ကွယ်နေသလို အဲဒီအတိုင်း လိုက်နာကြဖို့လည်း ညွန်ကြားချက် ထုတ်ပြန်ထားကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့ မူလကတည်းကအတိုင်း မောင်တောအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ပြန်လည် ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ မူဝါဒ ၃ ချက်ချမှတ်ထားတယ်။ နံပတ် ၁ ဒီကိစ္စတွေက အရမ်းထိလွယ်၊ ရှလွယ် ပဋိပက္ခ တွေကို အခြေခံပြီးတော့ဖြစ်နေတာဖြစ်တဲ့အတွက် ကျနော်တို့ သတိကြီးကြီးထားဖို့အတွက် မူဝါဒ ၁ ပါ။ မူဝါဒ၂ ကတော့ ဒီလိုဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင်ဆောင်ရွက်ဖို့၊ နံပတ် ၃ အချက်ကတော့ ဥပဒေနဲ့အညီဆောင်ရွက်ဖို့။ ဒီမူဝါဒက နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒ၊ အဲဒီမူဝါဒကို တပ်မတော်ဘက်ကလည်း အဆင့်ဆင့်ပေါ့နော် သူတို့ ဆက်လက်ပြီးတော့ ညွန်ကြားထားပြီးသားဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကလည်း အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အဆင့်ဆင့် ညွှန်ကြားထားပြီးသားဖြစ်တယ်။ အကယ်၍ ကျနော်တို့ ချထားတဲ့အတိုင်း တကယ်လို့ ဖြစ်လာခဲ့ရင်တော့ အရေးယူမယ်ဆိုတာ ပြောထားပြီးသားဖြစ်တယ်။ အဲဒါကိုလည်း ကျနော်တို့ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်လည်း အချိန်မရွေးအစစ်ခံနိုင်အောင် သူဆောင်ရွက်ထားတယ် ဆိုပြီးတော့ ဆောင်ရွက်ဖို့ လမ်းညွန်ခဲ့တယ် အဲဒီမောင်တောကို ကိုယ်တိုင်သွားရောက်စဉ်မှာပဲ။ အဲဒီလို လမ်းညွန်ထားတဲ့အပေါ်မှာ ဒီဗွီဒီယိုဖိုင်ပြန့်နှံ့လာတယ်။”

လက်ရှိအချိန်မှာတော့ ရိုက်နှက် ကန်ကျောက်တဲ့ကိစ္စမှာ ပါဝင်တဲ့ ရဲမှူး ရဲထွန်းနိုင်၊ ဒုရဲအုပ် တေဇာလင်း၊ ဗွီဒီယိုမှတ်တမ်းရိုက်ကူးသူ ဇော်မျိုးထိုက်နဲ့ တခြား ရဲတပ်ဖွဲ့ဝင်တဦး၊ ပေါင်း ၄ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပြီး တခြားသူတွေကို ဆက်လက် စုံစမ်း ဖော်ထုတ်ဆဲဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ခံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်
VOA Burmese News



ရိုက်နှက် ကန်ကျောက် တာမျိုးတွေ ပြုလုပ် နေတဲ့ ဗီဒီယို တစ်ခု ဖေ့စ်ဘွတ်ခ်ပေါ် ရောက်လာ
မောင်တော ဒေသထဲမှာ အစိုးရ လုံခြုံရေး အဖွဲ့တွေဟာ ရွာသားတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ကျုးလွန် ခဲ့တယ် ဆိုတဲ့ အချက်ကို အစိုးရက ပထမဆုံး အကြိမ် ဝန်ခံ လာပါတယ်။

မြေကြီးပေါ် ထိုင်ခိုင်းထားတဲ့ အရပ်သားတွေကို အစိုးရ ရဲတပ်ဖွဲ့ဝင် တွေက ရိုက်နှက် ကန်ကျောက် တာမျိုးတွေ ပြုလုပ် နေတဲ့ ဗွီဒီယို တစ်ခု ဖေ့စ်ဘွတ်ခ်ပေါ် ရောက်လာ ခဲ့တဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် လာတာ ဖြစ်ပါတယ်။

ကိုးတန်ကောက် ဆိုတဲ့ ရွာမှာ နိုဝင်ဘာ ၅ ရက်တုန်းက ဝင်ရောက် ရှင်းလင်းတုန်း ဖြစ်ပျက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

နိုရူလာ ရဲကင်းတစ်ခုကို မော်တော်ဆိုင်ကယ်စီး လက်နက်ကိုင်တွေ လာရောက် ပစ်ခတ်တာ ခံခဲ့ရပြီး၊ ရဲတပ်ဖွဲ့ဝင် အချို့ ဒဏ်ရာရသွား ခဲ့တဲ့ အတွက် နယ်မြေ ရှင်းလင်းရာ ကနေ အခုလို အဖြစ်အပျက် ပေါ်ပေါက် လာတာလို့ ဆိုပါတယ်။

အဲဒီ့ ကိုးတန်ကောက် ရွာဆိုတာ နိုင်ငံခြား သံတမန်တွေ လာရောက်တုန်း ရွာခံ တချို့က စာရွက်စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြ ခဲ့ကြတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ရဲကင်း တိုက်ခိုက် ခံခဲ့ ရတာက တကြောင်း၊ သံတမန်တွေ ရှေ့ ရွာသားတွေ ကိုင်ဆောင်ဖို့ မဟုတ်မမှန် ရေးသားထားတဲ့ စာရွက်တွေကို ဖြန့်ဝေသူကို ဖော်ထုတ်ဖို့က တကြောင်း ရဲတပ်ဖွဲ့ဝင်တွေ ကိုးတန်ကောက်ကို သွားခဲ့တာလို့ ဆိုပါတယ်။

အင်တာနက်ပေါ် ရောက်လာတဲ့ ဗွီဒီယို ထဲမှာ ရွာသားတွေ အပေါ် လူမျိုးရေး အရ နှုတ်ဖြင့် ဆဲရေး တိုင်းထွာ နေတာတွေ၊ မြေကြီးပေါ် ရွာသားတွေကို အတန်းလိုက် ခြေဆင်း ထိုင်ခိုင်း ထားပြီး ပထမဆုံး အတန်းက ဘယ်ဘက် အစွန်ဆုံး တစ်ယောက်ကို ရဲ တစ်ဦးက ဒုတ်လို့ ပစ္စည်းမျိုးနဲ့ ရိုက်နှက် နေချိန်မှာ နောက်တစ်ဦးကလည်း ခြေထောက်နဲ့ ကန်ကျောက် နေတာကို တွေ့ရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန် ချက်ထဲ မှာတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင် တချို့ကို ဖော်ထုတ် ထိန်းသိမ်း ထားပြီး၊ ဆက်လက် ဖော်ထုတ် နေတယ်လို့ ဆိုပါတယ်။

အဲဒီသူတွေကို ရဲစည်းကမ်း ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူမယ်လို့ ဖော်ပြ ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese


ငါးဖမ်းလှေပေါ်မှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာရွေပြောင်းအလုပ်သမားများ (ပုံ -MAT)
ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ၂၀၁၆ကုန်ပြီး နှစ်သစ်ကူးလို့ တနှစ်ပြီးတနှစ်သာကူးပြောင်းသွားပေမယ့် မြန်မာပြည်ကို ပြန်ပြီး အခြေချနေထိုင်ဖို့ အတွက်က ၀င်ငွေ၊ ထွက်ငွေမမျှတမှု အလုပ်အကိုင်တွေ အဆင်ပြေမူတွေ မရှိသေးတဲ့အတွက်နေရပ်ရင်းပြန်ဖို့ တွန့်ဆုတ် နေကြဆဲဖြစ်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

ထိုင်းနိုင်ငံမှာ တရားဝင်ကော၊ တရားမ၀င်ကော အလုပ်သမား ၃သန်းထက်မနည်းရှိနေကြတယ်လို့ နှစ်နိုင်ငံအစိုးရတွေကခန့်မှန်းထားပါတယ်။ နေစဉ်လည်း ထိုင်းနိုင်ငံထဲကိုအလုပ်လာလုပ်နေကြတာပါ။ ၂၀၁၆ခုနှစ်ကုန်ဆုံးလို့ ၂၀၁၇ခုနှစ်သစ်ကူးချိန်မှာ နေရပ်ရင်းကိုပြန်နိုင်ဖို့အတွက် က အဆင်ပြေမူ မရှိနိုင်သေးတဲ့အတွက် မြန်မာပြည်ပြန်ဖို့ အခြေချဖို့ အခြေအနေတွေ မရှိသေးဘူးလို့ ရွှေ့ပြောင်း အလုပ်သမားတဦးက ပြောပြပါတယ်။

“ဒီမှာကျတော့ သူ့နိုင်ငံရဲ့ ၀င်ငွေနဲ့ ထွက်ငွေက မျှတတယ်လေ။ သူ့နိုင်ငံက ရတဲ့ ငွေနဲ့ က အဆင့်တန်းမြင့်မြင့် မဟုတ်သော်လည်း လူတန်းစေ့အောင် သုံးနိုင်တယ်။ အဲလိုမျိုးဆိုတော့ ကိုယ့်မြန်မာပြည် အမိနိုင်ငံကိုက ခဏတာပြန်လည်ကြတာပဲရှိတယ်၊ အခြေပြန်ချဖို့ကတော့ ကျမတို့ ဒီဘက်အလုပ်လာလုပ်တဲ့ လူတော်တော်များများကတော့ မစဉ်းစားကြပါဘူး။”

မြန်မာပြည်မှာအစိုးရသစ်တက်လာပြီးတဲ့နောက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်ဖို့အတွက် ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတွေကမျှော်လင့်နေကြတာပါ ။ ဒီအတွက်နေရပ်ရင်းကို ပြန်ကြဖို့လည်းဆန္ဒတွေရှိနေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း တွေရှာဖွေနိုင်ဖို့အတွက် အဆင်မပြေနိုင်သေးတဲ့အပေါ်မှာ နေရပ်ရင်းကိုပြန်ဖို့မစဉ်းစားသေးဘူးလို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတဦးကလည်း ပြောပြပါတယ်။

“ပြန်လာခဲ့ အလုပ်ရှိတယ် ပြောပေမယ့်လည်း တကယ်တမ်းကျတော့ ခဏပဲ ပြန်ကြည့်တာတောင်မှ မဖြစ်နိုင်ဘူးပေါ့ လောလောဆယ်တော့။ အပြောနဲ့ လက်တွေ့က မဖြစ်နိုင်ဘူး ပြန်ရင်လည်း အလုပ်က ဒီမှာတော့ ပုံမှန်အလုပ်ရှိတာပေါ့နော်၊ ဟိုမှာတော့ ပုံမှန်အလုပ်မရှိဘူးလေ။ ကျမကတော့ ကိုယ့်တိုင်းကိုယ့်ပြည်ကတော့ ပြန်ချင်တာပေါ့နော် ဒါပေမယ့် လုပ်စားကိုင်စားဖို့ကတော့ အဆင်မပြေဘူး။”

အထောက်အထားရှိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာအနှိမ့်ဆုံးလုပ်အားခအဖြစ် ဘတ်ငွေ ၃၀၀ ရ၇ှိပြီး အချိန်ပိုကြေးအဖြစ် တနာရီကို ၅၆ ဘတ် ရရှိကြပါတယ်။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကတော့ တနေ့ကို ဘတ်ငွေ ၁၅၀ ကနေ ၂၈၀ လောက်ထိဝင်ငွေရရှိကြတာပါ။ ဒီအတွက်မြန်မာပြည်ကတနေ့ လုပ်အားခထက်စာရင်တော့ ဒီလုပ်အားခဟာ မိသားစုတွေရှိတဲ့သူတွေ အတွက် တော့ သင့်တင့်မျှတမူ၇ှိတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားတွေကဆိုပါတယ်။

“ကျပ် ၃၀၀၀ တောင်မှပဲ တရက်စာမရဘူးလေ၊ လူတယောက်အတွက်ဆိုရင်တော့ ၂ နှပ်စာလောက်ပဲရမယ်၊ အဲဒါမိသားစု တစုအတွက်ဆို၇င်တော့ လူ ၅ ယောက်ရှိတယ်ဆိုရင် ၅ ယောက်လုပ်မှ စားလို့ရတယ်။ ဒီမှာကတော့ ၁ ယောက်လုပ်ရင် ၃ ယောက်ကတော့ ထိုင်စားလို့ရတယ်ဆိုတော့ ဘယ်သူက ပြန်ဖို့ စဉ်းစားကြမှာလဲ။ ပြန်ဖို့ဆိုတာက လုပ်ကိုင်စားသောက်ပြီးအခြေပြန်ချကြမယ်ဆိုရင် သိပ်မစဉ်းစားကြဘူးလို့ထင်တယ်။ ကိုယ်တွေတောင်သိပ်မစဉ်းစားကြဘူး။”

ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၀စုနှစ်တခုကျော်ကတည်းက ရွှေ့ပြောင်းအလုပ်သမားတွေ နေ့စဉ်ဝင်ရောက်လာနေတာပါ ။ တရားဝင်ဝင်ရောက်သူတွေက သိန်းဂဏန်းလောက်ပဲရှိပြီး တရားမ၀င်နေထိုင်သူတွေက သန်းဂဏန်းလောက်ရှိနေတာပါ။မြန်မာပြည်လူဦးရေရဲ့ (ရ )ရာခိုင်နှုန်းခန့်ဟာ နယ်စပ်တွေကတဆင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ၀င်ရောက်အခြေချနေထိုင်နေကြပြီး တချို့ကတော့မိသားစုလိုက် အခြေချတာ တချို့ကတော့ ရွာအလိုက် လူငယ်အများစုက လာရောက်အလုပ်လုပ်ကိုင်တွေလည်းရှိနေတာပါ။တချို့လည်း မြန်မာပြည်က မိသားစုကိုငွေပြန်ပို့ပေးရတာတွေလည်းရှိပါတယ်။

ဒါပေမဲ့လည်းနှစ်သစ်ကူးလို့ တနှစ်တနှစ်သာ ပြောင်းသွားပေမယ့် စားဝတ်နေရေးနဲ့ အလုပ်အကိုင်အဆင်မပြေမူတွေရှိနေသေးတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားအများစုကတော့ နေရပ်ရင်းကိုပြန်နိုင်ဖို့ကတော့ တွန့်ဆုတ်နေကြဆဲဖြစ်ပါတယ်။

 မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဘင်္ဂလားဒေရှ့် နိုင်ငံ Cox's Bazar ဒေသအတွင်း နေထိုင်ကြသော ရိုဟင်ဂျာများ
ဘင်္ဂလားဒေရှ့် နိုင်ငံ Cox's Bazar ဒေသအတွင်း နေထိုင်ကြသော ရိုဟင်ဂျာများ

မြန်မာနိုင်ငံတွင်းကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းမှာ တရားမ၀င် နေထိုင်နေကြတဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေကို မြန်မာနိုင်ငံ ဘက်က ပြန်လည်ခေါ်ယူဖို့ အတွက် ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက တောင်းဆိုပါတယ်။

ဒီမွတ်စလင် ရိုဟင်ဂျာတွေက မြန်မာနိုင်ငံတွင်းက နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတာလို့လည်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က ပြောပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်နေတဲ့ မြန်မာနိုင်ငံဘက်က လူတွေ အဖြစ် စိစစ်ပြီးသား လူ ၂၀၀၀ လောက်ကို ပြန်ခေါ်မယ်ဆိုတဲ့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံကြား သဘောတူညီချက်က အရင် အစိုးရတွေ လက်ထက်ကတည်းက ရှိခဲ့တယ်လို့ မြန်မာသမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါပေမယ့် ဒီလူတွေ ရှိနေသေးလားဆိုတာကိုတော့ ပြန်ပြီး စိစစ်ရဦးမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ ဒီလ ၁၀ ရက်နေ့ နောက်ပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက ရိုဟင်ဂျာတွေကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ပြန်လိုစိတ်မရှိဘူးလို့ ပြောဆိုပြီး ရိုဟင်ဂျာတွေကို စာနာထောက်ထားတဲ့ နိုင်ငံတွေက သူတို့ကို ခေါ်ယူဖို့ ဒုက္ခသည် လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေက ပန်ကြားကြပါတယ်။

မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ အထူးသဖြင့် အခု သတင်းပတ်တွေ အတွင်း ဘယ်လိုမှ နေထိုင်လို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက ရိုဟင်ဂျာ လူမှု အဖွဲ့အစည်း ခေါင်းဆောင် ဖြစ်တဲ့ ကိုကိုလင်းက ဗွီအိုအေကို ပြောဆိုပြီး ရိုဟင်ဂျာတွေကို လက်မခံတဲ့ မြန်မာနိုင်ငံကို အပြန်ချင်ကြဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းက မွတ်စလင် လူမှု အသိုင်းအ၀ိုင်းက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ သတ်မှတ်ကြပေမယ့် မြန်မာ အစိုးရ အဆက်ဆက်ကတော့ ရိုဟင်ဂျာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
VOA Burmese News




နေပြည်တော် ဇန်န၀ါရီ ၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံကို မှီတင်းနေထိုင် သူများ အားလုံးနှင့် ကမ္ဘာသူ၊ကမ္ဘာသားများ အားလုံး ယခု ၂၀၁၇ ခုနှစ်တွင် နှလုံး စိတ်ဝမ်း အေးချမ်းကြစေ၊ ကောင်းကျိုးလိုရာဆန္ဒအ၀၀နှင့် ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါကြောင်း။

ကျွန်မတို့ရဲ့ သန်း ၅၀ ကျော် နိုင်ငံသူ၊ နိုင်ငံသားများကြားထဲမှာဆိုလို့ရှိရင် မြောက်များစွာသော ဆန္ဒများရှိမှာဖြစ်ပါတယ်။ ဒီဆန္ဒတွေထဲက ဘယ်ဆန္ဒတွေဟာ အဓိကအကျဆုံးလဲ၊ ဘယ်ဟာတွေကို ဦးစားပေးပြီးတော့ အကောင်အထည်ဖော်ရမလဲ ဆိုတာဟာ ပြည်သူလုထုကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ခု အတွက် အကြီးဆုံးတာဝန် တစ်ခုလည်းဖြစ်ပါတယ်။
စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။

ဘယ်ဆန္ဒတွေကို ဦးစားပေးရမလဲဆိုတာ ရွေးချယ်ဖို့ကလည်းအရေးကြီးတယ်။ ဒီဆန္ဒတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေးရမလဲဆိုတာကို ဆုံးဖြတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ တစ်ချို့က နည်းလမ်းက အရေးမကြီးဘူး၊ ကိုယ်လိုတာ ရလို့ရှိရင်ပြီးရောလို့ ထင်ကြပါတယ်။ ကိုယ်လိုရာ ပန်းတိုင်ရောက်လို့ရှိရင်ပြီးရော ဘယ်လို လမ်းကသွားရ သွားရဆိုပြီးတော့ ယူဆတဲ့သူများလည်း ရှိပါတယ်။ ကျွန်မတို့ အမြင်မှာတော့ လမ်းကမှားလို့ရှိရင် ပန်းတိုင်ရောက်တဲ့အခါမှာ ကိုယ်ထင်သလို မဟုတ်တာ ဖြစ်တတ်ပါတယ်။ လမ်းမှန်ကသွားမှသာလျှင် ကျွန်မတို့ လိုချင်တဲ့ပန်းတိုင်ကို တည့်တည့်မတ်မတ် မဟုတ်ရင်တောင်မှ မှန်မှန်ကန်ကန်နဲ့ရောက်မှာဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့ အခု ၂၀၁၇ခုနှစ်ကနေ စတင်စဉ်းစားရမှာက ကျွန်မတို့နိုင်ငံ အတွက် ဘာတွေပထမဦးဆုံး ဦးစားပေးပြီးတော့လုပ်ရမလဲဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ် တုန်းက ပြည်သူလူထုအများစုရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ စထူထောင်ကတည်းက ကျွန်မတို့အနေနဲ့ တင်ပြထားတဲ့ကိစ္စတွေရှိပါ တယ်။ ဘာတွေကို ကျွန်မတို့ ဦးစားပေးပြီးဆောင်ရွက်မလဲဆိုတာကို ကျွန်မတို့တင်ပြ ထားပါတယ်။ အဲဒီထဲမှာ အရေးကြီးဆုံးတစ်ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုတွေရဲ့ ဘ၀တိုးတက်ရေးဟာ ကျွန်မတို့ ဦးစားပေးထားတဲ့ ကိစ္စနှစ်ခုဖြစ်ပါတယ်။ ဒီနှစ်ခုကလည်း ဆက်နွယ်မှုရှိပါတယ်။ကျွန်မတို့ ရဲ့နိုင်ငံအေးချမ်းမှ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘ၀တွေဟာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဘ၀တွေတိုးတက်မှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ဒီနှစ်ခုကို အရေးကြီးဆုံး ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေ အနေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုဆိုလို့ရှိရင် ပထမနှစ်ဦးပိုင်းကနေစပြီးတော့ ကျွန်မတို့အစိုးရအဖွဲ့ တစ်နှစ် ပြည့်မယ့်အချိန်ထိ ဒီကြားထဲမှာ ၀န်ကြီးဌာန၊ အစိုးရဌာနအသီးသီးကနေပြီးတော့ တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေ၊ တစ်နှစ်အတွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားမလဲဆိုတဲ့ ကျွန်မတို့ရဲ့ ခန့်မှန်းထားတဲ့ အစီအစဉ်တွေကို နိုင်ငံကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒီလို ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေထဲမှာ ဦးစားပေး ပြီးတော့ ကျွန်မအနေနဲ့ ကိုယ်တိုင်တာဝန်ယူထားတဲ့ ကိစ္စတစ်ခုကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပါပဲ။ ကျွန်မတို့အစိုးရအဖွဲ့ ဖွဲ့ပြီးတော့ များမကြာမီ မေလမှာ စပြီးတော့ ဒုတိယ ပင်လုံညီလာခံ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပရေးအတွက် စပြီးတော့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒီလို ဒုတိယပင်လုံ ညီလာခံကြီးကျင်းပဖို့အတွက်ဆိုတာဟာ ခြေလှမ်းတွေ အများကြီး လှမ်းဖို့လိုပါတယ်။ ခြေလှမ်းအများကြီးလှမ်းဖို့ လိုတဲ့အထဲမှာတော့ တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေးကိစ္စပါပဲ။ အပစ်အခတ်ရပ်စဲပြီးမှ တကယ့်ငြိမ်းချမ်းရေးကို ကျွန်မတို့ရနိုင်မှာပါ။ ပစ်ရင်းခတ်ရင်းနဲ့ ငြိမ်းချမ်းရေးရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ့် ငြိမ်းချမ်းရေးဆိုတာဟာ ဆွေးနွေးခြင်းစကားဝိုင်းမှာထိုင်ပြီးတော့ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးခြင်းနဲ့သာ ကျွန်မတို့ရနိုင်မှာဖြစ်ပါတယ်။ ဘယ်ကမ္ဘာ့သမိုင်းရဲ့ ဘယ်အဖွဲ့ကိုပဲကြည့်ကြည့် နောက်ဆုံးကျတော့ ဘယ်လောက်ပဲစစ်ပွဲတွေ တိုက်ခိုက် တိုက်ခိုက် နိဂုံးချုပ်အဖြေကတော့ စကားပြောပြီးတော့ ရှာယူရတဲ့ကိစ္စပါပဲ။ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေယူရတဲ့ကိစ္စပဲဖြစ်ပါတယ်။

အဲ့တော့ ကျွန်မကနေပြီးတော့ ၂၀၁၇ခုနှစ်ရဲ့ အစပိုင်းဖြစ်တဲ့ ဒီနေ့မှာဆိုလို့ရှိရင် ကျွန်မတို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စကားတွေကို စချင်တယ်လို့ ကျမက ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားတွေဆိုတာဟာ အခုငြိမ်းချမ်းရေး အတွက် လုပ်ကိုင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကျွန်မတို့ အစိုးရဖက် က အဖွဲ့များ ဆွေးနွေးတာတင် မဟုတ်ပါဘူး။

ကျွန်မတို့ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ပါလာအောင်လို့ နောက်ပြီးတော့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လိုအမြင်တွေရှိလဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ်ဖို့များ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ကျွန်မတို့ သိဖို့ လိုပါတယ်။ အားလုံးလက်တွဲပြီးမှ လုပ်လို့ရှိရင် အောင်မြင်မယ့် ကိစ္စတစ်ခု ဖြစ်ပါ တယ်။

ကျွန်မတို့ ဒါကို ဆွေးနွေးဖို့အတွက်ကျတော့ ဘယ်သူတွေနဲ့ စတင်ပြီးဆွေးနွေး မလဲဆိုတာကိုစဉ်းစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံသူ/နိုင်ငံသားတွေ ဟာ အများကြီးလည်းဖြစ်တယ်။ အလွှာမျိုးုစုံလည်းဖြစ်တယ်။ တိုင်းရင်းသားလူမျိုး အမျိုး စုံလည်းဖြစ်တယ်။ အမြင်မျိုးစုံလည်းဖြစ်တယ်။ ဒီတော့ ဘယ်သူတွေအတွက် ငြိမ်းချမ်း ရေးက အရေးကြီးဆုံးလိုသလဲဆိုတော့ လူငယ်တွေအတွက် အရေးကြီးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီလူငယ်တွေက အကြာကြီး ဒီနိုင်ငံရဲ့ တာဝန်တွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားရမယ့် အချိန်တွေကို ရှေးရှုသွားရမှာပါ။

လူကြီးတွေဆိုတာကတော့ အနိစ္စသဘောတရားအရ သိပ်မကြာခင်ကာလမှာတော့ တာဝန်တွေကို ချရတော့မှာ ဖြစ်ပါတယ်။ ဆက်ပြီးတော့တာဝန်တွေ ထမ်းဆောင်ရမည့် လူငယ်တွေရဲ့အမြင် ဘယ်လိုရှိသလဲဆိုတာဟာ ကျွန်မတို့အတွက် အလွန်အင်မတန် အရေးကြီးပါတယ်။ အမှန်ပြောရရင်တော့ ကျွန်မက ဒါထက်ငယ်တဲ့ ကလေးတွေနဲ့ ကျွန်မက ဆွေးနွေးချင် တာပါ။ ဒါတော့ ပထမဦးဆုံး ကလေးတွေနဲ့ဆိုတော့ သိပ်အဆင်မပြေဘူး ထင်တယ် ဆိုပြီးတော့ လူငယ်တွေနဲ့စပြီးတော့(လုပ်တာဖြစ်ပြီး) နောင်တစ်ချိန် တစ်ခါမှာတော့ ကျွန်မကတော့ သတ်မှတ်ထားတဲ့အရွယ်အောက် ကလေးတွေနဲ့ပဲ ဆွေးနွေးတာမျိုးပဲ လုပ်ချင်ပါတယ်။ နောက်ပြီးတော့ စီးပွားရေးသမားတွေနဲ့ချည်းပဲ သပ်သပ် ဆွေးနွေး တာမျိုးပဲ လုပ်ချင်ပါတယ်။ ဒါမှ စီးပွားရေးသမားတွေရဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးအပေါ်မှာ အမြင်ကိုလည်း ကျွန်မတို့သိနိုင်မယ်။

ဘယ်လို စီးပွားရေးသမားများဟာ ၀ိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ကူညီမစ နိုင်မလဲဆိုတာလည်း ကျွန်မတို့ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင်လည်း ဥပမာဆိုရင် လူမှုအဖွဲ့အစည်းအသီးသီးတစ်ချို့၊ လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးကိစ္စတွေပဲ လုပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ဆိုရင် အမျိုးသမီးတွေရဲ့ကဏ္ဍသက်သက်၊ နောက်ပြီး တော့ ကျွန်မတို့ပညာရေးကို အထူးအလေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ဆိုလို့ရှိရင် ပညာရေးဘက်က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လိုထောက်ပံ့နိုင်မလဲစသဖြင့် အဲဒီလို ဆွေးနွေးပွဲတွေလုပ်ဖို့ အစီအစဉ်တွေရှိပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ လုပ်ခြင်းအားဖြင့် လည်း ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့လည်း ပိုင်တယ်ဆိုတဲ့ စိတ်ရှိလာအောင်လို့ပါ။ ပိုင်ဆိုင်မှုပေါ့။

အခုခေတ်မှာဆိုလို့ရှိရင် နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့ စကားလုံးတစ်ခု၊ အသုံးအနှုန်းတစ်ခုက ownership ပိုင်ဆိုင်မှုပါ။ အဲ့တော့ ကျွန်မတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာဟာ တစ်နိုင်ငံလုံးရဲ့ ပိုင်ဆိုင်မှု national ownership ဖြစ်ရမှာပါ။ ကျွန်မတို့ အားလုံးပိုင်ဆိုင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ပိုင်ဆိုင်တယ်ဆိုတာ ကိုယ်လုပ်ချင် တိုင်း လုပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ ပိုင်ဆိုင်လို့ တာဝန်ယူရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အကျိုးကိုလည်း ခံစားရမယ်၊ အကျိုးခံစားဖို့ အတွက်လည်း ကျွန်မတို့မှာ ကြိုးစားဖို့တာဝန်ရှိတယ်ဆိုတဲ့ သဘောပါပဲ။
အဲ့တော့ အခုလို နှစ်တစ်နှစ် စပြီးတော့ ဖွင့်ပြီဆိုလို့ရှိရင် ကျွန်မတို့အားလုံးဟာ အားတက်သရောလုပ်ဖို့ ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားပေးကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆုမွန်ကောင်းတွေ တောင်းပေးကြပါတယ်။ ဒါပေမယ့် ဆုတောင်းရတာ လွယ်တယ်။ ဆုတောင်းတွေ ပြည့်အောင်လုပ်ဖို့ ဆိုတာကတော့ မလွယ်ပါဘူး။ ဆုတောင်းရင် တကယ်ပဲပြည့်ဖို့ ဆိုတာထက် ကိုယ်တောင်းတဲ့ဆုရဲ့ အကျိုးတွေဟာ ကောင်းရမယ်ဆိုတာ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ ကောင်းကျိုးလိုရာ ဆန္ဒအ၀၀နဲ့ ပြည့်စုံပါစေလို့ ဆုပေးတာဖြစ်ပါတယ်။

တစ်ခါတစ်လေ ကိုယ်တောင်းတဲ့ဆုတွေက တကယ်ပြည့်တဲ့အခါကျတော့ ကိုယ် ထင်သလို မဟုတ်ပါဘူး။ တချို့က လူတွေက ဆုတောင်းတယ်ဆိုတာ ကိုယ်လိုချင်တာ ရလို့ရှိရင် ကိုယ်စိတ်ချမ်းသာမှာပဲဆိုတဲ့အမြင်နဲ့ ဆုတောင်းကြပါတယ်။ တစ်ခါတစ်လေ ကျတော့ ဆုတောင်းလည်းပြည့်သွားရော ကိုယ်ထင်သလို မဟုတ်ဘဲနဲ့ ၀မ်းမသာရတဲ့ အပြင် ၀မ်းနည်းရတာတွေ သောကဖြစ်ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများဟာ သေသေချာချာ စဉ်းစားရမှာပါ။ ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့ ဘာလိုချင်လဲ၊ ဘာလိုအပ်သလဲ၊ ကျွန်မတို့ ဘယ်လိုနိုင်ငံကြီးမှာ နေချင်သလဲ။ ကျွန်မတို့ရဲ့ သားစဉ်မြေးဆက်ကို ဘယ်လိုနိုင်ငံမှာ နေစေချင်သလဲဆိုတာတွေကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှသာလျှင် ကျွန်မတို့နိုင်ငံဟာ အောင်မြင်နိုင်မှာပါ။ ရေတို ငါဒီနှစ်တော့ ငါဒါရမှဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်လို့ ကတော့ ကျွန်မတို့နိုင်ငံရဲ့ ရှေ့ရေးအတွက် အကျိုးပြုမှာမဟုတ်ပါဘူး။

ဒီနေ့ဆွေးနွေးပွဲဟာ လူငယ် ၁၈ ယောက်နဲ့ပဲဖြစ်ပါတယ်။ အွန်လိုင်းက မေးခွန်း အချို့ကိုလည်း လက်ခံမယ်လို့ စဉ်းစားထားပါတယ်။ အချိန်ရှိတာပေါ်မှာ မူတည်ပါတယ်။ ၁၈ ယောက်ဆိုတာကတော့ ကျွန်မတို့တစ်နိုင်ငံလုံးမပြောနဲ့ လူငယ်စုအားလုံး ကိုတောင် မှ ပြည့်ပြည့်၀၀ ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒါအ အစပေါ့။ ကျွန်မတို့ အထဲမှာလည်း တူညီတာတွေအများကြီးရှိပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာ ကလည်း လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခုက ကျွန်မတို့ထဲမှာ တူညီတဲ့ကိစ္စတွေ အများကြီးရှိတယ်ဆိုတာက ပေါ်လွင်စေချင်လို့ပါ။ ၁၈ ယောက်ပြောတဲ့ကိစ္စတွေဟာ ဒီလို လူငယ် ၁၈ ယောက်ရဲ့ အတွေးအခေါ်၊ စိုးရိမ်မှု၊ မျှော်လင့်မှု၊ ပူပန်မှု၊ ဒါတွေဟာ လူငယ် အများကြီးရဲ့ စိတ်ထဲမှာရှိတဲ့ စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ထပ်တူထပ်မျှ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အဲ့တော့ အချင်းချင်းကြားမှာ ပိုပြီးတော့ သွေးစည်း ညီညွတ်တဲ့ အနေအထားကိုလည်း ဖြစ်သွားစေချင်ပါတယ်။
ဒီမနက်ဆိုလို့ရှိရင် ကျွန်မတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေး ဗဟိုဌာနကို ဖွင့်ဖြစ်ပါတယ်။ အဲ့တော့ ဒီလိုဖွင့်လိုက်တဲ့အခါမှာ ကျွန်မကနေပြီးတော့ ကျွန်မတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ခွဲခြားလို့ မရဘူး ဆိုတာကိုလည်း ကျွန်မတို့ ပြည်သူပြည်သားတွေကို သတိပေးခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာဟာ အပစ်အခတ်ရပ်စဲရေးနဲ့လည်း မပြီးပါဘူး။ ရေရှည်ငြိမ်းချမ်းရေး ဆိုတာဟာ ကျွန်မတို့ အချင်းချင်းကြားမှာ သင့်မြတ်မှ ဖြစ်မှာဖြစ်ပါတယ်။ တချို့က ဆိုလို့ရှိရင် ရင်ကြားစေ့ရေးလို့ပြောတယ်၊ တချို့ကတော့ သင့်မြတ်ရေးလို့ပြောတယ်။ ဘယ်လိုပဲ ပြောပြော အဓိကက ဘာလဲဆိုတော့ ကျွန်မတို့ကြားထဲမှာ ပဋိပက္ခဖြစ်စေတဲ့ ကွဲပြားမှုတွေ၊ ကွာခြားမှုတွေကို စစ်ပေးဖို့ပါပဲ။ ဒီကွာခြားမှုတွေကို ပပျောက်သွားအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအဖြေကို ရှာတဲ့အခါမှာ အားလုံးက ၀ိုင်းဝန်းပြီးတော့ ပါကြ မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မတို့အစိုးရသစ်ဟာ ပြည်သူလူထုကို မတည်နိုင်တဲ့ကတိတွေ ဘယ်တုန်းကမှ လဲ မပေးခဲ့ပါဘူး။ ပေးခဲ့တဲ့ကတိတွေလေးတွေကလဲ ခပ်ရိုးရိုးသားသား ကတိလေးတွေ ပေးခဲ့ပါတယ်။ အဲ့ဒါလည်း ကျွန်မတို့တည်ခဲ့ပါတယ်။ ထပ်ပြီးတော့လည်း တည်အောင်လို့ လုပ်သွားမှာပါ။ အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ ယုံကြည်မှု ရှိဖို့ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲနဲ့ တိုးတက်မှု မရှိနိုင်ပါဘူး။ ကတိတွေ ကြီးကြီးမားမား ကြီးပေးပြီးတော့ နောက်တစ်နေ့မှာ ဖျက်လိုက်လို့ရှိရင် ဘာမှအကျိုးကောင်း မဖြစ်နိုင် ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ မဖြစ်နိုင်တဲ့ကိစ္စတွေကို ပြည်သူကိုလည်း ကျွန်မတို့ ကတိမပေးပါဘူး။ ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ်နဲ့ ဆက်ဆံပါမယ်ဆိုတာ ပြောပြီးတော့ ဒီအစိုးရတာဝန်ကို ယူခဲ့တာဖြစ်ပါတယ်။

အခုထိလည်း ကျွန်မတို့ရဲ့ အစိုးရတာဝန်ထမ်းဆောင်ခဲ့တဲ့ ၉ လ အတွင်းမှာ ပြည်သူကို ပျက်ပြားခဲ့တာ မရှိပါဘူး။ ပြည်သူကိုပေးခဲ့တဲ့ ကတိတွေ ကျွန်မတို့ပျက်ပြား ခဲ့တာ မရှိပါဘူး။ ကျွန်မတို့ ဖြစ်စေချင်သလောက် ၉ လ အတွင်းမှာ ဖြစ်ခဲ့သလား ဆိုတော့ တစ်ချို့ဟာတွေကတော့ မျှော်မှန်းသလောက်မဖြစ်ပေမယ့် တစ်ချို့ကိစ္စတွေ မှာတော့ မမျှော်မှန်းဘဲနဲ့လည်း တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ တခြားနိုင်ငံက သံတမန်များ၊ တခြားဒီမိုကရေစီ အပြောင်းအလဲကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံက သံတမန်များနဲ့ ဆွေးနွေးတဲ့အခါကျတော့ သူတို့အနေနဲ့ကတော့ ကျွန်မတို့ရဲ့ တိုးတက်မှုတွေကို အားရတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ အတွေ့အကြုံအရဆိုလို့ရှိရင် အပြောင်းအလဲတစ်ခုဟာ စပြီးတော့ တကယ်အရှိန်အဟုန်ရဖို့ဆိုတာ နှစ်နဲ့ ချီပြီးတော့ လုပ်ယူရပါတယ်။ ကျွန်မတို့ရဲ့ အခု ၉ လအတွင်း လုပ်ဆောင်ချက်တွေကို သူတို့ရဲ့ အမြင်မှာတော့ အားရတယ်လို့ ဆိုပါတယ်။ ဒီလိုပြောတော့လည်း ကျွန်မတို့ အတွက် လည်း အားတက်စရာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ့်တော့ ကျေနပ်နေလို့ မဖြစ်ဘူး။ အမြဲတမ်း ထပ်ပြီးတော့ သွားနေတယ်၊ ထပ်ပြီးတော့ လုပ်နိုင်တယ်၊ ထပ်ပြီးတော့ ကြိုးစားနိုင်တယ်ဆိုတဲ့စိတ်တွေ အပြည့်အ၀နဲ့ ဆက်ပြီးတော့ လုပ်သွားပါမယ်။ ကျွန်မတို့ ဘာပဲလုပ်လုပ် ကောင်းသောအစိုးရများရဲ့ အခြေခံဖြစ်တဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ မှုဆိုတဲ့ မူနှစ်ခုကိုတော့ ဆက်လက်ပြီးတော့ ဆုပ်ကိုင်သွားပါမယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ် ပါတယ်။
အားလုံး ၂၀၁၇ ခုနှစ်မှာ ကျန်းမာ ချမ်းသာကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ရ ပါတယ်။

ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လူငယ်များက ငြိမ်းချမ်းအရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ လုပ်ပိုင်ခွင့်ပိုမိုရရှိရေး၊ ပြည်ထောင်စုစိတ်ဓာတ်ထား ရှိရေး၊ မတူကွဲပြားမှုကနေ ညီညွတ်မှု တည်ဆောက်နိုင်ရေး၊ ပြည်တွင်းစစ်ကြောင့် ရရှိခဲ့ သည့် စိတ်ဒဏ်ရာများကုစားနိုင်ရေး၊ ပြည်သူလူထုကို ဗဟိုပြုသည့် တရားဥပဒေဖြင့် အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်များပါဝင်ရေး၊ စစ်ကြောင့် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအား ကူညီစောင့်ရှောက်ရေးစသည့်ကိစ္စများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူငယ်များက ဂါရ၀ပြု ပေးအပ်သော အမှတ်တရပန်းစည်းလက်ဆောင်အား လက်ခံပြီး လူငယ်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်သည်။
အဆိုပါ စကားဝိုင်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြု လူငယ် ၁၆ ဦး၊ မသန်စွမ်းကိုယ်စားပြု လူငယ် ၁ ဦး၊ အမျိုးသမီးကိုယ်စားပြု လူငယ် ၁ ဦး တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Myanmar State Counsellor Office



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များရဲ့ငြိမ်းချမ်းရေးစကားဝိုင်းကို နေပြည်တော် MICC ( 2 )မှာ ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်နေစဉ်။ Photo: Win Naung Toe/ RFA
စစ်ပွဲတွေရပ်ပေးဖို့အတွက် များများပြောပေးကြဖို့ လိုအပ်ကြောင်းနဲ့ တချို့က နားလေးတဲ့အတွက် များများပြောပေးမှ ကြားမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ တိုင်းနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ လူငယ် ၁၈ ဦးနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ တက်ရောက်ဆွေးနွေးတဲ့အထဲက ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြုလူငယ်တစ်ဦးက စစ်ပွဲတွေ မရပ်ပဲနဲ့ ငြိမ်းချမ်းရေးဆိုတာ ရလာမှာမဟုတ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းက အဖြစ်အပျက် တစ်ခုကို ဥပမာပေးပြီး ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာဖြစ်ပါတယ်။

လူငယ်တွေကြားမှာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို ဘယ်လောက်အထိ နားလည်ကြသလဲနဲ့ ဆွေးနွေးဖြစ်ကြ သလားဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မေးခွန်းမေးပြီး ဦးတည်ဆွေးနွေး ကြတာဖြစ်ပါတယ်။

အင်အားနည်းသူတွေ လူနည်းစုတွေ တာဝန်မသိတာဟာ သက်ရောက်မှု နည်းပေမယ့် အင်အားကြီးမားသူတွေ တာဝန်မသိရင် သက်ရောက် မှုကြီးကြောင်းလည်း ပြောပါတယ်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်ဖို့အတွက် အားလုံးက ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

ဆွေးနွေးမှုထဲမှာ ပါလာတဲ့ အချက်တွေအရ မြန်မာနိုင်ငံပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို လည်း ထောက်ပြဆွေးနွေးကြပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အရင်ကလို အမှတ်နဲ့ ဆုံးဖြတ်တဲ့ စနစ် မဟုတ်တော့ပဲ အဆင့် အေဘီစီနဲ့ ဆုံးဖြတ်တဲ့စနစ်ကိုသွားဖို့ ပြင်ဆင်နေကြောင်း အဲဒီလို ပြောင်းလဲမှု ကို ကျောင်းသူ ကျောင်းသားတွေက လက်ခံပေမယ့် မိဘတွေက မကြိုက်ကြဘူးလို့သိရကြောင်း လည်း ပြောပါတယ်။

လူငယ်တွေနဲ့ စကားဝိုင်းမစခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းပြည်ကို နှစ်သစ်ကူး ဆုတောင်း စကားပြောကြားခဲ့ပါတယ်။

BBC Burmese
http://www.rfa.org/burmese



ဆူးလေဘုရားအနီးရှိ ရန်ကုန်မြို့၏ ညမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)
   ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

    နိုင်ငံတကာ မြို့ကြီးများ၌ ဖောက်လုပ်ထားသော မြေအောက်ရထားလမ်းနှင့် ကားလမ်းများကဲ့သို့ ရန်ကုန်မြို့၌လည်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါ ဖောက်လုပ်မှု အတွက် Master Plan ရေးဆွဲထားကြောင်း၊ ယင်းအတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်စေရန် အနှစ် ၂ဝ၊ ၂၅ နှစ် ရေရှည် စီမံကိန်းများ ရေးဆွဲထား သကဲ့သို့ မြေအောက်လမ်းများ ဖောက်လုပ်ရာတွင် မြစ်ဖြတ်ကားလမ်း ဖောက်လုပ်မည့် နေရာ၊ မြေပေါ် မီးရထားလမ်းများနှင့် မြေအောက် ကွန်ရက်များ ချိတ်ဆက်မည့် နေရာများ တည်ဆောက်ရာတွင် ဘူမိ အင်ဂျင်နီယာ နည်းပညာ အသုံးပြုမည် ဖြစ်ကြောင်း၊ ယင်း နည်းပညာကို အသုံးပြု၍ ရန်ကုန်မြို့၏ လက်ရှိ အခြေအနေကို ပကတိ အရှိအတိုင်း ကွန်ပျူတာဖြင့် ပုံစံငယ် ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် Master Plan တွင် မြေအောက်လမ်းများ ဖောက်လုပ်ရာ၌ ဆောင်ရွက်ရမည့် အချက်များ၊ မြေပေါ်ရှိ ဥပမာ- အဆောက်အအုံများနှင့် လွတ်ကင်းမှု ရှိ၊ မရှိ စသည်ဖြင့် နှစ်ရှည် စီမံကိန်း ကြိုတင်ရေးဆွဲ ထားခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် လူဦးရေ ၁ဝ သန်းခန့် ဖြစ်လာနိုင်မည် ဆိုပါက လမ်းများ မလုံလောက်ခြင်းနှင့် သွားလာရေးများ ခက်ခဲလာနိုင်သည့် အတွက် မိုးပျံလမ်းများနှင့် မြေအောက်လမ်းများ ဖောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုကဲ့သို့ စီစဉ်ထားမှုတွင် ရထားလမ်းပိုင်းများကို မြေအောက် ရထားလမ်း (Sub-way) များ ဖောက်လုပ်မည် ဖြစ်ပြီး ကားလမ်းများအတွက် မြေအောက် ဥမင်လိုဏ်ခေါင်းများ (Long Tunnel) ဖောက်လုပ် ဆက်သွယ်သွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

 (Xinhua)
http://www.xinhuamyanmar.com



မီးလောင်ပျက်ဆီးသွားတဲ့ အင်းမမြို့အောင်မင်္ဂလာဈေးက ဆိုင်ခန်းတွေကို ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Yan Way Aung/ Facebook
ပဲခူးတိုင်းဒေသကြီး အင်းမမြို့ သီရိရတနာရပ်ကွက်က ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိတဲ့ အောင်မင်္ဂလာဈေးမှာ မနေ့ညက မီးလောင်မှုကြောင့် ဆိုင်ခန်း ၈၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။

ပဲခူးတိုင်း မီးသတ်ဦးစီးဌာနက မီးလောင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ကျပ်သိန်း ၂၀ ကျော်လို့ တွက်ချက် ထားပေမယ့် ပျက်စီးခဲ့တဲ့ ဆိုင်ခန်းတစ်ခန်းရဲ့ တန်ဖိုးက အနည်းဆုံး ကျပ် ၁၅ သိန်းဝန်းကျင် ရှိတယ်လို့ အဲဒီဈေးမှာ ဖုန်းဟန်းဆက်အရောင်းဆိုင်နဲ့ မိတ္တူဆိုင်တွဲဖွင့်ထားတဲ့ ကိုရန်ဝေးအောင်က ပြောပါတယ်။

"ဆိုင်ခန်းတစ်ခန်းဆိုရင် အနည်းဆုံးပါတဲ့ ဆိုင်ခန်းက ၁၀ သိန်း ၁၅ သိန်းအဲ့လောက်ပါသွားမယ်၊ တစ်ချို့ဆိုင်ခန်းတွေဆို သိန်းရာချီရင်းထားတာလည်းရှိတယ်၊ နယ်မြို့ဆိုတော့ မီးသတ်ကား အားနည်းချက်ရှိတာရယ် ရုတ်တရက်ဖြစ်သွားတော့ စိတ်ထဲမကောင်းဘူး၊ပျက်စီးဆုံးရှုံးမှုက ဈေးသူဈေးသားတွေ အတွက် တော်တော်ကြီးမားတယ်၊လောလောဆယ် ပြန်ပြီးနလန်ထဖို့လည်း သူတို့အတွက်မလွယ်ကူဘူး အဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်"

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီခွဲမှာ ဈေးအရှေ့ဘက်တန်း အထည်ဆိုင်တစ်ဆိုင်ကနေ မီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သဲကုန်း၊ အင်းမ၊ နတ်တလင်း၊ ပြည် စတဲ့ မြို့နယ်တွေက မီးသတ်ယာဉ် ၁၄ စီးနဲ့ တစ်နာရီနီးပါးအကြာမှာ မီးငြိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အထည်ဆိုင် ၁၆ ဆိုင်၊ ကုန်စိမ်းဆိုင် ၅၃ ဆိုင်၊ အခြားဆိုင်ခန်း ၁၇ ခန်း မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ အောင်မင်္ဂလာဈေးကို ပိတ်ထားပြီး အသားငါး ရောင်းချတဲ့ ဈေးသည်တွေက ဈေး အပြင်ဘက်လမ်းတွေမှာ ရောင်းချနေကြတယ်လို့သိရပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို အခုချိန်ထိ စစ်ဆေးနေဆဲဖြစ်တယ်လို့ ပဲခူးတိုင်းမီးသတ်ဦးစီးဌာနက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese



 သေနတ်သမား တစ်ယောက်တည်းက ကျုးလွန်တာလို့ တူရကီပြော
အစ္စတန်ဘူလ် မြို့က နာမည်ကြီး နိုက်ကလပ် တစ်ခုမှာ နှစ်သစ်ကူးည ပျော်ရွှင် မြူးတူး နေသူတွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့သူကို တူရကီရဲ တွေ ပိုက်စိတ်တိုက် ရှာဖွေ နေကြပါတယ်။

Reina ရေနာ ဆိုတဲ့ နိုက်ကလပ်ထဲ သေနတ်သမား လက်ချက်ကြောင့် လူ ၃၉ ယောက် သေဆုံး ခဲ့ရပြီး၊ အဲဒီထဲက အနည်းဆုံး ၁၅ ယောက်ဟာ နိုင်ငံ ခြားသားတွေ ဖြစ်တယ်လို့ တူရကီ ပြည်ထဲရေး ဝန်ကြီး ဆူလေမန် ဆွိုင်လူး က အတည်ပြု ပြောပါတယ်။

ဒဏ်ရာရသူ အယောက် ၇ဝ ဝန်းကျင်ကိုလည်း ဆေးရုံတင် ကုသ ပေးနေ ရပါတယ်။

သေနတ်သမား တစ်ယောက်ထက် ပိုနိုင်တယ် ဆိုပြီး အစောပိုင်းက ထွက်လာတဲ့ သတင်းတွေ ကိုတော့ ဝန်ကြီး ဆွိုင်လူးက ငြင်းပယ်ပါတယ်။

အစ္စတန်ဘူလ် နိုက်ကလပ် တိုက်ခိုက် ခံခဲ့ရတဲ့ ဖြစ်ရပ် အပေါ် နိုင်ငံတကာက ပြင်းပြင်း ထန်ထန် ရှုတ်ချ နေပါတယ်။

နှစ်သစ်ကူးပွဲ ဆင်နွှဲနေတဲ့ အရပ်သားတွေကို သတ်ဖြတ်တာလောက် ရက်စက် ကြမ်းကြုတ်တာ မရှိဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ထိတ်လန့် ကြောက်ရွံ့စဖွယ် အကြမ်းဖက် လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုကလည်း ပြောပါတယ်။

တူရကီ နိုင်ငံရဲ့ ထိပ်တန်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မာမက် ဂေါမက်ဇ် ကလည်း ဒီလုပ်ရပ်ဟာ လူသား မျိုးနွယ် တစ်ခုလုံး အပေါ် တိုက်ခိုက် ကျူးလွန်တာ ဖြစ်တယ်လို့ ပြစ်တင် ပြောဆို ပါတယ်။

BBC Burmese
http://www.bbc.com/burmese